သိပ္ပံပညာရှင်တွေဟာ လူ့မစင်ကို အသုံးပြုပြီး ပုံမှန်သုံးနေကြ ကွန်ကရစ်ထက် ၄၂ ရာခိုင်နှုန်း ပိုခိုင်ခံ့တဲ့ ကွန်ကရစ်ကို ထုတ်လုပ်နိုင်ခဲ့ပါတယ်။
Manipal University Jaipur မှ မြို့ပြအင်ဂျင်နီယာ တိုင်ဝါရီ ဦးဆောင်တဲ့ သုတေသီတွေဟာ စွန့်ပစ်ရေသန့်စင်စက်ရုံမှ ရရှိတဲ့ အညစ်အကြေးအနှစ်တွေကို အောက်ဆီဂျင်မဲ့ အပူပေးခြင်းကနေ ဘိုင်အိုချာ (biochar) ဆိုတဲ့ အမှုန့်နု ပြောင်းလဲထုတ်လုပ်ပါတယ်။
ပုံမှန်သုံးနေကြ ဘိလပ်မြေနဲ့ ဘိုင်အိုချာကို ၁၀ ပုံ ၁ ပုံ ရောစပ်ပြီး ၉၁ ရက်ကြာ အခြောက်ခံပြီးနောက် ဖိအားဒဏ်ခံနိုင်ရည် (compressive strength) ၂၁ ရာခိုင်နှုန်း၊ ကွေးညွတ်မှုဒဏ်ခံနိုင်ရည် (flexural strength) ၄၂ ရာခိုင်နှုန်း ပိုကောင်းတဲ့ ကွန်ကရစ်အရောအနှောကို ဖန်တီးနိုင်ခဲ့တာပါ။
ဘိုင်အိုချာရဲ့ ဖွဲ့စည်းပုံမှာ အပေါက်ငယ်တွေ ပါဝင်ပြီး အတွင်းပိုင်းမှာ ရေလှောင်ကန်လို လုပ်ဆောင်ပေးတာကြောင့် ကွန်ကရစ် မာခဲစေဖို့ အထောက်အပံ့ ဖြစ်စေပြီး စိုထိုင်းဆကို တဖြည်းဖြည်းချင်း ထုတ်လွှတ်ပေးပါတယ်။
ကမ္ဘာတစ်ဝန်း ဘိလပ်မြေထုတ်လုပ်မှုကြောင့် ထွက်ရှိတဲ့ ကာဗွန်ဓာတ်ငွေ့ဟာ ကမ္ဘာ့ CO2 ထုတ်လွှတ်မှုအားလုံးရဲ့ ၄ ရာခိုင်နှုန်းကနေ ၈ ရာခိုင်နှုန်းခန့်အထိ ရှိနေပြီး အခု ရှာဖွေတွေ့ရှိမှုဟာ သဘာဝပတ်ဝန်းကျင်အတွက် အကျိုးသက်ရောက်မှု ကြီးမားပြီး ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှုကို လျှော့ချပေးနိုင်မှာ ဖြစ်ပါတယ်။
လူ့မစင်ကနေ ထုတ်လုပ်ထားတဲ့ ဘိလပ်မြေဟာ အပူချိန် သုညမှတ်အောက် အခြေအနေနဲ့ ဆားငံဓာတ် ထိတွေ့မှုတွေကို ခံနိုင်ရည် ရှိ၊ မရှိနဲ့ပတ်သက်ပြီး နောက်ထပ်သုတေသနတွေလုပ်ဖို့တော့ လိုအပ်နေပါသေးတယ်။
Ref: Scientists have turned human waste into concrete that is up to 42% stronger than traditional mixtures.
NZ (ရိုးရာလေး)

