ဒေါ်နယ်ထရမ့်ကို ရုံးတင်စစ်ဆေးချိန်မှာ စည်းမျဉ်းတွေနဲ့ပတ်သက်ပြီး ပါတီနှစ်ခုရဲ့ လွှတ်တော်အမတ်တွေ ထိပ်တိုက်တွေ့

yyl-020-11.jpg

ဒေါ်နယ်ထရမ့်ကို ရုံးတင်စစ်ဆေးနေချိန်မှာ စွဲချက်တင်မှုနဲ့ပတ်သက်တဲ့ သက်သေအထောက်အထားသစ်တွေ ရရှိဖို့ ဒီမိုကရက်တစ်ပါတီဝင် လွှတ်တော်အမတ်တွေရဲ့ ထပ်ဖန်တလဲလဲ ကြိုးပမ်းမှုကို အမေရိကန်အထက်လွှတ်တော်က ပယ်ချခဲ့ပါတယ်။ ပြီးခဲ့တဲ့အင်္ဂါနေ့က စွဲချက်တင်ရေး ရုံးတင်စစ်ဆေးမှုမှာ မှတ်တမ်းမှတ်ရာတွေနဲ့ သက်သေအထောက်အထားတွေ ရရှိဖို့ ဒီမိုကရက်တစ်ပါတီဝင် အထက်လွှတ်တော်အမတ်တွေက (၃)ကြိမ်တိုင်တိုင် ကြိုးစားခဲ့ပေမဲ့ မဲခွဲဆုံးဖြတ်ရာမှာ ကိုယ့်ပါတီဘက်ကိုယ်ရပ်တဲ့ မဲပေးမှုအရ ရီပတ်ဗလစ်ကန်ပါတီက ၅၃ မဲ-၄၇ မဲနဲ့ အနိုင်ရခဲ့ပါတယ်။ ယူကရိန်းနိုင်ငံအရေးမှာ ဒေါ်နယ်ထရမ့်ရဲ့ကိုင်တွယ်ပုံကို မှတ်သားထားတဲ့ အိမ်ဖြူတော်မှတ်တမ်းတွေကို ပေးအပ်စေဖို့အတွက် အထက်လွှတ်တော်ရဲ့ ဒီမိုကရက်တစ်ပါတီခေါင်းဆောင် ချက်ရှူးမားက အမိန့်စာထုတ်ခိုင်းတဲ့ အဆိုပြုချက် တင်သွင်းခဲ့ပေမဲ့ အထက်လွှတ်တော်အမတ်တွေက ပိတ်ပင်ခဲ့ပါတယ်။

ဒါ့အပြင် နိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ အိမ်ဖြူတော် ငွေစာရင်းရုံးရဲ့ အသံမှတ်တမ်းတွေ၊ စာရွက်စာတမ်းတွေကို ပေးအပ်ဖို့ အမိန့်ထုတ်ပြန်ခိုင်းတဲ့ အဆိုပြုချက်တွေကိုလည်း ရီပတ်ဗလစ်ပါတီဝင် အထက်လွှတ်တော်အမတ်တွေက ပယ်ချခဲ့ပါတယ်။ ”အမေရိကန်နိုင်ငံသားအများစုက ဒေါ်နယ်ထရမ့်ကို ရုံးတင်စစ်ဆေးမှု မျှတလိမ့်မယ်လို့ မယုံကြည်ကြပါဘူး။ လွှတ်တော်က ဘက်လိုက်မှာမဟုတ်ဘူးလို့လည်း သူတို့ မယုံကြည်ကြပါဘူး။ ဒီရလဒ်က ကြိုတင်စီစဉ်ထားပြီးသားလို့ သူတို့ ယုံကြည်နေပါတယ်”လို့ ဒီမိုကရက်တစ်ပါတီဝင် အောက်လွှတ်တော်အမတ် အဒမ်ရှစ်က ပြောပါတယ်။ ရီပတ်ဗလစ်ကန်ပါတီဝင်တွေရဲ့ ဖိအားပေးမှုကြောင့် ကြားနာမှုတွေ တက်သုတ်ရိုက်ဆောင်ရွက်မယ့် အစီအစဉ်ကို အထက်လွှတ်တော်ရဲ့ ရီပတ်ဗလစ်ကန်ပါတီခေါင်းဆောင် မက်ကွန်နယ်က ရုပ်သိမ်းခဲ့ပါတယ်။ ဒါဟာ ဒေါ်နယ်ထရမ့်ကို ဖုံးကွယ်ပေးတာနဲ့ မခြားဘူးလို့ ဒီမိုကရက်တစ်ပါတီဝင်တွေက ပြောပါတယ်။ ဒေါ်နယ်ထရမ့်ဟာ အာဏာအလွဲသုံးစားလုပ်မှု၊ လွှတ်တော်ရဲ့ စုံစမ်းစစ်ဆေးမှုကို ပိတ်ပင်ဟန့်တားမှု အစရှိတဲ့ စွဲချက်တွေ ရင်ဆိုင်နေရပါတယ်။ ဒေါ်နယ်ထရမ့်ကတော့ အမှားအယွင်းလုပ်ခဲ့ခြင်းမရှိဘူးလို့ ငြင်းဆန်ထားပြီး သူ့အပေါ် စွပ်စွဲမှုတွေက အလိမ်အညာတွေလို့ တုံ့ပြန်ထားပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top