မိဘမဲ့ဂေဟာမှာ ကြီးပြင်းခဲ့ရတဲ့ အမျိုးသား (၁) ဉီးက မောင်နှမ (၅) ဦးကို မွေးစား

5-11-2020-yyl-012.jpg

အခုဆိုရင် အိုဟိုင်းယိုးပြည်နယ်က ရောဘတ် ကာတာ (Robert Carter) ဆိုတဲ့ အမျိုးသား (၁) ဦးဟာ မိဘမဲ့ဂေဟာအသီးသီးမှာ ခွဲပြီးနေခဲ့ရတဲ့ မောင်နှမ (၅) ဦးရဲ့အဖေဖြစ်သွားခဲ့ပါပြီ။ သူဟာ အဲဒီမောင်နှမ (၅) ဦးရဲ့ဖခင်ဖြစ်ခွင့်ရတဲ့အတွက် ဂုဏ်ယူမဆုံးဖြစ်နေပါတယ်။ အောက်တိုဘာ ၃၀ ရက်နေ့က ရောဘတ်ဟာ မာရီယိုနာ (၁၀နှစ်)၊ ရောဘတ် (၉နှစ်)၊ မာကေလာ (၈နှစ်)၊ ဂျီအိုဗန်နီ (၅နှစ်)၊ ကီအွန်တေး (၄ှနှစ်) တို့ကို မွေးစားခဲ့ပါတယ်။ သူတို့မောင်နှမ (၅) ယောက်စလုံးကို အတူတူမွေးစားဖို့ဆုံးဖြတ်ခဲ့တာပါ။ ရောဘတ်ကိုယ်တိုင်ကလည်း မိဘမဲ့ဂေဟာမှာ ကြီးပြင်းခဲ့ရတဲ့သူတစ်ယောက်ပါ။

ရောဘတ်က သူ့မွေးချင်းမောင်နှမတွေနဲ့ အတူရှိမနေခဲ့ရပါဘူး။ သူ့ညီလေး အသက် (၂) နှစ်အရွယ်တုန်းကတည်းကနေ အသက် (၁၆) နှစ်ရောက်တဲ့အထိ သူ့ကို တွေ့ခွင့်မရခဲ့တဲ့အတွက် သူတို့မောင်နှမ (၅) ဦးကို အတူတူရှိမယ်ဆိုရင် သူတို့ပျော်ရွှင်မယ်ဆိုတာ ရောဘတ်ခဲ့လို့ပါပဲ။ အသက် (၂၉) နှစ်အရွယ် ရောဘတ်က အလှအပရေးရာထိန်းသိမ်းအကြံပေးသူ၊ ဆံပင်တုအရောင်းဆိုင်ပိုင်ရှင်ဖြစ်ပါတယ်။ သူဟာ မွေးချင်းမောင်နှမ (၉) ဦးမှာ တတိယမြောက်ပါ။ အသက် ၁၂ နှစ်အရွယ်မှာ မိဘမဲ့ဂေဟာကို ရောက်ခဲ့ရပါတယ်။ နောက်ပိုင်းကျမှ ညီလေးညီမလေးတို့ိကိုအုပ်ထိန်းခွင့်ရခဲ့တာဖြစ်ပါတယ်။

သူ့ဘဝအတွေ့အကြုံက မိဘမဲ့ဂေဟာရောက်နေရတဲ့ကလေးတွေကို လုံခြုံနွေးထွေးတဲ့အိမ်တစ်ခု ထောက်ပံ့ပေးစေခဲ့တယ်လို့ ရောဘတ်က ဆိုပါတယ်။ “ကျွန်တော် မိဘမဲ့ဂေဟာမှာ ကြီးပြင်းခဲ့ရတယ်။ အမြဲတမ်း ကလေးလိုချင်ခဲ့တယ်။ ကမ္ဘာပေါ်မှာ မိသားစုလိုအပ်နေတဲ့ ကလေးတွေအများကြီးပါပဲ။ ဒါကြောင့် ကျွန်တော် မွေးစားဖို့ ဆုံးဖြတ်ခဲ့တာပါ”လို့ ရောဘတ်က ပြောပါတယ်။ ရောဘတ်က ကလေးမွေးစားခွင့်လိုင်စင်ကို ၂၀၁၇ခုနှစ်က ရရှိခဲ့တာပါ။ ၂၀၁၈ခုနှစ် ဒီဇင်ဘာလမှာ ရောဘတ်၊ ဂျီအိုဗန်နီနဲ့ ကီအွန်တေးတို့ ကောင်လေး (၃) ဦးက သူ့ရဲ့စောင့်ရှောက်မှုအောက်ရောက်ခဲ့ပြီး နောက်ပိုင်းကျမှာ မာရီအိုနာနဲ့ မာကေလာတို့က ရောက်လာခဲ့တာပါ။

ရောဘတ်က သူတို့တွေ မောင်နှမတွေဆိုတာ သိရှိခဲ့ရပြီးနောက်မှာ သူတို့လေးတွေ ဆုံတွေ့ခွင့်ရဖို့ ဖန်တီးပေးခဲ့ပါတယ်။ အချင်းချင်း (၆) လကြာ မတွေ့ခဲ့ရပြီးတဲ့နောက်မှာ မောင်နှမတစ်တွေ ပြန်ဆုံစည်းခဲ့ရပါတယ်။ ၇ ဂဏန်းက သူ့ရဲ့ကံကောင်းတဲ့နံပါတ်ဖြစ်ပြီး နောက်ကျရင် နောက်ထပ် ကလေးတွေ မွေးစားချင်တယ်လို့ ရောဘတ်က ပြောပါတယ်။ ရောဘတ်က မွေးစားတာက ဘယ်လောက်အရေးကြီးတယ်ဆိုတာ လူတွေကို သိစေချင်နေတာပါ။ “သင့်မှာ ကလေးတွေကို ပေးဖို့အတွက် ချစ်ခြင်းမေတ္တာတွေရှိနေသရွေ့ ဘယ်သူမဆို မွေးစားလို့ရပါတယ်”လို့ ရောဘတ်က ဆိုထားပါတယ်။

Ref: ABC “Single dad who grew up in foster care adopts 5 siblings”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top