အဖြေပေါ်ဖို့ နီးစပ်လာတဲ့ အမေရိကန်သမ္မတရွေးကောက်ပွဲနဲ့ အငြင်းပွားမှု၊ ဆန္ဒပြမှုများ

5-11-2020-yyl-016.jpg

အဖြေပေါ်ဖို့ နီးစပ်လာတဲ့ အမေရိကန်သမ္မတ ရွေးကောက်ပွဲနဲ့အတူ အငြင်းပွားမှုတွေ၊ ဆန္ဒပြမှုတွေလည်း ပေါ်ပေါက်လာခဲ့ပါတယ်။ အော်ရီဂွန်ပြည်နယ်၊ ပို့တ်လန်းမြို့မှာ ဆူပူသောင်းကျန်းမှုတွေ ဖြစ်ပေါ်ခဲ့လို့ အမျိုးသားသက်စောင့်တပ်ဖွဲ့ကို စေလွှတ်ခဲ့ရပါတယ်။ မင်နီယာပိုလစ်မြို့နဲ့ နယူးယော့ခ်မြို့တွေမှာ လက်နက်တွေ သိမ်းဆည်းရမိခဲ့ပြီး ဖမ်းဆီးမှုတွေ လုပ်ခဲ့ရပါတယ်။ နီဗားဒါး၊ ဂျော်ဂျီယာ၊ အရီဇိုးနား၊ ပင်ဆယ်ဗေးနီးယား စတဲ့ ပြည်နယ်တစ်ခုချင်းစီရဲ့ အခြေအနေတွေကို ဖော်ပြပေးထားပါတယ်။

နီဗားဒါးပြည်နယ်

မဲ ၇၅ ရာခိုင်နှုန်း ရေတွက်ပြီးစီးချိန်မှာ ဂျိုးဘိုင်ဒင် အသာရနေပေမဲ့ ဒေါ်နယ်ထရမ့်ထက် မဲ ၇၆၀၀ လောက်ပဲ အသာရနေတာပါ။ နီဗားဒါးပြည်နယ်မှာသာ ဂျိုးဘိုင်ဒင် အနိုင်ရခဲ့ရင်တော့ ကိုယ်စားလှယ်မဲ ၂၇၀ ရရှိမှာဖြစ်လို့ အမေရိကန်သမ္မတ ဖြစ်လာမှာပါ။ ဒေါ်နယ်ထရမ့်ဟာ ၂၀၁၆ ခုနှစ် အမေရိကန်သမ္မတ ရွေးကောက်ပွဲတုန်းကလည်း နီဗာဒါပြည်နယ်မှာ ဟီလာရီကလင်တန်ကို ရှုံးနိမ့်ခဲ့ဖူးပါတယ်။
နီဗားဒါးပြည်နယ် ကလက်ခ်ကောင်တီ ရွေးကောက်ပွဲစင်တာ အပြင်ဘက်မှာ ဒေါ်နယ်ထရမ့်ပုံ အင်္ကျီတွေဝတ်ဆင်ထားသူတွေက ” မဲခိုးနေတာတွေ အဆုံးသတ်”လို့ သံပြိုင်အော်ဟစ်ခဲ့ကြပါတယ်။

ဂျော်ဂျီယာပြည်နယ်

မဲ ၉၈ ရာခိုင်နှုန်း ရေတွက်ပြီးစီးချိန်မှာ ဒေါ်နယ်ထရမ့်က မဲ ၂၈၀၀၀ ကျော် အသာရနေပါတယ်။ ဒါပေမဲ့ ဂျော်ဂျီယာပြည်နယ်မှာ နောက်ထပ် မဲ ၉၀၀၀၀ ကျော် ရေတွက်ဖို့ ရှိနေပါသေးတယ်။ ဂျော်ဂျီယာပြည်နယ်ရဲ့ လူဦးရေအထူထပ်ဆုံးဖြစ်တဲ့ ဖူလ်တန်ကောင်တီမှာ ကြိုတင်မဲတွေကို ညလုံးပေါက် ရေတွက်မယ်လို့ ဆိုပါတယ်။

ဂျော်ဂျီယာပြည်နယ်ရဲ့ ချာသမ်ကောင်တီမှာ ကြိုတင်မဲတွေ ရေတွက်မှုနဲ့ပတ်သက်ပြီး ပြဿနာရှိနေလို့ မဲရေတွက်မှုကို ရပ်ထားပေးဖို့ ဒေါ်နယ်ထရမ့်ရဲ့ မဲဆွယ်စည်းရုံးရေးအဖွဲ့နဲ့ ဂျော်ဂျီယာပြည်နယ်မှာရှိတဲ့ ရီပတ်ဗလစ်ကန်ပါတီအရာရှိတွေက တရားရုံးကို လျှောက်ထားခဲ့ပါတယ်။ ချာသမ်ကောင်တီမှာ ဂျိုးဘိုင်ဒင်က မဲအရေအတွက် ၁၉၀၀၀ လောက် အသာရခဲ့ပြီး အနိုင်ရနေတာပါ။ အမျိုးသမီးတစ်ယောက်က မဲ ၅၀ ကျော်ကို မရေရသေးတဲ့ ကြိုတင်မဲထုပ်ထဲ ရောထည့်လိုက်တာကို ရီပတ်ဗလစ်ကန်ပါတီရဲ့ စောင့်ကြည့်သူတွေက မြင်တွေ့ခဲ့တယ်လို့ ဂျော်ဂျီယာပြည်နယ်ရဲ့ ရီပတ်ဗလစ်ကန်ပါတီဥက္ကဋ္ဌ ဒေးဗစ်ရှက်ဖာက တွစ်တာပေါ်မှာ ရေးသားထားပါတယ်။ ရွေးကောက်ပွဲနေ့တုန်းက ချာသမ်ကောင်တီမှာ မဲရုံပိတ်ပြီးမှ ရောက်လာတဲ့ မဲတွေကိုပါ ထည့်ပြီး ရေတွက်ပေးဖို့ သူတို့က တရားသူကြီးကို တောင်းဆိုထားပါတယ်။

အရီဇိုးနားပြည်နယ်

ဂျိုးဘိုင်ဒင်က မဲ ၇၅၀၀၀ ကျော်နဲ့ အနိုင်ရခဲ့တယ်လို့ ဖော်ပြထားကြတဲ့ အရီဇိုးနားပြည်နယ်ရဲ့ ရွေးကောက်ပွဲစင်တာအပြင်ဘက်မှာတော့ ဒေါ်နယ်ထရမ့်ကို အားပေးထောက်ခံသူတွေက ဦးထုပ်အနီတွေ ဝတ်ဆင်ပြီး မဲအားလုံးကို ရေတွက်ပေးဖို့ သံပြိုင်အော်ဟစ်ခဲ့ကြပါတယ်။ အရီဇိုးနားပြည်နယ်ရဲ့ လူအထူထပ်ဆုံးဖြစ်တဲ့ မာရီကိုပါကောင်တီမှာ လက်ကျန်မဲတွေကို ဆက်လက်ရေတွက်နေချိန်မှာ ဆန္ဒပြသူတွေ စုရုံးရောက်ရှိလာခဲ့တာပါ။ မာရီကိုပါကောင်တီမှာ အနိုင်ရရင် အရီဇိုးနားကို အနိုင်ရပြီလို့ ဆိုရလောက်အောင် မာရီကိုပါကောင်တီမှာ လူအင်အား များပြားလို့ ဂျိုးဘိုင်ဒင်ရဲ့ အသာစီးရရှိမှု ကျဉ်းမြောင်းသွားနိုင်ပေမဲ့ ရလဒ်အပြောင်းအလဲဖြစ်ဖို့ မရှိဘူးလို့ သူ့ရဲ့မဲဆွယ်စည်းရုံးရေးအဖွဲ့က ပြောပါတယ်။

အရီဇိုးနားပြည်နယ်မှာ မဲရေတွက်သူတွေက ကညစ်တံ(Sharpie pens)တွေ သုံးပြီး တချို့မဲတွေကို အကျုံးမဝင်အောင် လုပ်နေတယ်ဆိုတဲ့ စွပ်စွဲမှုတွေ ရှိနေပေမဲ့ အဲဒီစွပ်စွဲချက်တွေက မမှန်ကန်ဘူးလို့ အရာရှိတွေက ပြောပါတယ်။ အရီဇိုးနားလွှတ်တော်အဆောက်အအုံ အပြင်ဘက်မှာလည်း ဆန္ဒပြသူတွေ ရှိနေပါတယ်။

ပင်ဆယ်ဗေးနီးယားပြည်နယ်

မဲအရေအတွက် ၈၉ ရာခိုင်နှုန်း ရေတွက်ပြီးစီးချိန်မှာ ဒေါ်နယ်ထရမ့်က မဲ ၁၅၀၀၀၀ အသာရထားပါတယ်။ ဒါပေမဲ့ ပင်ဆယ်ဗေးနီးယားပြည်နယ်မှာလည်း အငြင်းပွားစရာတွေ ရှိနေပါတယ်။ ရွေးကောက်ပွဲနေ့လို့ တံဆိပ်ရိုက်ထားပေမဲ့ ၃ ရက်အထိ နောက်ကျပြီးမှ ရောက်လာတဲ့ မဲတွေကို ထည့်ရေတွက်မယ့် ပင်ဆယ်ဗေးနီးယားပြည်နယ်ရဲ့ ဆုံးဖြတ်ချက်ကို ရီပတ်ဗလစ်ကန်ပါတီဝင်တွေက အယူခံဝင်ထားကြပါတယ်။ ဒါပေမဲ့ နောက်ကျပြီးမှ ရောက်လာတဲ့ အဲဒီမဲတွေကို သီးခြားရေတွက်ပြီး အဲဒီမဲတွေ မပါဘဲ ဂျိုးဘိုင်ဒင် အသာစီးရမယ်ဆိုရင် တရားဥပဒေအရ ဖြေရှင်းဖို့ မလိုဘူးလို့ ပါမောက္ခ ဘရစ်ဖော့က ပြောပါတယ်။ ပင်ဆယ်ဗေးနီးယားပြည်နယ်မှာ မဲတစ်သန်းကျော် ရေတွက်ဖို့ ကျန်ရှိနေပေမဲ့ ဒေါ်နယ်ထရမ့်ရဲ့ မဲဆွယ်စည်းရုံးရေးအဖွဲ့ကတော့ သူတို့အနိုင်ရပြီလို့ ကြေညာထားပါတယ်။ အမေရိကန်နိုင်ငံရဲ့ ထိပ်တန်းသတင်းဌာနတွေကတော့ ပင်ဆယ်ဗေးနီးယားပြည်နယ်မှာ ဘယ်သူ အနိုင်ရလဲဆိုတာကို တွက်ချက်ဖော်ပြခြင်း မရှိသေးပါဘူး။

Ref: CNN & BBC & USAToday

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top