ကျန်းမာရေးအတွက် နေရောင်အောက်မှာ အချိန် ဘယ်လောက်ကြာကြာနေပေးသင့်လဲ

22-10-2020-yyl-004.jpg

နေရောင်ခြည်က ဗီတာမင် ဒီဓာတ်ရနိုင်တဲ့ အရင်းအမြစ်ဆိုတာကို ကျွန်တော်အားလုံး သိကြပါတယ်။ ကျွန်တော်တို့ခန္ဓာကိုယ် ကောင်းကောင်းလုပ်ဆောင်နိုင်ဖို့အတွက် သင့်တင့်မျှတတဲ့ ဗီတာမင်ဒီဓာတ် လိုအပ်ပါတယ်။ ဒါပေမဲ့ နေရောင်ခြည်က ကျွန်တော်တို့ကို ဗီတာမင်ဓာတ်ပေးစွမ်းနေပေမဲ့ ကမ္ဘာတစ်ဝှမ်းက လူအများစုဟာ ဗီတာမင်ဒီဓာတ် ချို့တဲ့နေတုန်းပါပဲ။ နေလောင်ဓာတ်ခံရမှာဆိုးတဲ့အတွက် နေရောင်အောက်မှာ အချိန်တော်တော်ကြာမနေတဲ့အတွက်ကြောင့်ဖြစ်ပါတယ်။ ဒါ့အပြင် အစားအစာတွေကနေလည်း ဒီအာဟာရဓာတ်ကို လုံလုံလောက်လောက်မရရှိတဲ့အတွက်ကြောင့်ဖြစ်ပါတယ်။ ဒါကြောင့် ဗီတာမင်ဒီဓာတ်လုံလုံလောက်လောက် ရဖို့အတွက် နေရောင်ခြည်အောက်မှာ ဘယ်လောက်ကြာကြာနေသင့်လဲဆိုတာကို စာဖတ်ပရိသတ်တွေ သိရဖို့အတွက် ဖော်ပြပေးလိုက်ရပါတယ်။

နေရောင်အောက်မှာ ဘယ်လောက်ကြာကြာနေဖို့ လိုအပ်လဲ

ဒီမေးခွန်းအတွက် အဖြေကို ပြောရမယ်ဆိုရင် Polytechnic University of Valencia က သုတေသီတွေဟာ ဒါနဲ့ပတ်သက်ပြီး လေ့လာစမ်းသပ်ချက်တွေပြုလုပ်ခဲ့ကြပါတယ်။ ဒီလေ့လာချက်မှာ တွေ့ရှိချက်တွေကိုလည်း Journal Science of the Total Environment မှာ ရေးသားဖော်ပြခဲ့ပါတယ်။ လေ့လာချက်မှာတော့ နွေရာသီဆိုရင် နေရောင်အောက်မှာ (၁၀) မိနစ် ကနေ မိနစ် (၂၀) လောက် နေတာက လုံလောက်ပြီး ဆောင်းရာသီမှာဆိုရင်တော့ အနည်းဆုံး (၂) နာရီလောက် နေရောင်ခြည်ခံပေးသင့်တယ်လို့ ဆိုထားပါတယ်။ ဆောင်းရာသီမှာ ကျွန်တော်တို့ ခန္ဓာကိုယ်ရဲ့ ၁၀ ရာခိုင်နှုန်းကိုသာ နေရောင်ခြည်နဲ့ ထိတွေ့မိကြတဲ့အတွက်ကြောင့်ပါ။ ဒါကြောင့်မို့ ဗီတာမင်ဒီဓာတ်လုံလုံလောက်လောက်ရဖို့ ဒီလောက်အချိန်ပေးသင့်တယ်လို့ ဆိုပါတယ်။ နွေရာသီမှာ ခန္ဓာကိုယ်ရဲ့ ၂၅ ရာခိုင်နှုန်းက နေရောင်ခြည်နဲ့ထိတွေ့ရတဲ့အတွက် ဗီတာမင်ဒီဓာတ်ကို ရဖို့အတွက် အချိန်အနည်းငယ်ပေးရုံနဲ့ လုံလောက်ပါတယ်။ နေရောင်ခြည်ကနေ ဗီတာမင်ဒီဓာတ်ကို အများဆုံးရဖို့ အကောင်းဆုံးအချိန်က မနက် (၁၀) နာရီကနေ (၃) နာရီကြာဖြစ်တယ်လို့ ဆိုပါတယ်။

ဗီတာမင်ဒီဓာတ်ရဲ့အရေးကြီးပုံ

ကျွန်တော်တို့ရဲ့အရေပြားက နေရောင်နဲ့ထိတွေ့တဲ့အခါ ကိုလက်စထရောကနေ ဗီတာမင်ဒီဓာတ်ကို ဖြစ်စေပါတယ်။ ဒီအာဟာရဓာတ်က ခန္ဓာကိုယ်မှာ ကယ်စီယမ်ဓာတ်နဲ့ ဖော့စဖိတ်ဒြပ်ပေါင်းတွေစုပ်ယူနိုင်ဖို့အတွက် အရေးကြီးပါတယ်။ သင့်သွားနဲ့အရိုးတွေကိုလည်း သန်မာအောင် ကူညီပေးပါတယ်။ ဗီတာမင်ဒီချို့တဲ့မယ်ဆိုရင် အရိုးပွရောဂါ၊ ကြွက်သားအားနည်းတာတွေလို ကျန်းမာရေးပြဿနာတွေကို ကြုံတွေ့ရနိုင်ပါတယ်။

ဗီတာမင်ဒီဓာတ်ရနိုင်တဲ့ အခြားအရာများ

အခြားအစားအစာအနည်းငယ်မှာပဲ ဗီတာမင်ဒီဓာတ်ပမာဏ အနည်းငယ်ပါဝင်ပါတယ်။ နို့ထွက်အစားအစာ၊ ရုံးပတီသီး၊ မှို စတဲ့ အစားအစာတွေမှာ ဗီတာမင်ဒီဓာတ်ရနိုင်ပါတယ်။

Ref: How long should you stay in the sun for better health

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top