ဝါလကင်းလွတ် သီတင်းကျွတ်ကို ချစ်ကြသူတွေ

yyl-3-9-004.jpg

(၁)

ခေတ်တစ်ခုရဲ့ ကျောရိုးပေါ်ဖြတ်လျှောက်ပြီး ခေတ်နောက်ကို အမီလိုက်နေရတဲ့ ဒီကနေ့ခေတ်လူငယ်တွေအနေနဲ့ ‘သီတင်း ကျွတ်’အကြောင်းပြောတဲ့အခါ ‘အဘိဓမ္မာအခါတော်နေ့’

ဘယ်လိုဖြစ်ပေါ်လာသလဲဆိုတာ စိတ်ဝင်စားချင်မှ စိတ်ဝင်စားကြ လိမ့်မယ်။ သီတင်းကျွတ်လပြည့်နေ့ဟာ ဗုဒ္ဓဘာသာ ရဟန်းသံ ဃာတော်များအတွက် ‘မဟာ ပဝါရဏာနေ့’ဖြစ်တယ်ဆိုတာ သိချင်မှ သိကြပါလိမ့်မယ်။ ဒါပေမဲ့ ‘သီတင်းကျွတ်ပြီ’၊ ‘ဝါကျွတ်ပြီ ဟေ့’ဆိုတဲ့အသံကြားလိုက်တာနဲ့ မြန်မာလူငယ်အားလုံးရဲ့ စိတ်နှလုံးမှာ ချစ်စရာ မီးလုံးလှလှလေးတွေနဲ့အတူ ပျော်စရာကောင်းတဲ့ လင်းပွင့်မှုအငွေ့အသက်လေးကို ရရှိခံစားလာရတာတော့ အမှန်ပါပဲ။

ဝါလကင်းလွတ် သီတင်းကျွတ်ချိန်ဟာ အနည်းဆုံးတော့ ကိုယ့်မြို့ကိုယ့်ရွာ လွမ်းစရာတွေနဲ့ အလှမ်းဝေးနေတဲ့ အိမ်ဝေးလူ တွေအတွက် အိမ်ပြန်ရက်တွေ ဖြစ်စေခဲ့တယ်မဟုတ်ပါလား။ မြန်မာပြည်မှာနေပြီး ချစ်စရာမြန်မာဓလေ့ အငွေ့အသက်တွေနဲ့ မစိမ်းသူတိုင်းရဲ့ ဘဝမှာ ပျော်စရာကောင်းသလောက် လွမ်း စရာလည်းကောင်းတတ်တဲ့ သီတင်းကျွတ်လ၊ သီတင်းကျွတ်ည တွေကို ဖြတ်သန်းရင်ခုန်ဖူးကြမယ်လို့ ယုံပါတယ်။

(၂)

အညာကျေးလက်က တမာပင်တန်း၊ မန်ကျည်းပင်တန်းတွေ နဲ့ဖက်ပြီး ရှင်သန်ကြီးပြင်းလာခဲ့ရသူ လူငယ်တစ်ယောက်အနေနဲ့ ဝါကျွတ်ကာလဆိုတဲ့အသံကြားလိုက်တာနဲ့ မျက်လုံးထဲမှာ အရင် ဆုံးပြေးမြင်မိတာက သီတင်းကျွတ်လပြည့်ညနဲ့အပြိုင် အလင်း ဖြိုင်ဖြိုင်ကျပြီးလှပနေတဲ့ ရောင်စုံမီးပုံးလေးတွေ၊ ဆီမီးခွက်လေး တွေကိုပါ။

ကျွန်တော့်ရဲ့ငယ်စဉ်ဘဝမှာ ဖြတ်သန်းခဲ့ဖူးတဲ့ သီတင်းကျွတ် ဟာ ခုလိုမျိုး နာမည်ကြီး Live Show ကြော်ငြာတွေ၊ ရှိုးပွဲ လက်မှတ်တွေနဲ့ ဝုန်းဒိုင်းကြဲအသံတွေ ဆူညံမနေခဲ့ပါဘူး။ အချိန်တစ်ခုမှာ ကျွန်တော်ဖြတ်သန်းခဲ့ဖူးတဲ့ သီတင်းကျွတ်ဟာ စီးပွား ရေးလုပ်ငန်းရှင်တွေရဲ့ အမျိုးမျိုးသော ပရိုမိုးရှင်းကြော်ငြာတွေ၊ ဈေးနှုန်းတွေနဲ့လည်း မရင်းနှီးခဲ့ပါဘူး။

ဝါလကင်းလွတ် သီတင်းကျွတ်ချိန် ရောက်ပြီဆိုတာနဲ့ မိသား စုဝင်စစ်စစ်တွေနဲ့ တည်ဆောက်ထားတဲ့ အိမ်ငယ်လေးတွေ၊ အိမ် တိုင်းအိမ်တိုင်းရဲ့ အိမ်ရှေ့တံခါး၊ ပြတင်းတံခါးနဲ့ ဟိုဟိုဒီဒီ နေ ရာလေးတွေမှာ မီးပုံးလေးတွေ ချိတ်ဆွဲမယ်၊ ဆီမီးခွက်လေးတွေ လိုက်ထွန်းမယ်၊ ဘုရားဆောင်မှာ ဘုရားရှင်ကို ဆီမီး၊ အမွှေး နံ့သာတွေနဲ့ ပူဇော်မယ်။ ရွာမှာရှိတဲ့ ဝတ်ရွတ်အသင်းက ပရိတ်၊ ပဌာန်းတွေ ရွတ်ပြီး ဘုရားရှင်ကို ပူဇော်ကြမယ်။

ပြီးရင် ဘိုးဘွားမိဘတွေကို တစ်အိမ်ဆင်း တစ်အိမ်တက် အစဉ်အလာမပျက် လိုက်ပြီး ကန်တော့ကြမယ်၊ လူကြီးမိဘ တွေဆီက မုန့်ဖိုးတွေရလာရင် ကလေးငယ်တို့သဘာဝ ပျော်ရွှင် ကြ၊ မြူးထူးကြနဲ့ပေါ့။

ကျွန်တော်တို့ထက် ပိုပြီး လူလားမြောက်တဲ့ ကာလသား၊ ကာလသမီးတွေဆိုတာတော့ သီတင်းကျွတ်ညမှာ လှလှပပ ပြင်ဆင်ကြ၊ ခြယ်သကြနဲ့ ဆီမီးခွက်လေးတွေ အစီအရီတန်းပြီး မီးကြာလှည့်၊ အရပ်လည်းလှည့်ရင်း လူပျို၊ အပျိုပါလှည့်တတ် ကြပါတယ်။ ဒီလိုနဲ့ပဲ ရွာမှာ ဝါကျွတ်အမီ အစွံထုတ်သွားကြတဲ့ လူပျိုကြီး အပျိုကြီးတွေလည်း ရှိတတ်ပြီး ဒါကိုတော့ ဆီမီးခွက် ဖူးစာလို့ပဲ ဆိုရလေမလား။

(၃)

ငယ်ငယ်တုန်းက သီတင်းကျွတ်လပြည့်ညမှာ ဆီမီးလေး တွေထွန်းညှိပူဇော်ရင်းနဲ့ အဘိုးအဘွားတွေပြောပြထားသလို နတ်သားတွေ၊ နတ်သမီးတွေ ဆင်းလာမလားဆိုပြီး ကောင်းကင် ပေါ်ကို မျှော်ကြည့်၊ မော့ကြည့်ခဲ့ရတာလည်း တကယ့်ကိုအမှတ် တရပါ။

‘ဗုဒ္ဓဘုရားရှင်က တာဝတိံသာ နတ်ပြည်ကို ကြွပြီး ဝါဆို လပြည့်ကနေ သီတင်းကျွတ်လပြည့်နေ့အထိ အဘိဓမ္မာတရား တော်ကို ဟောကြားခဲ့တယ်တဲ့။ ဘုရားရှင်ဟာ အတိတ်ဘဝတုန်း က မယ်တော်ဖြစ်ခဲ့ဖူးတဲ့ မယ်တော်မိနတ်သားကို ကျေးဇူးဆပ်တဲ့ အနေနဲ့ နတ်ပြည်တက်ပြီး တရားဟောတာပဲဖြစ်တယ်တဲ့။

ဝါတွင်းသုံးလကာလပတ်လုံး နတ်ပြည်မှာ ကျေးဇူးဆပ် အဘိဓမ္မာတရား ဟောကြားတော်မူခဲ့တဲ့ ဘုရားရှင်ဟာ သီတင်း ကျွတ်လပြည့်ညမှာ လူ့ပြည်ကို ပြန်ဆင်းချီတော်မူပြီး အဲဒီ အချိန်မှာ မင်းနဲ့တကွ ပြည်သူအပေါင်းက ဘုရားရှင်ကို ဆီမီး၊ နံ့သာတွေနဲ့ ကြိုဆိုပူဇော်ခဲ့ကြတယ်။ အဲဒီလိုနဲ့ ဘုရားရှင်ကို မီးပူဇော်တဲ့ဓလေ့ကို ယူပြီး သီတင်းကျွတ်ရောက်တဲ့အခါတိုင်း ဆီမီးပူဇော်ပွဲတွေ ကျင်းပလာခဲ့တာ ဒီကနေ့အချိန်ထိပဲတဲ့။

သီတင်းကျွတ်ကာလ၊ မီးထွန်းပွဲတော်ဖြစ်ပေါ်လာရပုံနဲ့ပတ် သက်ပြီး ငယ်ငယ်တုန်းက လူကြီးမိဘတွေ လက်ဆင့်ကမ်း ပြောပြခဲ့တာပါ။

နတ်ပြည်ကနေ လူ့ပြည်ကို ပြန်လည်ကြွချီတော်မူခဲ့တဲ့ ဘု ရားရှင်ကို သိကြား၊ နတ်တွေကလည်း ရွှေစောင်းတန်း၊ ငွေစောင်းတန်း၊ ပတ္တမြားစောင်းတန်းတွေ ဖန်ဆင်းပြီး လိုက်ပါ ပူဇော်ကြကြောင်း ပြောပြရင်းနဲ့ လပြည့်ည မီးပူဇော်ရင် ကောင်း ကင်က နတ်သားတွေ၊ နတ်သမီးတွေ ဆင်းလာတတ်တယ်ဆိုပြီး ကျွန်တော်တို့ရဲ့ငယ်ဘဝမှာ ဘိုးဘွား မိဘတွေ ပြောပြခဲ့ တာပဲဖြစ်ပါတယ်။

(၄)

ကျောင်းနေစအရွယ် ငယ်ရွယ်စဉ်ကစပြီး လက်ရှိအချိန်ထိ ဝါကျွတ်ကာလရောက်တဲ့အချိန်တိုင်း ကုသိုလ်ဖြစ်စေတာကတော့ သီတင်းကျွတ်ချိန်မှာ ဘိုးဘွားမိဘ၊ လူကြီးမိဘတွေကို ကန်တော့ တဲ့အစဉ်အလာကောင်းတစ်ခုပါ။ သီတင်းကျွတ်ကာလမှာ ဘိုး ဘွားမိဘ၊ ဆရာသမားတွေကို ရိုသေလေးမြတ်စွာ ပူဇော်ကန် တော့ကြတဲ့ အစဉ်အလာဟာလည်း ဗုဒ္ဓဘာသာယဉ်ကျေးမှုက နေ ဆင်းသက်လာခဲ့တာပဲဖြစ်ပါတယ်။

သီတင်းကျွတ်လပြည့်နေ့မှာ ဘုရားသားတော်များဖြစ်တဲ့ သာသနာ့ဝန်ထမ်း ရှင်ရဟန်းတွေ ပဝါရဏာပြုကြတယ်။ (ပဝါရ ဏာဆိုတာ အပြစ်ရှိက မိမိအပေါ် ပြောဆိုဆုံးမနိုင်ရန် အချင်း ချင်း ဖိတ်ကြားထားခြင်းပါပဲတဲ့)။ ရဟန်းသံဃာတွေ အချင်းချင်း ပဝါရဏာပြုတဲ့နည်းတူ ဗုဒ္ဓဘာသာဝင် ဒကာ၊ ဒကာမတွေက လည်း မိမိတို့ထက် အသက်ဂုဏ်ဝါကြီးမြင့်သူ သက်ကြီးရွယ်အို။ ဘိုးဘွားမိဘတွေရဲ့ရှေ့မှောက် ဒူးထောက်ဝပ်တွားပြီး ပြစ်မှားမိ တာတွေရှိခဲ့ရင် ခွင့်လွှတ်ကျေအေးပေးဖို့ ဒီသီတင်းကျွတ်ကာလ မှာ တောင်းပန်ဝန်ချ ကန်တော့ကြတာပဲဖြစ်ပါတယ်။

ငယ်ရွယ်သူတွေအနေနဲ့ မသိတဲ့အလျောက်၊ မိုက်မဲတွေဝေ တဲ့အလျောက် လူကြီးမိဘတွေအပေါ်မှာ ပြစ်မှားမိတဲ့လုပ်ရပ်လေး တွေ ရှိကောင်းရှိနိုင်တာအမှန်ပါ။ ဒီလိုအချိန်မျိုးမှာ ပြစ်မှားမိတဲ့ အပြစ်တွေ ဆေးကြောနိုင်ဖို့ တောင်းပန်ဝန်ချ ကန်တော့ကြတယ် ဆိုတဲ့အစဉ်အလာဟာ ဗုဒ္ဓဘာသာ မြန်မာလူမျိုးတွေအတွက် ဘယ်လောက်များ ချစ်စရာကောင်းတဲ့ ဓလေ့ထုံးတမ်းတစ်ခုလဲလို့ တွေးကြည့်မိတယ်။ ဒီအစဉ်အလာဟာ ဘယ်နိုင်ငံမှာမှ မရှိတဲ့ ဂုဏ်ယူစရာ ယဉ်ကျေးမှုတစ်ခုလို့တောင် ပြောလိုက်ချင်ပါတယ်။

ဘုရားရှင်ဟောကြားထားတဲ့ မင်္ဂလာတရားတော်ထဲမှာ ပူဇော် ပူဇော်ထိုက်သူကို ပူဇော်ကန်တော့ရမယ်(ပူဇာစ ပူဇ နေ ယျာနံ)ဆိုတာ ပါသလို ရိုသေထိုက်သူကို ရိုသေရမယ်(ဂါရဝေါစ) ဆိုတာလည်း ပါဝင်ပါတယ်။ ဒါ့အပြင် ‘ဆိုဆုံးမလွယ်သူ ဖြစ်ခြင်း (သောဝစဿတာ)’ဟာလည်း မင်္ဂလာတစ်ပါးလို့ ဘုရားရှင် ဟောကြားတဲ့အတွက် သီတင်းကျွတ်ကာလမှာ လူကြီး မိဘ၊ ဆရာသမားတွေကို ပူဇော်ကန်တော့ခြင်းဟာ မင်္ဂလာတရားနဲ့ အညီ မင်္ဂလာရှိရှိ ပြုမူဆောင်ရွက်ခြင်းပဲ ဖြစ်ပါတယ်။

‘ယဉ်ကျေးမှု’ဆိုတဲ့စကားကို ‘သိမ်မွေ့ပြေပြစ်သော အပြုအ မူ’၊ ‘အစဉ်အလာ ထိန်းသိမ်းလာခဲ့သော ဓလေ့ထုံးတမ်း၊ ဓလေ့ ကျင့်ဝတ်’လို့ ဖွင့်ဆိုထားတာ မှတ်သားဖူးပါတယ်။

ရှေးနှစ်ပေါင်းများစွာကစလို့ သီတင်းကျွတ်လပြည့်၊ အဘိ ဓမ္မာအခါတော်နေ့မှာ ဆီမီးပူဇော်ပွဲတွေကျင်းပကြသလို ဝါကျွတ် ကာလမှာ ဘိုးဘွားမိဘတွေကို မမေ့မလျော့ကန်တော့ကြတာဟာ ဗုဒ္ဓဘာသာ ယဉ်ကျေးမှုတစ်ခုပါပဲ။ အစဉ်အဆက် လက်ဆင့် ကမ်းထိန်းသိမ်းလာခဲ့တဲ့ ဒီယဉ်ကျေးမှု၊ ချစ်စရာ မြန်မာ့ဓလေ့ထုံး တမ်းတစ်ခု စီးဆင်းသွားနေသမျှလည်း ပျော်စရာ သီတင်းကျွတ်ပွဲတော်နဲ့အတူ ယဉ်ကျေးတဲ့လူ့အဖွဲ့အစည်းတစ်ခု ဆက်လက် စီးဆင်းရှင်သန်နေဦးမယ့်သဘောပါပဲ။

(၅)

မကြာခင်ရက်ပိုင်းမှာပဲ ရန်ကုန်-မန္တလေး အဝေးပြေးလမ်းမ ကြီးပေါ်မှာ သီတင်းကျွတ်ရုံးပိတ်ရက် အိမ်ပြန်ကြမယ့်သူတွေ၊ ပွင့်လင်းရာသီမှာ အားလပ်ရက် ခရီးထွက်ကြမယ့်သူတွေနဲ့ ဝါ ကျွတ်ကာလဟာ ပိုမိုပြီးတော့ သက်ဝင်လှုပ်ခတ်လာဖို့ ရှိနေပါ တယ်။ မိုးလေကင်းလွတ် သီတင်းကျွတ်ပြီဆိုတဲ့အချိန်မှာ ဆောင်း အမီ အကြောင်းညီညွတ်စွာ ပေါင်းဖက်ဖို့ အားခဲကြိတ်ကြံနေကြ တဲ့ မောင်မယ်စုံတွေအတွက် မင်္ဂလာနေ့ရက်တစ်ခု မကြာခင် ရောက်လာတော့မှာဖြစ်သလို ပွင့်လင်းရာသီစတင်ချိန်မှာ ဘယ် နေရာ၊ ဘယ်ဒေသက ဘယ်တန်ခိုးကြီးဘုရားတွေကို သွားဖူးကြ မယ်ဆိုပြီ ပြင်ဆင်နေသူတွေလည်း ရှိနေလောက်ပါပြီ။ ကျောင်း ဖွင့်ချိန် ဇွန်လလောက်ကတည်းက ကျောင်းစာသင်ခန်း၊ အတန်း စာတွေနဲ့ နပန်းလုံးခဲ့ရတဲ့ ကျောင်းသားလူငယ်တွေအတွက်လည်း သီတင်းကျွတ်ကျောင်းပိတ်ရက်မှာ ပျော်စရာအချိန်တွေ ရရှိလာ ဦးမှာပါ။

ဒါဟာ သီတင်းကျွတ်ကာလနဲ့ပတ်သက်ပြီး ကျွန်တော်တို့ အားလုံးအတွက် ဘယ်တော့မှ ရိုးမသွားနိုင်တဲ့ ဆွတ်ပျံ့မှု၊ ခံစား မှုတွေလို့ပဲ ဆိုချင်ပါတယ်။

ဝါလကင်းလွတ် သီတင်းကျွတ်ကို ချစ်တတ်သူတွေအားလုံး ဝါကျွတ်ကာလမှာ ချစ်စရာမြန်မာဓလေ့ အငွေ့အသက်တွေနဲ့အ တူ ပျော်စရာနေ့ရက်တွေ ရရှိခံစားနိုင်ကြပါစေ …ခင်ဗျာ။

မိုးအောင်လင်းနိုင် (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top