တက်စ်လာ (Tesla) ရဲ့ လျှပ်စစ်ကားတွေ တရုတ်မှာ ထုတ်တော့မယ်

20f9ddf4-e5c4-4be6-838d-bee8cfe1205b_0.jpg

အမေရိကန် လျှပ်စစ်ကားကုမ္ပဏီ တက်စ်လာ (Tesla) က အပတ်တိုင်းမှာ ကားအရေအတွက် သုံးထောင်စီကို ရှန်ဟိုင်းစက်ရုံကနေ ထုတ်လုပ်တော့မယ်လို့ သိရပါတယ်။ တက်စ်လာ (Tesla) ကုမ္ပဏီကနေ တစ်ပတ်ကို Model 3 အမျိုးအစား ကားအရေအတွက် တစ်သောင်း ထုတ်လုပ်ဖို့ စီစဉ်ထားတာဖြစ်ပြီး ထုတ်လုပ်မယ့် ကားအရေအတွက်ရဲ့ ၃ ပုံ ၁ ပုံ ကို တရုတ်နိုင်ငံ အခြေစိုက်စက်ရုံကနေ ထုတ်လုပ်တော့မှာပါ။

လွန်ခဲ့တဲ့ သုံးလလောက်က ရှန်ဟိုင်းအာဏာပိုင်တွေဟာ ၎င်းတို့ဆီမှာ တက်စ်လာ (Tesla) က ကိုယ်ပိုင်စက်ရုံတစ်ခု လာဆောက်ပြီး တစ်နှစ်ကို ကားအရေအတွက် ၅သိန်းခန့် ထုတ်လုပ်ဖို့ စီစဉ်နေကြောင်း ပြောကြားခဲ့ဖူးပါတယ်။ တက်စ်လာ (Tesla) ကုမ္ပဏီအတွက် တရုတ်ဟာ အကြီးဆုံး နိုင်ငံခြား စီးပွားရေး ဈေးကွက်တစ်ခု ဖြစ်နေပြီး Model S နဲ့ Model X အမျိုးအစားတွေကို ရောင်းချပေးနေပြီလို့ သိရပါတယ်။

တရုတ်နိုင်ငံဟာ ကမ္ဘာ့အကြီးဆုံး ကားဈေးကွက် တစ်ခုဖြစ်ပြီး တစ်နှစ်ထက်တစ်နှစ် ကားရောင်းချနှုန်းကလည်း တိုးတက်လျက်ရှိနေပါတယ်။ အချက်အလက်တွေအရတော့ ၂၀၁၆ ခုနှစ်ရဲ့ ရောင်းရနှုန်းထက် ၂၀၁၇ ခုနှစ်မှာ ၅၁ ရာခိုင်နှုန်းကျော်တောင် ပိုရောင်းရခဲ့တယ်လို့ အံ့ဩဖွယ် သိရှိထားရပြီး ဒါကြောင့်လည်း တက်စ်လာ (Tesla) က ၎င်းဈေးကွက်ကို တရုတ်မှာ ဦးတည်ရောင်းချဖို့ စီစဉ်နေခဲ့တာ ဖြစ်ပါတယ်။

တရုတ်မှာ စက်ရုံထောင်လိုက်တာကြောင့် အမေရိကန်ကနေ သယ်ယူရတဲ့စရိတ်ကို လျော့ချနိုင်မှာဖြစ်ပြီး အရင်ထက် ဈေးပိုသက်သာအောင် ရောင်းချနိုင်မှာဖြစ်တာမို့ ဒီလိုမျိုး စက်ရုံတည်ဖြစ်သွားတာဖြစ်ကြောင်း တက်စ်လာ (Tesla) ရဲ့ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ပါတယ်။

တက်စ်လာ (Tesla) ကုမ္ပဏီဟာ အမေရိကန် ဒေါ်လာ ၆ ဘီလျံကို စက်ရုံတွေနဲ့ ဆက်စပ်ပစ္စည်းတွေအတွက် ထပ်မံရင်းနှီးမြုပ်နှံမှာဖြစ်ပြီး ဒီရင်းနှီးမြုပ်နှံမှာ ရှန်ဟိုင်းက စက်ရုံလည်း ပါဝင်နေပါတယ်။ ရှန်ဟိုင်းစက်ရုံ တည်ထောင်မှုနဲ့ ကားထုတ်လုပ်မှုတွေအတွက် အချိန် ၂နှစ် ယူရမှာဖြစ်ကာ အခုဆိုရင် Model 3 ကားအမျိုးအစား ထုတ်လုပ်ဖို့အတွက် လိုအပ်တဲ့စက်ပစ္စည်းတွေကို တရုတ်နိုင်ငံကို သယ်ဖို့ စီစဉ်နေပြီလို့ သိရပါတယ်။

တရုတ်အစိုးရက ၂၀၃၀ မှာ စက်သုံးဆီနဲ့ ဂက်စ်ရောင်းချမှုကို လုံးဝပိတ်ပင်လိုက်ပြီး လျှပ်စစ်ကားတွေကိုသာ အသုံးပြုစေဖို့ ကြံရွယ်ထားတာကြောင့် အခုကတည်းက လျှပ်စစ်ကား ထုတ်လုပ်မှုတွေကို အားပေး လုပ်ဆောင်နေပါတယ်။ ရှန်ဟိုင်းစက်ရုံက ထုတ်လုပ်မယ့်ကားတွေကိုတော့ ရှန်ဟိုင်းက အသုံးပြုသူတွေကိုသာ ရောင်းချမယ်လို့ ပြောကြားနေပေမဲ့ တခြား နိုင်ငံတွေကနေကော ဝယ်ယူနိုင်မလားဆိုတာကတော့ စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

Ref: ZDNet “Tesla’s China factory to make 3,000 cars each week”

Scarlett (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top