အသက်ကြီးမှ မော်ဒယ်အလုပ်စလုပ်ခဲ့တဲ့ အသက် (၆၅) နှစ်အရွယ် ဖက်ရှင်မော်ဒယ်

20-10-2020-yyl-013.jpg

“အိပ်မက်နောက်လိုက်ဖို့ဆိုတာ ဘယ်တော့မှ နောက်ကျတယ်မရှိ”ဆိုတဲ့စကားကို အသက် (၆၅) နှစ်အရွယ်အမျိုးသမီးတစ်ဦးက သက်သေပြလိုက်ပါပြီ။ ချုံချင့်မြို့က ဝမ် ယွီဟွာ (Wang Yuehua) ဆိုတဲ့ အသက်(၆၅)နှစ်အရွယ် မော်ဒယ်က တလျန်မြို့မှာကျင်းပခဲ့တဲ့ 2020 China Fashion Week for Middle-Aged and Senior People ပွဲမှာ Lifetime Achievement in Modelling ဆုကို ရရှိပိုင်ဆိုင်ခဲ့ပါတယ်။ နှစ်စဉ်ကျင်းပတဲ့ ဒီပွဲဟာ စီရင်စု (၂၀) က မော်ဒယ် အယောက် (၃၀၀) တက်ရောက်တဲ့ အာရှနိုင်ငံမှာ အကြီးမားဆုံးဖက်ရှင်ပြပွဲဖြစ်ပါတယ်။

ဝမ်ဟာ ငယ်ငယ်လေးကတည်းက အနုပညာအလုပ်ကို စိတ်ဝင်စားခဲ့တာပါ။ အနုပညာအဖွဲ့မှာ ပါဝင်ဖို့အတွက် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အောင်မြင်ခဲ့ပေမဲ့ မိသားစုအခြေအနေကြောင့် အဖွဲ့ကနေ ထွက်ပစ်ခဲ့ရပါတယ်။ နောက်ပိုင်းကျတော့ စက်ရုံတစ်ခုမှာ အလုပ်လုပ်ခဲ့ပြီး စားသောက်ဆိုင်ဖွင့်ခဲ့ပါတယ်။ အသက် ၅၄ နှစ်ရောက်တော့ ဝမ်က သူ့ရဲ့အိပ်မက်ကို နောက်တစ်ကြိမ် အကောင်အထည်ဖော်ဖို့ ဆုံးဖြတ်ချက်ချခဲ့ပါတယ်။ သူ့ရဲ့စီးပွားရေးလုပ်ငန်းကို ပိတ်ပစ်ခဲ့ပြီး အသက်ကြီးပိုင်တွေ အဆို၊ အကတွေသင်ယူနိုင်တဲ့ ကောလိပ်မှာ ဝင်ခွင့်လျှောက်ထားခဲ့ပါတယ်။

ဝမ်က နိုင်ငံတကာဆုရ ပရောဖက်ရှင်နယ်မော်ဒယ်တစ်ဦးဖြစ်တဲ့ သူ့သမီးရဲ့အကူအညီနဲ့ နောက်ဆုံးတော့ မော်ဒယ်တစ်ယောက်အနေနဲ့ စင်မြင့်ထက်မှာ လျှောက်လှမ်းခွင့်ရခဲ့ပါတယ်။ မော်ဒယ်အလုပ်မှာ တိုးတက်ဖို့အတွက်လည်း ပေကျင်းမှာရှိတဲ့ လေ့ကျင့်သင်ကြားပေးရေးပရိုဂရမ်တော်တော်များများကိုဝင်ရောက်ခဲ့ပြီး မော်ဒယ်နည်းပြဖြစ်လာခဲ့ပါတယ်။

၂၀၁၈ခုနှစ်မှာ ဝမ်နဲ့သူ့သမီးနှစ်ဦးပေါင်းပြီး သက်ကြီးပိုင်တွေအတွက် မော်ဒယ်အလုပ်နဲ့ပတ်သက်တဲ့ သင်ခန်းစာတွေ ပို့ချဖို့အတွက် အနုပညာသင်တန်းကျောင်းဖွင့်ခဲ့ပါတယ်။ “မော်ဒယ်အလုပ်က သက်ကြီးပိုင်တွေအတွက် ကောင်းတဲ့လေ့ကျင့်ခန်းပါ။ သူတို့ကို ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုပိုရှိလာစေနိုင်တယ်။ သူတို့ရဲ့ရည်မှန်းချက်ကိုလည်း အကောင်အထည်ဖော်လာစေနိုင်တယ်။ ကျွန်မတို့လို သက်ကြီးပိုင်မော်ဒယ်တွေက အဝတ်အစားတွက်တင် သရုပ်ပြရတာမဟုတ်ပါဘူး။ ကျွန်မတို့ကိုယ်တိုင်အတွက်ရောပါ”လို့ ဝမ်က ဆိုပါတယ်။

ဝမ်က အသက် (၆၅) နှစ်အရွယ်ဖြစ်ပေမဲ့ အရွယ်တင်နုပျိုကျစ်လျစ်နေရခြင်းရဲ့လျှို့ဝှက်ချက်ကိုလည်း မျှဝေခဲ့ပါတယ်။ ” ပုံမှန် ကိုယ်လက်လှုပ်ရှားမှုလေ့ကျင့်ခန်းလုပ်ပြီး (၇၀) ရာခိုင်နှုန်းလောက်ပဲ ဗိုက်ပြည့်အောင် သင့်တင့်မျှတစွာ စားသုံးပါ”လို့ ပြောပါတယ်။ ဝမ်က တရုတ်နိုင်ငံရဲ့မော်ဒယ်လောကမှာ သက်ကြီးပိုင်နဲ့အလယ်လတ်ပိုင်းမော်ဒယ်တွေကို တောင်းဆိုမှုများနေတယ်လို့ ပြောပါတယ်။ ဝမ်က တရုတ်လူမျိုးသက်ကြီးပိုင်လူတွေကို ပိုပြီးလှသွားအောင် ဆက်ပြီးကူညီသွားမယ်လို့လည်း ဆိုပါတယ်။ “အသက်ကြီးတဲ့လူတွေကို ပိုလှလာအောင် ကူညီပေးဖို့အတွက် ဒီနယ်ပယ်မှာ အလုပ်ဆက်လုပ်သွားမှာပါ”လို့ ဝမ်က ပြောပါတယ်။

Ref: AsiaOne “She’s a 65-year-old fashion model who started modelling at 54”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top