“Hero for the Ages” ဆုနဲ့ ဂုဏ်ပြုချီးမြှင့်ခံခဲ့ရတဲ့ ချက်ဒ်ဝစ် ဘို့စ်မန်း

7-11-2020-yyl-005.jpg

ကင်ဆာရောဂါနဲ့ ကြွေလွင့်သွားခဲ့ရတဲ့ Black Panther ဇာတ်ကောင်မင်းသား ချက်ဒ်ဝစ် ဘို့စ်မန်းဟာ MTV Movie & TV Awards: Greatest of All Time ဆုပေးပွဲမှာ “Hero for the Ages” အဖြစ် ဂုဏ်ပြုချီးမြှင့်ခံခဲ့ရပါတယ်။ မနေ့က (ဒီဇင်ဘာ ၆ ရက်နေ့) ထုတ်လွှင့်ခဲ့တဲ့ ဒီဆုပေးပွဲမှာ ဒီဆုကို ကြေညာပြီး ပေးအပ်သွားခဲ့တာဖြစ်ပါတယ်။

ဒီဆုဟာ အပြင်မှာလည်း တကယ့်ဟီးရိုးဖြစ်ခဲ့တဲ့ ဇာတ်ကားထဲက ဟီးရိုးဇာတ်ကောင်မင်းသားတွေကို ဂုဏ်ပြုချီးမြှင့်တဲ့ ဆုဖြစ်ပါတယ်။ Marvel မိသားစုတွေဖြစ်တဲ့ ဒွန်ချက်ဒလေ (Don Cheadle)နဲ့ ရောဘတ် ဒေါင်းနီ ဂျူနီယာ (Robert Downey Jr.) တို့က ချက်ဒ်ဝစ်အတွက် ဒီဆုကို ပေးအပ်ခဲ့တဲ့အပြင် အောက်မေ့သတိရတဲ့စကားတွေလည်း ပြောခဲ့ကြပါတယ်။ မင်းသမီး ဗန်နက်ဆာဟက်ဂျန်စ် (Vanessa Hudgens) တင်ဆက်ပေးခဲ့တဲ့ မိနစ် (၉၀) စာ ဆုပေးပွဲမှာ ၁၉၈၀ ပြည့်နှစ်ကနေ ဒီနေ့အထိ ဇာတ်ကားနဲ့ တီဗီတွေက အကြီးအကျယ်ဆုံးနဲ့အကောင်းဆုံးအမှတ်တရအခိုက်အတန့်တွေကို ဂုဏ်ပြုချီးမြှင့်ခဲ့တာဖြစ်ပါတယ်။

သြဂုတ်လမှာ ကင်ဆာရောဂါနဲ့ သေဆုံးသွားခဲ့တဲ့ ချက်ဒ်ဝစ် ဘို့စ်မန်းက Persons Unknown တီဗီဇာတ်လမ်းတွဲမှာ အဓိကဇာတ်ရုပ်အနေနဲ့ ပထမဆုံးပါဝင်ခဲ့ရတာပါ။ အဲဒီနောက် ၂၀၁၃ခုနှစ်မှာ ဘေ့စ်ဘော ကစားသမားဂျက်ကီ ရောဘင်ဆန်အဖြစ် ပါဝင်ခဲ့တဲ့ 42 ဇာတ်ကားဟာ အောင်မြင်မှုရရှိခဲ့ပါတယ်။ Get On Up, Marshall ဇာတ်ကားတွေမှာလည်း ပါဝင်ခဲ့ပါတယ်။ ချက်ဒ်ဝစ်က Black Panther ဇာတ်ကားမှာ ပါဝင်ပြီးတဲ့နောက်မှာတော့ Marvel Cinematic Universeရဲ့ ပထမဆုံးလူမည်းစူပါဟီးရိုးအဖြစ် သမိုင်းတွင်ခဲ့ပါတယ်။ Black Panther ဇာတ်ကားဟာ အကယ်ဒမီဆု ၇ ဆု ဆန်ကာတင်စာရင်းဝင်ခဲ့ပါတယ်။

ချက်ဒ်ဝစ်က Blank Panther ဇာတ်ကားအပြင် Avengers: Infinity War နဲ့ Avengers Endgame တို့မှာလည်း ပါဝင်ခဲ့ပါတယ်။ မကြာသေးခင်က Netflix မှာ ပြသသွားခဲ့တဲ့ Da 5 Bloods ဇာတ်ကားမှာလည်း ချက်ဒ်ဝစ်ကို မြင်တွေ့ရမှာဖြစ်ပါတယ်။ သူ မသေဆုံးခင် နောက်ဆုံးသရုပ်ဆောင်သွားခဲ့တဲ့ဇာတ်ကားကတော့ Ma Rainey’s Black Bottom ဖြစ်ပါတယ်။ချက်ဒ်ဝစ်ကို လွမ်းဆွတ်သတိရနေတဲ့ပရိသတ်တွေလည်း ဒီဇာတ်ကားကို Netflix ကနေ ဒီဇင်ဘာ ၁၈ ရက်နေ့မှာ ကြည့်ရှုရမှာဖြစ်ပါတယ်။

Ref: Chadwick Boseman to be honoured as ‘Hero for the Ages’

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top