မြန်မာလူမျိုးတို့ရဲ့နေ့ထူးနေ့မြတ် တန်ဆောင်မုန်းလပြည့်နေ့

27-11-2020-yyl-019.jpg

ဒီကနေ့ ဟာ သီတင်းကျွတ်လပြည့်နေလို့ပဲ ဗုဒ္ဓဘာသာဝင်တို့ရဲ့ နေ့ထူးနေ့မြတ်ဖြစ်တဲ့ တန်ဆောင်မုန်းလပြည့်နေ့ဖြစ်ပါတယ်။ တန်ဆောင်မုန်းလပြည့်နေ့ဟာ ဘုရားရှင်ကို ဆီမီးထွန်းညှိ ပူဇော်တဲ့ပွဲတော်ဖြစ်တဲ့အပြင် ကထိန်သင်္ကိန်းကပ်လှူခွင့်ရတဲ့ နောက်ဆုံးနေ့လည်းဖြစ်ပါတယ်။ ဘုရားရှင်က အဇာတသတ်မင်းကို တန်ဆောင်မုန်းလပြည့်နေ့မှာ သာမညဖလသုတ္တန်တရားကို ဟောကြားတော်မူတဲ့အတွက်ကြောင့်လည်း တန်ဆောင်မုန်းလပြည့်နေ့ကို “သာမညဖလအခါတော်နေ့” လို့လည်း ခေါ်ဆိုကြပါတယ်။ တန်ဆောင်မုန်းလပြည့်နေ့မှာ ကျင်းပပြုလုပ်တဲ့ ပွဲတော်တွေကလည်း အများကြီးပါပဲ။ သာမညဖလအခါတော်နေ့ ပွဲ၊ တန်ဆောင်တိုင်မီးထွန်းပွဲ၊ ကထိန်သင်္ကန်းကပ်လှူပွဲ၊ မသိုးသင်္ကန်းရက်လုပ်ပွဲ၊ မဲဇလီဖူးသုပ်ဝေငှပွဲ၊ ကျီးမနိုးပွဲ၊ ပံ့သကူပစ်ပွဲတွေ ကျင်းပပြုလုပ်လေ့ရှိပါတယ်။

တန်ဆောင်မုန်းလပြည့်နေ့မှာ သာမညဖလသုတ်တော် ဟောကြားတဲ့အပြင် သီတင်းကျွတ်လပြည့်နေ့လိုပဲ ဆီးမီးထွန်းညှိပူဇော်ကြပါတယ်။ ပြည်ထောင်စုမြန်မာနိုင်ငံတော်က ထေရဝါဒဗုဒ္ဓသာသနာတော်ထွန်းကားပြန့်ပွားရာ နိုင်ငံဖြစ်တဲ့အတွက် ကထိန်ပွဲအပြင် မသိုးသင်္ကန်းရက်လုပ်လှူဒါန်းပွဲလည်းကျင်းပကြပါတယ်။ မသိုးသင်္ကန်းဆိုတာက နေ့မကူး၊ ရက်မကူးစေဘဲ တစ်ရက်အတွင်း အပြီးရက်လုပ်လှူဒါန်းရတဲ့ သင်္ကန်းဖြစ်တဲ့အတွက် မသိုးသင်္ကန်းလို့ ခေါ်တာဖြစ်ပါတယ်။ အရင်ခေတ်နဲ့ အခုခေတ် မသိုးသင်္ကန်းရက်လုပ်ပုံက အနည်းငယ်ကွဲပြားလာပါတယ်။
မသိုးသင်္ကန်းကို ကထိန်ကာလဖြစ်တဲ့ သီတင်းကျွတ်လပြည့်ကျော် (၁) ရက်ကနေ တန်ဆောင်မုန်းလပြည့်နေ့အထိ နေ့စဉ်ရက်ဆက် ရက်လုပ်တာမဟုတ်ပါဘူး။ ကထိန်ကာလရဲ့နောက်ဆုံးနေ့ တန်ဆောင်မုန်းလပြည့်နေ့မတိုင်ခင် လဆန်း ၁၄ ရက် ညနေပိုင်းမှာ စတင်ရက်လုပ်ကြရပြီး လပြည့်နေ့ အရုဏ်မတက်ခင် အပြီးချုပ်လုပ်ကပ်လှူကြရပါတယ်။ မသိုးသင်္ကန်းရက်လုပ်လှူဒါန်းပွဲကို ထင်ရှားတဲ့ဘုရားတွေမှာ စည်းကမ်းသိုက်မြိုက်စွာ ကျင်းပလေ့ရှိကြပါတယ်။

တန်ဆောင်မုန်းလပြည့်နေ့ကို မြန်မာလူမျိုးတွေက ဆေးပေါင်းခတဲ့ညလို့ သတ်မှတ်ထားကြတဲ့အတွက် မဲဇလီဖူးသုပ်ကာ ဝေငှစားကြပါတယ်။ ညဉ့်သန်းခေါင်ယံအချိန်မှာ မဲဇလီဖူးသုပ်စားမယ်ဆိုရင် ဆေးဖက်ဝင်တယ်။ သိဒ္ဓိမြောက်တယ်လို့ မြန်မာလူမျိုးတွေက ယူဆထားကြပါတယ်။ အဲဒီနေ့မှာပဲ မြို့နယ်ရပ်ကွက်တွေနဲ့ ကျေးလက်ဒေသတွေမှာ ကျီးမနိုးပွဲတော်လည်း ကျင်းပကြပါတယ်။ ရှေးတုန်းကတော့ ကျီးမနိုးပွဲဆိုတာ ကိုယ်စွမ်းကိုယ်စ၊ ဆေးမင်အစွမ်းကို စမ်းကြတဲ့ပွဲဖြစ်ပြီး ချစ်စရာကောင်းတဲ့အလေ့အထတစ်ခုပါ။ ဆေးမင်ထိုးပြီး သဒ္ဓိတင်ဖို့လိုတဲ့ ကာလသားတွေကို ဒီနေ့မှာ ဆေးမင် ထပ်ဆင့်ထိုးနှံပြီး သိဒ္ဓိအသစ်တင်ပေးကြပါတယ်။ ဒါဟာ မင်ကြောင်ထိုးတဲ့ ဒုတိယမြောက်တစ်ခေါက်ဖြစ်ပြီး ဂဝံ၊ ကြောင်ရုပ်၊ သူရဿတီနတ်သမီးရုပ်တို့ကို ဖြည့်သွင်းထိုးနှံပါတယ်။ ဒီလိုထိုးပြီးရုံနဲ့ ကာလသားတို့တာဝန်မကျေပါဘူး ထိုးခဲ့တဲ့ ဆေးမင်တွေကို ဘယ်လောက်အောင်မြင်ပြီးစီးတယ်ဆိုတဲ့အကြောင်း လက်တွေ့စမ်းသပ်ရတဲ့ ထုံးတမ်းရှိပါတယ်။

ဒါကြောင့် ဆေးမင်ဝိုင်းကနေ ထွက်လာပြီး မှောင်ရိပ်ခိုကာ ရွာပတ်ခိုးရပါတယ်။
ဒီလိုနဲ့ ခိုးလို့ရလာတဲ့ပစ္စည်းတွေကို ရွာလယ်စည်းဝိုင်းထဲ စုပုံထည့်ထားရပါတယ်။ ဒီခိုးရာပါပစ္စည်းတွေကို ရောင်းလို့ရတဲ့ငွေနဲ့သင်္ကန်း ပရိက္ခရာတွေကိုဝယ်ယူပြီး ခေါင်းတုံးပြီးဖြစ်နေတဲ့ ခိုးသားတွေကို ရှင်ပြု၊ ရဟန်းခံခြင်းအမှုကို ပြုပါတယ။် ကျီးမနိုးခင်အချိန်မှာ ဒါတွေအားလုံးကို အပြီးအစီးလုပ်ဆောင်ကြတဲ့ပွဲမို့ ဒီပွဲကို ကျီးမနိုးပွဲလို့ခေါ်ပါတယ်။ အခုခေတ်မှာတော့ အိမ်အပြင်မှာရှိတဲ့ပစ္စည်းတွေကို အခြားနေရာမှာ ရွေ့ထားတာ၊ ပစ္စည်းတွေကိုခိုးယူတာတွေလုပ်ကြပါတယ်။ သူများအိမ်ကကြက်တွေကို ခိုးယူသတ်စားတာမျိုးတွေလည်း ရှိနေပါတယ်။ အရင်တုန်းက ဓလေ့ထုံးစံနဲ့ လွှဲမှားနေတာတွေရှိနေပါတယ်။

တန်ဆောင်မုန်းလမှာ ပံ့သကူပစ်ပွဲလည်း ကျင်းပကြပါသေးတယ်။ ပံ့သကူပစ်ပွဲက အခြားပွဲတွေလို လူစုလူဝေးနဲ့ ကျင်းပရတဲ့ပွဲမျိုးမဟုတ်ဘဲ လူတွေမမြင်နိုင်တဲ့နေရာ၊ ညမှောင်ချိန်မှာ ပိုက်ဆံ၊ ပစ္စည်းတွေကို တိတ်တဆိတ်စွန့်ပစ်လှူဒါန်းတဲ့ပွဲဖြစ်ပါတယ်။ ဘုရားဝင်းတွေမှာ အများဆုံးသွားရောက်ပစ်ချလှူဒါန်းကြတာများပါတယ်။ တန်ဆောင်မုန်းလပြည့်နေ့မှာဆိုရင် ပံ့သကူပစ္စည်း အရှာထွက်တဲ့ ကလေး၊လူငယ်လူရွယ်တွေ များစွာကိုလည်း တွေ့ရပါတယ်။

အခုတန်ဆောင်မုန်းလပြည့်နေ့ဟာ ကုသိုလ်ကောင်းမှုများစွာပြုလုပ်လို့ရတဲ့ နေ့ထူးနေ့မြတ်ဖြစ်ပါတယ်။ ဒါကြောင့် မြန်မာလူမျိုးတွေလည်း ဒီတန်ဆောင်မုန်းနေ့မှာ ကုသိုလ်ကောင်းမှုအစုစုကိုပြုလုပ် အားထုတ်ပွားများနိုင်ကြပါစေ။

Ref: Wikipedia

WL ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top