ဘောလိဝုဒ်အကျော်အမောမင်းသားကြီး ရှရွတ်ခန်းဟာ မကြာသေးခင်ကမှ ဒူဘိုင်းမှာရှိတဲ့ သူ့ပရိသတ်တွေထဲက တစ်ဦးကို တွေ့ဆုံဖြစ်ခဲ့ပါတယ်။ သူတို့တွေ့ဆုံတဲ့ဗီဒီယိုတစ်ခုက လူမှုကွန်ယက်မှာ ပျံ့နှံ့နေခဲ့တာပါ။
ဒူဘိုင်းရှိ Global Village မှာပြုလုပ်တဲ့ ပွဲတစ်ပွဲအတွင်း ရှရွတ်ခန်းက သူ့ရဲ့ပရိသတ်ကောင်မလေးဖြစ်တဲ့ ရှန်ဇာကို စင်မြင့်ထက် ဖိတ်ကြားပြီး ရယ်ရယ်ပြုံးပြုံးနဲ့ တွေ့ဆုံနေခဲ့တာကို မြင်တွေ့ခဲ့ရတာပါ။ ပရိသတ်ကောင်မလေးကို အချိန်ပေးပြီး စကားတွေလည်းပြောခဲ့ပါတယ်။ “ဟိုင်း…နေကောင်းလား။ တွေ့ဆုံခွင့်ရတာ တကယ်ဝမ်းသာပါတယ်” လို့ ရှရွတ်ခန်းက ရှန်ဇာကို နှုတ်ဆက်စကားပြောနေခဲ့ပါတယ်။

ရှန်ဇာကလည်း ရှရွတ်ခန်းအပေါ် ထားတဲ့ သူ့ရဲ့ချစ်ခြင်းမေတ္တာတွေကို ဖော်ပြခဲ့သလို သူ့ရဲ့နာမည်ကြီးဇာတ်ဝင်ခန်းစကားပြောတွေထဲက တစ်ခုကို ပြန်ပြောပြဖို့လည်း တောင်းဆိုခဲ့ပါတယ်။ သူ့ဇာတ်ကားတွေထဲမှာ ပြောခဲ့တဲ့ စကားလား၊ အခြားသရုပ်ဆောင်တွေရဲ့စကားကိုလားလို့ ရှရွတ်ခန်းက ပြန်မေးခွန်းထုတ်ခဲ့ပါတယ်။ ရှန်ဇာက ရှရွတ်ခန်းရဲ့ဇာတ်ကားဇာတ်ဝင်ခန်းစကားပြောကိုပါတဲ့။
ရှရွတ်ခန်းက သူ့ပရိသတ်ကောင်မလေးရှန်ဇာရဲ့တောင်းဆိုမှုကို ၂၀၀၇ ခုနှစ်ရဲ့ဇာတ်ကား Om Shanti Omထဲက စကားပြောတစ်ခုနဲ့ ဖြည့်ဆည်းပေးခဲ့ပါတယ်။ “ငါ့မျက်လုံးတွေကို ကြည့်ပြီး ငါ့နားတိုးလာခဲ့ပါ…တိုးလာခဲ့ပါ…တိုးလာခဲ့ပါ”တဲ့။
ရှန်ဇာကိုရော သူ့ရဲ့ပွဲလာပရိသတ်တွေကိုရောပါ စိတ်ကျေနပ်စေခဲ့ပါတယ်။ လူမှုကွန်ယက်အသုံးပြုသူတချို့ကဆိုရင် ရှန်ဇာကို ရှရွတ်ခန်းနဲ့ တွေ့ဆုံဖို့ အခွင့်အရေးရရှိခဲ့တဲ့ ကံကောင်းတဲ့ကောင်မလေးအဖြစ် ပြောဆိုနေကြပါတယ်။
Ref: Shah Rukh Khan calls Pakistani fan on stage in Dubai
WL (ရိုးရာလေး)