စားဝတ်နေရေးအတွက် ဘားဆိုင်မှာ သီချင်းဆိုခဲ့ရတဲ့ အိမ်ခြေရာမဲ့ဘဝကနေ ကမ္ဘာကျော်အဆိုတော် ဖြစ်လာခဲ့သူ ရှာနီယာတွိန်း

27.2.2023-image-4.jpg

” ဘားတွေကို သွားပြီး မူးနေတဲ့သူတွေကို သီချင်းဆိုပြနေရတဲ့ဘဝကို မုန်းလိုက်တာလို့ တွေးမိဖူးပါတယ်။ ဒါပေမဲ့ ဂီတဟာ ကျွန်မရဲ့ အသွေးအသား။ ကျွန်မရဲ့အချစ် ဖြစ်ခဲ့လို့ ဆက်ရှင်သန်နိုင်ခဲ့တာပါ”

ရှာနီယာတွိန်းဟာ မိသားစု စားဝတ်နေရေးကြောင့် ၈ နှစ်သမီးအရွယ်ကတည်းက ဘားတွေမှာ ညဘက် သီချင်းဆိုရပါတယ်။ ၂ နှစ်သမီးအရွယ်မှာပဲ သူ့မိဘနှစ်ပါး ကွာရှင်းပြတ်စဲခဲ့ပြီး သူ့အမေ ရှာရွန်က ဂျယ်ရီတွိန်းနဲ့ လက်ထပ်ခဲ့တာပါ။ မိဘနှစ်ပါးလုံး ဝင်ငွေက မကောင်း၊ အိမ်ထောင်ရေးက အဆင်မပြေ၊ အိမ်တွင်းရေး အကြမ်းဖက်မှုတွေကြားမှာ ရှာနီယာတွိန်းက အမကြီး၊ အမိရာ အနေနဲ့ ညီမလေးနှစ်ယောက်ကို စောင့်ရှောက်ခဲ့ရပါတယ်။

ညနက်ပိုင်းကနေ နံနက် ၁ နာရီလောက်အထိ ဘားမှာ သီချင်းဆိုတဲ့အခါ ဒေါ်လာ ၂၀ လောက် ရတတ်တယ်။ ၁၅ နှစ်သမီးအရွယ်က သူ့ပထွေးရဲ့သစ်တောထူထောင်ရေးလုပ်ငန်းခွင်မှာ ပင်ပန်းဆင်းရဲကြီးစွာ အလုပ်လုပ်ခဲ့ရတယ်။ နေ့စဉ်နေ့တိုင်း မိုင်နဲ့ချီတဲ့ခရီးကို လမ်းလျှောက်သွားရပြီး သစ်ပင်တွေ အများကြီးကိုလည်း သယ်ရတယ်။ ဒီဒဏ်တွေခံရင်းနဲ့ ပိုကြံ့ခံသန်စွမ်းလာခဲ့တဲ့ ရှာနီယာက ပညာကိုလည်း ကြိုးစားသင်ယူရင်း ၁၈ နှစ်အရွယ်မှာ အလယ်တန်းကျောင်း ပြီးဆုံးတယ်။

တိုရွန်တိုမြို့မှာ ဂီတဆရာ အီယန်ဂါးရတ်ထံမှာ အဆိုပညာသင်တယ်။ ဒါပေမဲ့ သင်တန်းကြေးမပေးနိုင်တော့ အိမ်သန့်ရှင်းရေးလုပ်ပေးပြီး အဆိုပညာသင်ခဲ့တာပါ။

ရှာနီယာတွိန်းက ၁၆ နှစ်အရွယ်မှာ သူ့ပထွေးဆီကနေ ထွက်ပြေးဖို့ သူ့အမေကို တိုက်တွန်းခဲ့ဖူးတယ်။ အဲဒီတုန်းက သူတို့ သားအမိ ၄ ယောက် အိမ်ရာမဲ့စခန်းမှာ သွားနေခဲ့ကြတာပါ။ ဒါပေမဲ့ နောက်ဆုံးတော့ သူ့အမေက သူ့ပထွေးဆီ ပြန်သွားခဲ့တယ်။ ရှာနီယာတွိန်း ၂၇ နှစ်အရွယ်မှာတော့ ယာဉ်မတော်တဆမှုဖြစ်ပြီး သူ့အမေရော၊ သူ့ပထွေးရော ကွယ်လွန်သွားခဲ့တာပါ။

ဒီတော့ ရှာနီယာတွိန်းက ညီမလေးတွေကို သွားခေါ်လာပြီး သီချင်းဆိုကာ ရှာကျွေးရတာပေါ့။ ညီမလေးတွေ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်ပြီး သူနဲ့ ခွဲခွာသွားချိန်မှာ ရှာနီယာက ခွေထုတ်ဖို့ကိစ္စလုပ်တယ်။ သူ့နာမည်ကို ခေါင်းစဉ်ပေးထားတဲ့ ပထမဆုံးစီးရီးက မျှော်မှန်းသလောက် မအောင်မြင်ခဲ့ဘူး။ ဒါပေမဲ့ ဂီတဝေဖန်ရေးသမားတွေကတော့ အပြုသဘောဆောင်တဲ့ မှတ်ချက်တွေ ပေးကြတယ်။

ရှာနီယာတွိန်းဆိုတာ “You’re Still the One”၊ “From This Moment On”၊ “That Don’t Impress Me Much” ၊”Man! I Feel Like a Woman! အစရှိတဲ့ သီချင်းတွေနဲ့ အောင်မြင်ခဲ့ပြီး ၁၉၉၀ ပြည့်နှစ်တစ်ဝိုက်က country-pop ဘုရင်မအဖြစ် သတ်မှတ်ခံခဲ့ရသူပါ။ ကမ္ဘာတစ်ဝန်းမှာ ဓာတ်ပြား သန်းဆယ်ချီ ရောင်းချခဲ့ရပြီး ဂရမ်မီဆု ၅ ဆုရခဲ့ကာ Hollywood Walk of Fame မှာ ထည့်သွင်းဂုဏ်ပြုခံခဲ့ရတဲ့ ကနေဒါအဆိုတော်ဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ အသက် ၅၇ နှစ် ရှိပါပြီ။

Ref: Shania Twain

NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top