စိတ်ကျန်းမာရေး အဖွဲ့အစည်း တွေအတွက် ရန်ပုံငွေ ဒေါ်လာသန်း (၁၀၀) ရှာပေးမယ့် ဆယ်လီနာ ဂိုမက်

24-7-2020-yyl-024.jpg

ဒိတ်ဒိတ်ကြဲအဆိုတော် ဆယ်လီနာဂိုမက်ပိုင် Rare Beauty မိတ်ကပ်ကုမ္ပဏီဟာ လာမယ့်ဆယ်စုနှစ်အတွင်း စိတ်ကျန်းမာရေးဝန်ဆောင်မှုအဖွဲ့အစည်းတွေကို အမေရိကန်ဒေါ်လာ သန်း ၁၀၀ ထောက်ပံ့ပေးနိုင်ဖို့အတွက် Rare Impact Fund စတင်တည်ထောင်လိုက်ပါပြီ။ ဆယ်လီနာဂိုမက်ဇ်က သူ့ရဲ့အသက် (၂၈) နှစ်ပြည့် မွေးနေ့မှာ အခုလို ကြေညာခဲ့တာပါ။

Rare Beauty ထုတ်ကုန်တွေရဲ့ နှစ်စဉ်ရောင်းအား (၁) ရာခိုင်နှုန်း၊ တွဲဖက်ကုမ္ပဏီတွေကနေ ရလာတဲ့ရန်ပုံငွေတွေကို ရန်ပုံငွေအတွက် လှူဒါန်းသွားမှာပါ။ ရည်မှန်းထားတဲ့အတိုင်း ရန်ပုံငွေရှာနိုင်သွားရင် the Rare Impact Fund က စိတ်ကျန်းမာရေး ဝန်ဆောင်မှုအဖွဲ့အစည်းတွေကို ပံ့ပိုးနေတဲ့ ရန်ပုံငွေကောက်ခံပေးတဲ့ နာမည်ကြီးအဖွဲ့စည်းတွေထဲက တစ်ခုဖြစ်လာမှာဖြစ်ပါတယ်။

“Rare Impact Fund အမှန်တကယ်ဖြစ်လာဖို့ ကူညီပေးခဲ့တဲ့ အဖွဲ့သားတွေ ရှိနေပေးခဲ့တဲ့အတွက် ကျွန်မ အရမ်းကျေးဇူးတင်မိပါတယ်။ ကုန်ပစ္စည်းတံဆိပ်ကို စတင်ခဲ့ကတည်းက စိတ်ကျန်းမာရေးဝန်ဆောင်မှုခံယူဖို့ လိုအပ်တဲ့လူတွေကို ထောက်ပံ့ပေးချင်ခဲ့တာပါ။ Rare Beauty က လူတွေကို တစ်ယောက်နဲ့တစ်ယောက် ပိုပြီးအချိတ်အဆက်ရှိသလို ခံစားရအောင် ကူညီပေးဖို့ အဓိကထားတာဖြစ်ပါတယ်။ The Rare Impact Fund က လူတွေရဲ့ဘဝတွေမှာ တိုက်ရိုက်သက်ရောက်မှုရှိအောင်နဲ့ ကွဲပြားခြားနားအောင် လုပ်ဆောင်သွားမှာဖြစ်ပါတယ်။ ကျွန်မတို့ စတင်လုပ်ဆောင်နေပြီဖြစ်တဲ့ အလုပ်အတွက် ကျွန်မ ဂုဏ်ယူမိတယ်”လို့ ဆယ်လီနာက သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

ဆယ်လီနာက Rare Beauty အလှကုန်ပစ္စည်းကုမ္ပဏီကို ဖေဖော်ဝါရီလမှာ တည်ထောင်ခဲ့တာပါ။ မိတ်ကပ်နာမည်က အခုနှစ်အစပိုင်းမှာ ထွက်ရှိခဲ့တဲ့ ဆယ်လီနာရဲ့ တတိယမြောက်အယ်လ်ဘမ် Rare ပဲဖြစ်ပါတယ်။ “ကျွန်မတို့ရဲ့ရည်မှန်းချက်ပန်းတိုင်က ကြီးမားလွန်းပါတယ်။ စိတ်ကျန်းမာရေးအတွက် နောက် (၁၀) နှစ်မှာ ကန်ဒေါ်လာ သန်း (၁၀၀) ရှာနိုင်ရပါမယ်။ Rare Impact Fund ကို စတင်လုပ်ဆောင်လိုက်တာနဲ့ ကမ္ဘာပေါ်မှာ စိတ်ပိုင်းဆိုင်ရာကျန်းမာရေးကို အဓိကထားတဲ့ အကြီးဆုံးပရဟိတဖြစ်အောင် အားစိုက်လုပ်ဆောင်ရတော့မှာဖြစ်ပါတယ်။

ရန်ပုံငွေတွေက စိတ်ကျန်းမာရေးဝန်ဆောင်မှုတွေအတွက် ပေးအပ်မှာပါ”လို့ Rare Beautyရဲ့စီအီးအို စကော့တ် ဖရန်တ်မန်း (Scott Friedman) ကပြောပါတယ်။ Rare Beauty က ကုမ္ပဏီရဲ့နည်းဗျူဟာကို လမ်းညွှန်ပေးဖို့အတွက် တက္ကသိုလ်၊ အဖွဲ့အစည်းနဲ့ ကုမ္ပဏီတွေက စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးပညာရှင် တွေပါဝင်တဲ့ Rare Beauty Mental Health Council ကိုလည်း ဖွဲ့စည်းခဲ့ပါတယ်။

Ref: Selena Gomez announces $100m for mental health

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top