စင်ကာပူလေကြောင်းလိုင်းက လေဆိပ်မှာရပ်ထားတဲ့ Airbus A380 လေယာဉ်ပေါ်မှာ အစားအသောက်ရောင်းပြီး အရှုံးသက်သာအောင်လုပ်နေ

13-10-2020-yyl-015.jpg

ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါကြောင့် လေကြောင်းလိုင်းတွေလည်း တော်တော်အရှုံးပေါ်ကြတယ်။ အဲဒီတော့ လေကြောင်းလိုင်းတွေက အရှုံးကိုကာမိဖို့ နည်းလမ်းမျိုးစုံ စဉ်းစားကြတယ်။ စင်ကာပူလေကြောင်းလိုင်းကတော့ ချန်ဂီလေဆိပ်မှာ ရပ်ထားတဲ့ Airbus A380 လေယာဉ်ပေါ်မှာ အစားအသောက်တွေရောင်းနေပြီ။ တစ်ယောက်ကို အမေရိကန်ဒေါ်လာ ၄၉၆ ဒေါ်လာလောက်အထိ ပေးရမှာဖြစ်ပေမဲ့ ပထမဆုံး ရောင်းချမယ့် ၂ ကြိမ်အတွက် နာရီဝက်အတွင်း ထိုင်ခုံနေရာတွေ ရောင်းကုန်သွားတယ်။ စင်ကာပူလေကြောင်းလိုင်းက လေယာဉ်ပေါ်မှာ နောက်ထပ် ၂ ကြိမ်တိတိ အစားအသောက်တွေ ရောင်းချပေးဖို့ ရှိနေပါတယ်။

လေယာဉ်ပေါ်က စားသောက်ပွဲတွေဟာ တစ်ကြိမ်ကို ၃ နာရီကြာမှာပါ။ စင်ကာပူလေကြောင်းလိုင်းကတော့ ချန်ဂီလေဆိပ်မှာ ရပ်ထားတဲ့ Airbus A380 လေယာဉ်နှစ်စင်းကို အသုံးပြုမှာပါ။ တစ်ယောက်နဲ့ တစ်ယောက် ခပ်ခွာခွာနေရေးစည်းမျဉ်းတွေကို လိုက်နာဖို့ လေယာဉ်တစ်စင်းစီမှာ သတ်မှတ်လူဦးရေရဲ့ တစ်ဝက်ပဲ နေရာချမှာပါ။ လေယာဉ်ပေါ်မှာ လာစားသူတွေကတော့ Economy seat ထိုင်ခုံတွေမှာ ထိုင်ရမှာဖြစ်ပြီး စားသောက်နေချိန်မှာ ရုပ်ရှင်လည်း ပြပေးဦးမှာပါ။ ဒါပေမဲ့ လေယာဉ်ကတော့ ပျံသန်းမှာမဟုတ်ပါဘူး။ လေဆိပ်မှာပဲ ရပ်ထားမှာပါ။ စင်ကာပူလေကြောင်းလိုင်းဟာ သူတို့ရဲ့အစားအစာတွေကို အိမ်အရောက်ပို့ဆောင်ပေးမယ့် အစီအစဉ် လုပ်ဆောင်နေပြီး အဲဒီလိုပို့ဆောင်ရာမှာ လေကြောင်းလိုင်းရဲ့ စားပွဲခင်းတွေ၊ အသုံးအဆောင်ပစ္စည်းတွေကိုပါ ထည့်သွင်းပေးမှာဖြစ်ပါတယ်။

အစောပိုင်းမှာ စင်ကာပူလေကြောင်းလိုင်းက ရှုခင်းကြည့်တဲ့ လေကြောင်းခရီးစဉ်တွေ ပြေးဆွဲဖို့ စဉ်းစားခဲ့ပေမဲ့ နောက်ပိုင်းမှာ အဲဒီအကြံကို စွန့်လွှတ်ခဲ့ပါတယ်။ တရုတ်(တိုင်ပေ)ရဲ့ Eva လေကြောင်းလိုင်းနဲ့ သြစတြေးလျနိုင်ငံရဲ့ Qantas လေကြောင်းလိုင်းတွေကတော့ ထွက်ခွာရာလေဆိပ်ကိုပဲ ပြန်လည်ဆင်းသက်မယ့် ရှုခင်းကြည့်ခရီးစဉ်တွေ ပြေးဆွဲဖို့ လုပ်ဆောင်နေပါတယ်။ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် စီးပွားရေးရိုက်ခတ်မှုဒဏ် ပြင်းပြင်းထန်ထန် ခံစားခဲ့ရတဲ့ စင်ကာပူလေကြောင်းလိုင်းဟာ သူတို့ဝန်ထမ်းအင်အားရဲ့ ၂၀ ရာခိုင်နှုန်းဖြစ်တဲ့ ဝန်ထမ်း ၄၃၀၀ ကို လျှော့ချသွားမယ်လို့ ပြီးခဲ့တဲ့လက ကြေညာခဲ့ပါတယ်။

Ref: BBC ” Singapore Airlines sells out meals on parked plane”

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top