ဒီးဒုတ်ရေပြာအိုင်နှင့် အရိုင်းဆန်လှတဲ့ အေးသုခလှိုဏ်ဂူတော်

late3.jpg

ဒီးဒုတ်ရေပြာအိုင်သည် နံမည်ကြီး အပန်းဖြေစခန်းများအနက် တစ်ခုအပါအဝင် ဖြစ်သည့်အတွက် တစ်နေ့တော့သွားရောက် လည်ပတ်ရန် ရည်ရွယ်ထားပါတယ်။ ယခုတော့ သွားရောက်လည်ပတ် ဖြစ်ခဲ့ပါပြီ။ ဒီးဒုတ်ရေပြာအိုင်စခန်းဟာ ပြင်ဦးလွင်မြို့နယ်တွင် တည်ရှိပြီး မန္တလေးမြို့မှ ပြင်ဦးလွင်မြို့သို့ အတက်လမ်း မှတဆင့် သွားရပြီး လမ်းမှာဖြောင့်ဖြူးလှသည်။ ဒီးဒုတ်ရေပြာအိုင်စခန်းသို့ သွားရန်အတွက် သဘာဝကျောက်တောင်အတိုင်း တက်ရပါမည်။ သုံးဆင့်၊ ငါးဆင့်၊ ဆယ်ဆင့် ရေတံခွန်များ ရှိပြီး တောင်ပေါ်တက်လေ ရေများမှာ ပိုမိုကြည်လင်ပြာလဲ့လေ ပါပဲ။ စာရေးသူ သွားရောက်ချိန်တွင်တော့ ရေကစားသူများသောကြောင့် ရေများမှာ နောက်ကျိနေပါတယ်။

ရေတံခွန်တွင် ရေမကစားဖြစ်တော့ဘဲ တောင်တက်လမ်းအတိုင်း တောင်ထိပ်ထိ ဆက်လက်တက်ဖြစ်ခဲ့တယ်။ ရေပြာအိုင်စခန်းထိသာ တောင်တက်လမ်းမှာ ကောင်းမွန်ပြီး ထိုမှတဆင့် တောင်ထိပ်သို့တက်လမ်းမှာ ကြမ်းတမ်းပြီး ကျောက်စလစ်ခဲများကြောင့် ချော်ကျနိုင်ခြေများသဖြင့် လူကြီးများအတွက် တက်ရောက်ရန် အဆင်မပြေနိုင်ပေ။ ရှေ့သို့သွားလေ သဘာဝရှုခင်းများက လှပလေ ခရီးလမ်းက ကြမ်းတမ်းပင်ပန်းလေပါပဲ။ တသွင်သွင်စီးဆင်းနေသော စိမ်းလဲ့လဲ့ ဒုဋ္ဌဝတီမြစ် နှင့် မှိုင်းအုံ့အုံ့တောင်တန်းစိမ်းကြီးများက ရှေ့သို့ဆက်ရန် အင်အားဖြစ်စေခဲ့တယ်လေ။ တောင်ထိပ်ပေါ်သို့အရောက်တွင် ရွှေသင်္ဃန်းကပ် စေတီတစ်ဆူကို ကြည်ညိုဖွယ် ဖူးတွေ့ရပါတယ်။

စေတီမှ ဆယ်လှမ်းလောက် ဆက်လျှောက်လျင် အေးသုခကျောက်ဂူကြီး ကို တွေ့ရပါတော့တယ်။ မတ်စောင့်သော ကျောက်လှေခါးထစ်အတိုင်း ဆင်းပြီးသောအခါ ဗုဒ္ဓရုပ်ပွားတော်အချို့ကို ဖူးတွေ့ရပြီး လှိုဏ်ဂူပေါက်ကျဉ်း သုံးပေါက်ကို တွေ့ရပါတယ်။ ထို လှိုဏ်ဂူပေါက်အတိုင်း အရဲစွန့်ပြီး ဝင်ကြည့်ဖြစ်ခဲ့သည်။ နေ့ခင်း ၂နာရီပဲ ရှိသေးတာတောင် အလင်း လုံးဝမကျနိုင်ဘဲ ပိန်းပိတ်အောင် မှောင်လှပါတယ်။ ဖုန်းမီးဖြင့် ဆက်လက်ဝင်ကြည့်ရာ ထိုးထိုးထောင်ထောင် သဘာဝ မိုးမျှော်ကျောက်တိုင်များ၊ ကျောက်စက်ပန်းဆွဲများ၊ ကျောက်စည်မောင်းကြီးများကို တအံ့တဩ တွေ့ရသည့်အပြင် လင်းနို့များကိုလည်း အသည်းတထိတ်ထိတ် တွေ့ခဲ့ရပါတယ်။ စာရေးသူအပါမှ လူသုံးယောက်တည်း ဝင်ခဲ့ခြင်းဖြစ်သည့်အပြင် ဖုန်းမီးမှာလဲ တိုးမပေါက်အောင် မှောင်မိုက်လွန်းခြင်းနှင့်အတူ ဒေသခံလမ်းပြမယ့်သူလဲ မပါသဖြင့် ဆက်လက်အတင့်မရဲဝံ့တော့ဘဲ ဂူပြင်ပြန်ထွက်လာပါတော့တယ်။ ဂူမှာ သိပ်မကြီးလှသဖြင့် အဖော်ကောင်းလျင် နောက်တစ်ခေါက်လောက် ထပ်သွားကြည့်ချင်ပါသေးတယ်။

တောင်ဆင်းလမ်းအတိုင်း ပြန်လာရာ ရေပြာအိုင်စခန်းဝန်းကျင် လမ်းခရီးရှိ အအေးဗူး၊ ရေသန့်ဗူး အရောင်းဆိုင်တဲတစ်ခုတွင် ခဏဝင်ရောက် အပန်းဖြေဖြစ်ပါတယ်။ တဲရှင်နှင့် စကားလက်စုံကျပြီး ဂူသို့သွားမည်မှန်းသိရင် လက်နှိပ်ဓာတ်မီး ငှားပေးလိုက်မည့်အကြောင်း ဂူမှာ အန္တရာယ်မရှိကြောင်း ပြောပြပါတယ်။ လင်းနို့များတွေ့ကြောင်း ပြောပြရာ သူတို့က အန္တရာယ်မပေးကြောင်း ဝါတွင်းကာလတွင် မြွေများ ဂူသို့ လာရောက်နေထိုင်တတ်ကြောင်း ပြောပြမှ စာရေးသူမှာ ခေါင်းနပန်းကြီးရပါတယ်။ မြွေများမှာ အကြီးအသေး အရွယ်အစား အမျိုးမျိုးပါပဲပြောမှ ဘုရားပါတမိပါတော့တယ်။ သို့သော် ရောက်ခဲ့စဉ်က လင်းနို့မှတပါး မည်သည့်သတ္တဝါမှ မတွေ့ခဲ့မိပေ။

အေးသုခဂူသို့ သွားရသည်မှာ သည်းထိတ်ရင်ဖို ရုပ်ရှင်ကားများထဲ ရောက်သွားရသလို စိတ်ဝင်စားဖို့လဲကောင်း စိတ်လှုပ်ရှားဖို့လဲကောင်း လှပါတယ်။ ဒီးဒုတ်ရေပြာအိုင်စခန်းသို့ သွားဖြစ်လျင် တောင်ထိပ်ရှိ အေးသုခဂူသို့ သွားဖြစ်အောင်သွားရန်၊ လက်နှိပ်ဓာတ်မီးကြီး၊ ရေသန့်ဗူး ယူဆောင်သွားရန်နှင့် အမှိုက်များ မပစ်ခဲ့ကြရန် အကြံပေးချင်ပါတယ်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top