အဆစ်ရောင်နာ ခံစားနေရသူတွေအတွက် နနွင်းရဲ့ ဆေးဖက်ဝင်မှု

homemade-turmeric.jpg

အာရှဟင်းလျာ တော်တော်များများကို အရောင်နဲ့အရသာတိုးစေတဲ့ နနွင်းက ဟင်းခတ်အမွှေးအကြိုင် တစ်ခုတင်မဟုတ်ဘဲ ဆေးဖက်ဝင်တယ်ဆိုတာကို ရှေးယခင်ကတည်းက လက်ခံလာခဲ့ကြတာပါ။ နနွင်းက အနာ၊ ဝက်ခြံ၊ လည်ချောင်းနာတာ၊ လေပြွန်ရောင်တာနဲ့ အဆစ်ရောင်တာတွေကိုသက်သာစေနိုင်တယ်လို့လည်း လက်ခံထားကြပါတယ်။ ဒါက ဘယ်အချက်ပေါ်မှာ မူတည်ပြီးလက်ခံထားတာလဲဆိုတေ့ နနွင်းက အရောင်ကျစေနိုင်တယ်ဆိုတဲ့ အချက်အပေါ်မှာပါ။

အဆစ်ရောင်နာအတွက် နနွင်း

အဆစ်ရောင်နာက လူတော်တော်များများခံစားရလေ့ရှိတဲ့ ပြဿနာတစ်ရပ်ပါ။ လေ့လာမှုတွေအရသိရတာက အဆစ်ရောင်နာဝေဒနာ ခံစားရသူတွေအနေနဲ့ နနွင်းပုံမှန် စားသုံးပေးမယ်ဆိုရင်

အဆစ်တွေရောင်တာ နာတာကိုသက်သာစေနိုင်တယ်

နနွင်းက ရောင်ရမ်းမှုကိုသက်သာစေနိုင်ပြီး နာကျင်ကိုက်ခဲမှုကို သက်သာစေနိုင်တဲ့ အာနိသင်တွေရှိပါတယ်။ လေ့လာမှုအရ နနွင်းစားသုံးပေးတာက လေးဖက်နာကြောင့် အဆစ်တွေနာတာ၊ အဆစ်တွေရောင်ရမ်းတာကို သက်သာစေနိုင်တယ်၊လို့ တွေ့ရှိခဲ့ရပါတယ်။ တစ်နေ့ကို နနွင်း ၂ ဂရမ်လောက်ပုံမှန် စားသုံးမှုက အဆစ်ရောင်ရောဂါကြောင့် နာကျင်မှုကို သက်သာစေနိုင်ပြီး ဒူးအကွေးအဆန့် ကောင်းလာသလို လှေကားတွေကိုလည်း ကောင်းကောင်းတက်လာနိုင်တယ်၊ လို့ဆိုပါတယ်။

ရောင်ရမ်းမှုကို သက်သာစေနိုင်တယ်

ရောင်ရမ်းမှုက နာကျင်မှုကိုဖြစ်စေနိုင်တဲ့ အကြောင်းအရင်းတစ်ခုပါ။ လေ့လာမှုတွေအရသိရတာက နနွင်းမှာ ဓာတ်တိုးဆန့်ကျင်အာနိသင်တွေ ပါဝင်နေတာကြောင့် နာကျင်ရောင်ရမ်းမှုကို သက်သာစေနိုင်ပါတယ်။ နောက်တစ်ချက်က နနွင်းမှာ ဓာတ်တိုးဆန့်ကျင်အာနိသင်အပြင် ရောင်ရမ်းနာကျင်မှုကို သက်သာစေနိုင်တဲ့ ပရိုတင်း၊ အင်ဇိုင်းတွေနဲ့ အခြားသော အစွမ်းသတ္တိတွေရှိနေပါသေးတယ်။ နနွင်းမှာပါတဲ့ နာကျင်ရောင်ရမ်းမှုကို သက်သာစေနိုင်တဲ့ အာနိသင်က အရိုးပွတာ၊ အဆစ်ရောင်နာ ကနေစလို့ ဆီးချို နဲ့ ကင်ဆာလိုမျိုး နာတာရှည်ရောဂါတွေအထိ ရောဂါတော်တော်များများကို သက်သာစေနိုင်ပါတယ်။

အရိုးနုလေးတွေ ထိခိုက်ပျက်စီးတာမျိုးမဖြစ်အောင်ကာကွယ်ပေးတယ်

တစ်နေ့တာလှုပ်ရှားမှုတွေကို အကောင်းဆုံးလုပ်ဆောင်နိုင်စေဖို့အတွက် အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေပါတယ်။ အရိုးနုလေးတွေ ပျက်စီးမှုက ရေရှည်မှာ အရိုးကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် အရိုးကျန်းမာရေးကို ဂရုစိုက်ချင်တယ်ဆိုရင် အရိုးနုလေးတွေကို ဂရုစိုက်ဖို့ကလည်း မေ့ထားလို့ မဖြစ်ပါဘူး။ နနွင်းက အရိုးနုလေးတွေကို ကျန်းမာစေနိုင်သလို အဆစ်ရောင်နာကြောင့် အရိုးနုလေးတွေ ထိခိုက်ပျက်စီးတာမျိုး မဖြစ်အောင်လည်း ကာကွယ်ပေးပါတယ်။

ဂေါက်ရောဂါ မဖြစ်အောင် ကာကွယ်ပေးနိုင်တယ်

နနွင်းက ယူရစ်အက်ဆစ်ပမာဏကို ကျစေနိုင်ပါတယ်။ ယူရစ်အက်ဆစ်များတာက ဂေါက်ရောဂါဖြစ်စေဖို့ တွန်းအားပေးပါတယ်။ ဒီပြဿနာကို အကောင်းဆုံးဖြေရှင်းဖို့က နနွင်းစားသုံးပေးတာပါ။ နနွင်းစားသုံးတာက ယူရစ်အက်ဆစ်ကို ကျစေနိုင်သလို သွေးတွင်းက အကျိုးမပြုကိုလက်စထရောတွေကိုလည်း ကျဆင်းစေနိုင်ပါတယ်။ ဒါကြောင့် ဂေါက်ရောဂါမဖြစ်အောင် ကာကွယ်ဖို့ နနွင်းကို စားသုံးပေးလို့ရပါတယ်။

Oxidative Stress တွေကြောင့် အဆစ်ရောင်နာမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်

Oxidative Stress တွေက အဆစ်ရောင်နာဖြစ်စေဖို့ အဓိကတွန်းအားပေးနေပါတယ်။ ဒီပြဿနာကိုဖြေရှင်းဖို့အတွက် အကောင်းဆုံးနည်းလမ်းက ဓာတ်တိုးဆန့်ကျင်အာနိသင်ကြွယ်ဝတာကို စားသုံးဖို့ပါ။ ဒီပြဿနာကို အကောင်းဆုံးဖြေရှင်းပေးနိုင်မယ့်နည်းလမ်းက ဓာတ်တိုးဆန့်ကျင်အာနိသင်ကြွယ်ဝတဲ့ နနွင်းကို စားသုံးပေးတာပါ။ လေ့လာမှုတွေအရ နနွင်းစားသုံးတာက အဆစ်ရောင်နာရောဂါ ရှိသူတွေမှာ oxidative stress ကြောင့် အဆစ်ရောင်ရမ်းနာကျင်တာကို သက်သာစေနိုင်တယ်၊ လို့တွေ့ရှိခဲ့ရပါတယ်။

ဒါကြောင့် နနွင်းကို ဟင်းချက်တဲ့အခါမှာဖြစ်ဖြစ်။ နွားနို့နဲ့ရောစပ်ပြီးဖြစ်ဖြစ်။ ပျားရည်နဲ့ရောစပ်ပြီးဖြစ်ဖြစ် ပုံမှန်လေးစားသုံပေးလို့ အဆစ်ရောင်နာကြောင့် နာကျင်မှုတွေကို သက်သာအောင်လုပ်ဆောင်ပေးလို့ရပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon

Ref : hellosayarwon

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top