လူသတ်မှုတရားခံရဲ့ မျက်နှာနဲ့ တူနေတယ်ဆိုပြီး AI စနစ်က မှားယွင်းဖော်ပြလို့ သိပ္ပံပညာရှင်တစ်ဦး ၁၀ လကြာ ထိန်းသိမ်းခံရ

13.12.23-yyl-19.jpg

လွန်ခဲ့တဲ့ နှစ် ၂၀ ကျော်က လူသတ်မှုတရားခံရဲ့ မျက်နှာနဲ့ တူနေတယ်ဆိုပြီး AI စနစ်က မှားယွင်းဖော်ပြခဲ့တာကြောင့် ရုရှား ရေရင်းမြစ်ပညာရှင်တစ်ဦးဟာ ထောင်ထဲမှာ ၁၀ လကြာ ထိန်းသိမ်းခံခဲ့ရပါတယ်။

ရုရှားနိုင်ငံ ကုန်းတွင်းရေရင်းမြစ်ဆိုင် သိပ္ပံအကယ်ဒမီရဲ့ ပညာရှင် အလက်ဇန္ဒားတက်ကော့ဗ်ဟာ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလက ခရက်စ်နိုယာ့စ်မြို့ကို အလုပ်ကိစ္စနဲ့သွားမယ့်အချိန် လေယာဉ်ပေါ်ကနေ ခေါ်ဆောင်ထိန်းသိမ်းခံခဲ့ရတာပါ။

သူနဲ့ ကြံရာပါတစ်ဦးဟာ ၂၀၀၂ ခုနှစ် သြဂုတ်လက မော်စကိုမြို့မှာ အနည်းဆုံး လူနှစ်ဦးကို သတ်ခဲ့တယ်လို့ စုံစမ်းစစ်ဆေးသူတွေက စွပ်စွဲခဲ့တာပါ။ အခင်းဖြစ်ပွားချိန်မှာ တက်ကော့က သူတို့နဲ့အတူ ရှိနေတယ်လို့ အခြားသိပ္ပံပညာရှင်တွေက ထွက်ဆိုပေးခဲ့ပေမဲ့ စုံစမ်းစစ်ဆေးသူတွေက လက်မခံခဲ့ပါဘူး။

တက်ကော့ရဲ့မျက်နှာဟာ မျက်မြင်သက်သေတစ်ဦး ဆွဲထားပေးတဲ့ တရားခံမျက်နှာပုံကြမ်းနဲ့ ၅၅ ရာခိုင်နှုန်းတူနေတယ်လို့ AI စနစ်က ဖော်ပြခဲ့တာပါ။ လူသတ်မှုမှာ (တက်ကော့နဲ့အတူ ကြံရာပါအဖြစ် ပါဝင်ခဲ့တယ်)ဆိုသူက လူသတ်ခဲ့တယ်လို့ ဖြောင့်ချက်ပေးခဲ့ပြီး တက်ကော့နဲ့ ပတ်သက်တဲ့ကိစ္စ အများအပြားကို ထွက်ဆိုခဲ့ပါတယ်။ ဒါပေမဲ့ သူ့ရဲ့ထွက်ဆိုချက်တွေဟာ ပကတိအခြေအနေနဲ့ ဆန့်ကျင်ကွဲလွဲခဲ့ပါတယ်။

တက်ကော့က လူသတ်တရားခံ မဖြစ်နိုင်ဘူးဆိုတဲ့ သက်သေအထောက်အထား အများအပြားရှိနေပေမဲ့ အာဏာပိုင်တွေကတော့ သူ့ကို ပြန်လွှတ်ပေးခဲ့ခြင်းမရှိပါဘူး။ ဒီသတင်းဟာ ရုရှားနိုင်ငံမှာ လပေါင်းများစွာ ပျံ့နှံ့ခဲ့ပြီး အခုလအစောပိုင်းမှာတော့ တက်ကော့ ပြန်လွတ်လာခဲ့ပါတယ်။ ဒီဖြစ်ရပ်မှာ ရုရှားသမ္မတ ပူတင်ကိုယ်တိုင် ကြားဝင်ခဲ့ပြီး AI စနစ်မှာ ရှုပ်ထွေးမှုတွေ ရှိနေလို့ လွဲချော်တိမ်းစောင်းမှုတွေ ရှိလာရင် လူသားတွေ ကိုယ်တိုင် ဆုံးဖြတ်ပေးရလိမ့်မယ်လို့ မှတ်ချက်ပေးခဲ့ကြောင်း သတင်းတွေမှာ ဖော်ပြပါတယ်။ ဒါပေမဲ့ အခုချိန်ထိတော့ တက်ကော့အပေါ် စွဲချက်တင်ထားတာတွေကို တရားဝင် ပြန်ရုပ်သိမ်းပေးခြင်း မရှိသေးပါဘူး။

Ref: Scientist Spends 10 Months in Prison After AI System Wrongly Identifies Him as Murderer

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top