မကျန်းမမာ ဤကမ္ဘာ

save-world-1.jpg

ဒီနေ့ခေတ်သက်ရှိတွေအနေနဲ့ ကြုံခဲ့ရဖူးသမျှထဲမှာ အကြီးမားဆုံးလို့ဆိုနိုင်တဲ့ ရာသီဥတုပြောင်းလဲမှုကိုကြုံတွေ့နေကြရပါပြီ။ ဆိုးရွားလှတဲ့ရာသီဥတုဖောက်ပြန်ပြောင်းလဲမှုဒဏ်ကို ကမ္ဘာ့နေရာဒေသအနှံ့အပြားမှာရင်ဆိုင်နေရပြီး သန္တာကျောက်တန်း တွေလျော့ပါးပျောက်ဆုံးကာ၊ ဝင်ရိုးစွန်းရေခဲစိုင်တွေအရည်ပျော်ကုန်တာ၊ တောမီးလောင်မှုတွေများလာတာနဲ့ ရေရှားပါး ပြတ်လပ်မှုတွေက ကြောက်ခမန်းလိလိကို တိုးပွားလာနေတာဖြစ်ပါတယ်။ အမေဇုန်သစ်တောကြီးမှာ မီးလောင်မှုအကြီးအကျယ် ဖြစ်နေတာကိုလည်း သတင်းတွေမှာ မြင်လိုက်ကြရမယ်ထင်ပါတယ်။

ကီလိုမီတာ (၅.၅) သန်းကျော်ကျယ်ဝန်းပြီး သစ်ပင်တွေနဲ့ အုံ့ဆိုင်းနေတဲ့ အမေဇုန်သစ်တောကြီးဟာ ကမ္ဘာ့အကြီးဆုံး မိုးသစ်တော ကြီးပါ။ အပင်အမျိုးအစား ၄၀၀၀၀ ကျော်၊ ငှက်အမျိုးအစား၁၃၀၀ ကျော်၊ ငါးအမျိုးအစား ၃၀၀၀ ကျော်၊ နို့တိုက်သတ္တဝါအမျိုးအစား ၄၀၀ ကျော်နဲ့ အင်းဆက်အမျိုးအစားပေါင်း နှစ်သန်းခွဲကျော်ထိမှီတင်းနေထိုင်ရာဖြစ်သလို ကမ္ဘာ့လေထုထဲကအာက်စီဂျင်စုစုပေါင်းရဲ့ (၂၀) ရာခိုင်နှုန်းကိုထုတ်လုပ်ပေးနေလို့ ကမ္ဘာကြီးရဲ့အဆုတ်လို့လည်း တင်စားခေါ်ကြပါတယ်။

သစ်တောတွေဟာ ကမ္ဘာ့လေထုအတွင်းက ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့အမြောက်အများကိုစုပ်ယူပေးနေတာကြောင့် အခုလို သစ်တောတစ်ခုပျက်စီးပြုန်းတီးမှုဟာ ကမ္ဘာကြီးပူနွေးမှုပိုတိုးမြင့်လာဖို အကြောင်းဖန်စေတဲ့ ထိတ်လန့်စရာဖြစ်စဉ်ကြီးတစ်ခုဖြစ်ပါတယ်။

ရုပ်ကြွင်းလောင်စာတွေသုံးစွဲခြင်းကလည်း ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့ထုတ်လွှတ်ပေးပြီး ဖန်လုံအိမ်အာနိသင်ကိုဖြစ် စေပါတယ်။ ဒါ့ကြောင့် နေကထုတ်လွှတ်တဲ့ရောင်ခြည်တွေကို ကမ္ဘာ့လေထုအတွင်းမှာပိတ်လှောင်မိစေပြီး ပင်လယ်သမုဒ္ဒရာနဲ့ လေထုကို ပူနွေးလာစေတာပါ။ ဒါဟာ စွမ်းအင်ရယူရာမှာမတင်းတိမ်နိုင်တဲ့ လူတွေရဲ့လောဘစိတ်ကြောင့်ပါပဲ။

ကာဗွန်ထုတ်လွှတ်မှုက ထိန်းချုပ်လို့မရအောင် တဖြည်းဖြည်းတိုးတက်လာနေတဲ့အချိန်မှာ သဘာဝကာဗွန်စုပ်ယူပေးသူတွေ ဖြစ်တဲ့ သစ်တောတွေနဲ့ သန္တာကျောက်တန်းတွေဟာလည်း စိုးရိမ်ဖွယ်လျော့ပါးပျောက်ကွယ်လာနေကြပါတယ်။ ကာလရှည် ရာသီဥတုပြောင်းလဲမှုပြင်းထန်နေခြင်းဟာ လူမှုအဖွဲ့အစည်းအပေါ် ပိုမိုသက်ရောက်မှုရှိလာစေပြီး ရလဒ်အနေနဲ့ အသက်သေဆုံးမှုတွေတိုးပွားလာခြင်း၊ နေအိမ်အဆောက်အဦတွေပျက်စီးရခြင်း၊ ရေနဲ့ရေအရင်းအမြစ်အရည်အသွေးထိခိုက်ခြင်း၊ အပူချိန်မြင့်တက်လာခြင်းနဲ့ မိုးခေါင်ခြင်း တွေကြောင့် ရေလိုအပ်မှုပိုမိုလာခြင်း၊ ရေလွှမ်းမိုးခြင်း၊ ဒီရေတက်ခြင်း စတာတွေနဲ့ကြုံလာရစေမှာဖြစ်ပါတယ်။

ရာသီဥတုပြောင်းလဲခြင်းဆိုင်ရာ နိုင်ငံများအကြားပူးပေါင်းအဖွဲ (IPCC) ရဲ့ အစီရင်ခံစာအရ ရာသီဥတုပူနွေးလာမှုဟာ ၁၉၅၀ ခုနှစ်တွေကစသိသာလာခဲ့ပြီး လာမယ့်ဆယ်စုနှစ်၊ ထောင်စုနှစ်တွေအတွက် ဘယ်လောက်ဆိုးလာမလဲကို ကြိုတင် မခန့်မှန်းနိုင်သေးဘူးလို့ ဆိုထားပါတယ်။ ပြီးခဲ့တဲ့ ဆယ်စုနှစ် ၃ စုရဲ့ ၁ စုချင်းစီမှာ ၁၈၅၀ ခုနှစ်နောက်ပိုင်း ဆယ်စုနှစ် တွေထက် ဆက်တိုက်နီးပါး ပိုပူနွေးလာခဲ့တယ်လို့လည်း ဖော်ပြထားပါသျးတယ်။

ပျက်ယွင်းစပြုလာနေတဲ့ ကမ္ဘာမြေရဲ့ဂေဟစနစ်ကြီးကို အချိန်မီပြန်လည်ထိန်းညှိနိုင်ဖို့က အခုအချိန်မှာ အရေးတကြီးကို လိုအပ်နေပါပြီ။ ဒါကိုအကောင်အထည်ဖော်ရာမှာလည်း ရုပ်ကြွင်းလောင်စာသုံးစွဲမှုကို လျှော့ချပစ်ဖို့ သစ်တောတွေကို ထိန်းသိမ်းဖို့၊ အသစ်ဖန်တီးဖို့နဲ့ နေစွမ်းအင်နဲ့ လေစွမ်းအင်လို ပြည့်မြဲစွမ်းအင်အရင်းအမြစ်တွေကိုအဓိကအသုံးချဖို့ကိစ္စတွေက အသေအချာထည့်သွင်းစဉ်းစားစရာတွေဖြစ်ပါတယ်။

သဘာဝကပ်ဘေးတွေဆိုတာ အကြောင်းမဲ့မဖြစ်လာတတ်ပါဘူး။ ဖြစ်လောက်စေတဲ့အကြောင်းတရားတွေကြောင့်သာ ကျတော်တို့ ဆီကိုဆိုက်ဆိုက်မြိုက်မြိုက် ရောက်ရှိလာခဲ့တာပါ။ ကိုယ်စိုက်ပျိုးတာကိုကိုယ်ပဲရိတ်သိမ်းရတယ် ဆိုတဲ့စကားအတိုင်းပဲ လူသားတို့ဖျက်ဆီးပစ်နေတဲ့ကမ္ဘာမြေကို လူသားတွေကပဲ ပြန်လည်ကုစားကယ်တင်ရမှာဖြစ်တဲ့အကြောင်း တိုက်တွန်းလိုပါတယ်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top