စာဖတ်ခြင်းဟာ ဦးနှောက်အတွက်၊ နှလုံးသားအတွက် အာဟာရတွေ ဖြစ်စေသလို စာရေးခြင်းကလည်း ဒီအာဟာရတွေကို မျှဝေပေးလိုတဲ့ နှလုံးသားဆန္ဒတွေပါပဲ။ စာရေးတယ်ဆိုရာမှာ တချို့တွေကတော့ အသိပညာပေးလိုတဲ့ ဆန္ဒနဲ့ ရေးကြတယ်။ တစ်ချို့တွေကတော့ ခံစားတတ်စေလိုတဲ့ ဆန္ဒနဲ့ ရေးကြပါတယ်။
အမျိုးမျိုးသော အကြောင်းရင်းတွေနဲ့ စာရေးကြတဲ့သူတွေရှိသလို၊ စာရေးချင်ပါလျက်ကယ်နဲ့၊ စာရေးရတာ ဝါသနာပါလျက်ကယ်နဲ့ မရေးတတ်ကြဘူးဆိုတဲ့ လူတွေလည်း ရှိနေပါတယ်။ ဒီလူတွေအတွက် ဒီစာကို ရေးပေးရခြင်းပါ။ ကိုယ်က သိလွန်းတတ်လွန်းလို့တော့ မဟုတ်ပေမဲ့ ကိုယ်သိထားသလောက်လေး မျှဝေတဲ့ သဘောမို့ အမှားပါရင်လည်း ခွင့်လွှတ်ကြဖို့ အရင်ဆုံး တောင်းပန်ချင်ပါတယ်။
စာစရေးတော့မယ်ဆိုရင်.. ဒီအချက်တွေကို အရင်ဆုံး စဉ်းစားပါ။
၁။ ကိုယ်ဘာကြောင့် စာရေးတာလဲ စဉ်းစားပါ။ ဘာကြောင့် ရေးချင်တာလဲ စဉ်းစားပါ။
အသိပညာပေးချင်လို့လား။ ဒါမှမဟုတ် မျှဝေချင်လို့လား။ ခံစားတတ်စေချင်တာလား။ စာရေးရင် စိတ်ဖိစီးမှုတွေပဲ ကင်းဝေးသွားလို့လား။ ဝါသနာအရ ရေးတာလား။ ဘယ်လိုအကြောင်းကြောင့်လဲဆိုတာ ကိုယ့်ကိုယ်ကိုယ် ရှင်းလင်းအောင် အရင်စဉ်းစားပါ။
၂။ ဘယ်သူ့အတွက် ရေးနေတာလဲ ထပ်စဉ်းစားပါ။
ကိုယ်ရည်ရွယ်တဲ့သူတွေက ဘယ်သူတွေလဲဆိုတာမျိုးကို ပြန်စဉ်းစားပါ။ ဥပမာ- ကိုယ်က မိန်းကလေးတွေ ဘယ်လိုဝတ်ဝတ် အစခံရတယ်။ စော်ကားခံနေရတယ်ဆိုတာမျိုးရေးမယ်ဆို ဒါဟာ မိန်းကလေးတွေအတွက် ဦးစားပေးရေးပေးတာပါ။ အော်ပရာဝင်းဖရေးတို့၊ JK Rowling တို့၊ Robert Downey Junior တို့လို လူမျိုးတွေရဲ့ အထုပ္ပတ္တိကို ရေးမယ်ဆိုရင်တော့ ဒါဟာ လောကဓံရဲ့ ရိုက်ခတ်မှုကို ကြံ့ကြံ့ခံနေရတဲ့ လူတွေအတွက် ရည်ရွယ်လိုက်တာပါ။ ကိုယ်ဘယ်သူ့ကို ဦးတည်ချင်တာလဲ။ ဘယ်သူ့အတွက် ရေးမှာလဲဆိုတာ ကွဲပြားပါစေ။
၃။ ဒီလူတွေက ဘယ်မှာလဲ။ သူတို့က သင့်စာကို ဘာကြောင့် ဖတ်ချင်ကြမှာလဲ။
ဆိုလိုတာက ကိုယ့်စာကို ဖတ်မယ့်သူတွေက ဘယ်ကနေ ဖတ်ကြမှာလဲ။ သူတို့ ဖတ်ချင်အောင် သင်ဘယ်လိုလုပ်ရမှာလဲ။ ဒီလူတွေနဲ့ သင့်ကြား တံတားထိုးရမှာပါ။ သူတို့မှာ သူတို့သိထားတဲ့ အတွေ့အကြုံတွေ၊ ခံစားမှုတွေ ရှိနေပါလိမ့်မယ်။ သင်ရေးမယ့်စာက သူတို့အတွေ့အကြုံတွေနဲ့ သိပ်ဝေးကွာနေရင်တော့ သူတို့တွေ စိတ်ဝင်စားကြတော့မှာ မဟုတ်ပါဘူး။ ဥပမာ – တောင်သူလယ်သမားတစ်ယောက်ကို ဆေးဘက်ဆိုင်ရာ အသုံးအနှုန်းတွေသွားပြောနေရင် စိတ်ဝင်စားမှာ မဟုတ်သလိုပေါ့။ တောင်သူ တစ်ယောက်ကို ရည်ရွယ်တယ်ဆိုရင်တော့ စိုက်ခင်းအကြောင်း၊ အပင်ဖြန်းဆေးတွေအကြောင်း ပြောမှသာ စိတ်ဝင်စားနိုင်မှာ မဟုတ်လား။ ကိုယ်ရည်ရွယ်တဲ့သူတွေနဲ့ ကိုယ့်စာကြားထဲ ကွာဟမှုကြီးမနေဖို့ ကိုယ်က တံတားထိုးဖို့ လိုပါတယ်။
၄။ စာရေးဖို့ လိုအပ်တဲ့ အခြေအနေတွေက ဘာတွေလဲ။
ဒါကတော့ တစ်ဦးတစ်ယောက်ချင်းစီပေါ်မူတည်မှာပါ။ တစ်ချို့သူတွေက ညဘက်မှ စာရေးတတ်ကြပေမယ့် တစ်ချို့ကတော့ နေ့ဘက်မှပဲ ဈာန်ဝင်ကြတာပါ။ တစ်ချို့တွေက တိတ်ဆိတ်တဲ့ အနေအထားမှာမှ ရေးတတ်သလို တစ်ချို့တွေက ကော်ဖီဆိုင်လို နေရာမျိုးမှာမှ ရေးတတ်ကြပါတယ်။ ကိုယ့်အတွက် အဆင်ပြေမယ့် အနေအထားတွေ၊ အခြေအနေတွေကို ကြိုတင်စဉ်းစားပြင်ဆင်ထားပြီးမှ စာရေးတာက အဆင်ပြေပါလိမ့်မယ်။ ကိုယ်က ညဘက်မှာမှ မုန့်လေးစားပြီး ရေးတတ်တယ်ဆိုရင်လည်း မုန့်တွေ ကြိုတင်ဝယ်ထားဖို့ မမေ့ပါနဲ့။
စာရေးတယ်ဆိုတာ နှလုံးသားနဲ့ ဦးနှောက်ကို တစ်ပြိုင်နက် အလုပ်ပေးရတာမို့ ကိုယ့်စိတ်အခြေအနေလေးက အဆင်ပြေနေမှလည်း စာကောင်းကောင်းတစ်ပုဒ် ထွက်လာမှာပါ။ အပေါ်က အချက်တွေ အားလုံးကို ဖတ်ပြီး ပြင်ဆင်ပြီးသွားပြီဆိုရင်တော့ စာစရေးတဲ့ အပိုင်းကို ရောက်လာပါပြီ။ ဒီအကြောင်းကိုတော့ နောက်ထပ ္ဆောင်းပါးတစ်ပုဒ်မှာ ထပ်ပြီးရေးပေးဦးမှာမို့ Yoyarlay ကို See First လုပ်ပြီး စောင့်ကြည့်ကြဖို့ မမေ့နဲ့ဦးနော်….။
Angelic Demon (ရိုးရာလေး)