ဝူဟန်ဗိုင်းရပ်စ်ထက် ပိုကြောက်စရာကောင်းတဲ့ သတင်းတုဗိုင်းရပ်စ်

yyl-039.jpg

ဝူဟန်မြို့ကနေ အစပြုခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ်သစ်(ဝူဟန်ဗိုင်းရပ်စ်လို့ လူသိများ)ကြောင့် သေဆုံးသူ ၃၆၁ ယောက်အထိ ရှိနေပြီး ကူးစက်ခံရသူ ၁၇,၀၀၀ ကျော်ရှိနေပါတယ်။ ဖိလစ်ပိုင်နိုင်ငံကို ရောက်ရှိချိန်မှာ သေဆုံးခဲ့တဲ့ တရုတ်နိုင်ငံသား တစ်ယောက်ကလွဲပြီး ကျန်တဲ့သူအားလုံးကတော့ တရုတ်နိုင်ငံမှာပဲ သေဆုံးခဲ့ကြတာပါ။ ကမ္ဘာ့နိုင်ငံပေါင်း(၂၀)ကျော်ကို ကူးစက်ပျံ့နှံ့ခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ်သစ်အတွက် မြန်မာနိုင်ငံမှာလည်း စိုးရိမ်ပူပန်မှုတွေ ရှိခဲ့ပါတယ်။

ဝူဟန်ဗိုင်းရပ်စ်က မျက်စိကနေတစ်ဆင့် ကူးနိုင်တယ်ဆိုတဲ့ သတင်းတုတွေက လူတွေကို ကြောက်စိတ်ပိုစေခဲ့ပါတယ်။ တရုတ်ဆရာဝန်တစ်ယောက်ဟာ ဝူဟန်ဗိုင်းရပ်စ်ကူးစက်ခံထားရသူတွေကို သွားရောက်ကြည့်ရှုစစ်ဆေးချိန်မှာ Mask တပ်ထားပေမဲ့ ဝူဟန်ဗိုင်းရပ်စ် ကူးစက်ခံခဲ့ရပါတယ်။ သူ့အနေနဲ့ ဗိုင်းရပ်စ်ကူးစက်ခံထားရသူတွေကို သွားကြည့်ချိန်မှာ အကာအကွယ်မျက်မှန် မတပ်ခဲ့မိဘူးလို့ ပြောမိရာကစပြီး အကြည့်ချင်းဆုံရင် ဗိုင်းရပ်စ်ကူးတယ်ဆိုတဲ့ သတင်းတုတွေ ထွက်လာတာပါ။ ရန်ကုန်လေဆိပ်ရဲ့ ကျန်းမာရေးစစ်ဆေးမှုပုံစံနဲ့ပတ်သက်ပြီး ဒွိဟဖြစ်စရာ သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။

သတင်းတုတွေကြောင့် Mask တွေ ရောင်းအားကောင်းခဲ့ပြီး Mask ဈေးနှုန်းတွေတောင် မြင့်တက်သွားခဲ့ပါတယ်။ တခြားနိုင်ငံတွေမှာတော့ Mask တွေကို ဈေးတင်ပြီးရောင်းရင် ဒဏ်ငွေပြင်းပြင်းထန်ထန် ချမှတ်တာမျိုး လုပ်လေ့ရှိပါတယ်။ ဒီနေရာမှာ ပွဲလန့်တုန်း ဖျာခင်းချင်သူတွေကို ထိန်းချုပ်နိုင်ဖို့ စည်းမျဉ်းချမှတ်ဖို့ လိုတယ်ဆိုတာ ထင်ရှားလာပါတယ်။ ဒီနေ့လို လူမှုကွန်ရက် အားကောင်းတဲ့ကာလမျိုးမှာ သတင်းတုတွေက ပျံ့နှံ့မှု အရမ်းမြန်ပါတယ်။ ”အမှန်တရားက ဖိနပ်စီးနေချိန်မှာပဲ မုသားက ကမ္ဘာပတ်ပြီးသွားပြီ”ဆိုတဲ့ ဆိုရိုးစကားလိုပေါ့။ အွန်လိုင်းနဲ့အသားကျနေပြီး ပညာရေးရေချိန်မြင့်ပြီးသား နိုင်ငံတွေမှာတောင် သတင်းတုအန္တရာယ်တွေ ရှိနေဆဲပါ။ အယုံလွယ်သူများလေလေ သတင်းတုတွေက ပျံ့နှံ့မှုအားကောင်းလေလေပါပဲ။

သတင်းတုတွေကို တိုက်ဖျက်နိုင်ဖို့အတွက် တာဝန်ရှိတဲ့အဖွဲ့အစည်းတွေက တိကျရှင်းလင်းတဲ့ သတင်းအချက်အလက်မှန်တွေကို အမြန်ဆုံး ထုတ်ပြန်ပေးဖို့ လိုအပ်ပါတယ်။ အခုလို အခြေအနေမျိုးမှာ နိုင်ငံပိုင်ရုပ်သံလိုင်းတွေနဲ့ အစိုးရသတင်းဌာနတွေက အချက်အလက်စုံလင်ပြီး တိကျခိုင်မာတဲ့ သတင်းတွေ ထုတ်ပြန်ပေးဖို့ လိုအပ်ပါတယ်။ ဒါဆိုရင် သူတို့ရဲ့ အခန်းကဏ္ဍ အရေးပါမှုကို မီးမောင်းထိုးပြနိုင်မယ့် အခြေအနေပါ။ ဒါမှပဲ ပြည်သူလူထုတွေ စိုးရိမ်ကြောင့်ကြမှု ကင်းဝေးမှာပါ။ ကျန်းမာရေးဝန်ကြီးဌာနနဲ့ ပြန်ကြားရေးဝန်ကြီးဌာနလို တာဝန်ရှိတဲ့ အဖွဲ့အစည်းတွေ ပူးပေါင်းပြီး ပြည်သူတွေအတွက် အချိန်တိုအတွင်း မှန်ကန်တဲ့ သတင်းတွေ မထုတ်ပြန်ပေးနိုင်ဘူးဆိုရင်တော့ သတင်းတုတွေရဲ့ ခြောက်လှန့်မှုတွေကို ပြည်သူတွေ ခံစားနေရဦးမှာပါ။ ဝူဟန်ဗိုင်းရပ်စ်ကိုရော သတင်းတုဗိုင်းရပ်စ်ကိုပါ တားဆီးကာကွယ်နိုင်စေဖို့ ရည်သန်ရေးသားလိုက်ရပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top