လူတိုင်းမှာ ပိုက်ဆံနဲ့ ပတ်သက်ပြီး အမေးချင်ဆုံး မေးခွန်း တစ်ခုက ပိုက်ဆံ ဘယ် လိုစုဆောင်းကြမလဲ ဆိုတာပါပဲ။ အထူးသဖြင့် လခစား ၀န်ထမ်းများ၊ အောက်ခြေလူတန်းစားများ နဲ့ အလည်အလတ်တန်း လူတန်းစားများ အတွက် ၀င်ငွေနဲ့ ထွက်ငွေက မကိုက်ကြလို့ စုမိဆောင်းမိဖို့ အခက်အခဲတွေရှိနေကြပါတယ်။ လစာထုတ်ပြီးသည်နဲ့ အကြွေးဆပ်၊ အသုံးစရိတ်နဲ့ အခြားသော ကုန်လမ်း များရှိသည့်အတွက် သုံးစွဲလိုက်ရလို့ လက်ထဲမှာ ငွေ မကျန်တော့တဲအချိန်ကို အားလုံး ကြုံဖူးကြ မယ်လို့ထင် ပါတယ်။ သို့ပေမယ့် အားလုံးမှာလည်း မိမိတို့ ရဲ့ ကိုယ်ပိုင် ကျင့်သုံးတဲ့ နည်းလမ်း ကောင်းများ ကိုယ်စီရှိကြမယ်လို့ ယူဆပါတယ်။ ထိုသို့ရှိပါက လည်း ဆက်လက် လုပ်ဆောင်ဖို့ တိုက်တွန်းချင်ပါတယ်။ မည်သို့ဆိုစေ ယခုတင်ပြတဲ့ အချက်များက အားလုံးအတွက် အသုံး၀င်မယ်လို့ မိမိထင်မြင်မိပါတယ်။
၁။ လိုအပ်မည့် အရာများအတွက်၀ယ်၊ မလိုအပ်မည့်အရာများအတွက်စု
လိုအပ်မည့်အရာများ ကိုဆိုလိုသည်မှာ မဖြစ်မနေ ကုန်ကျမည့်အရာများကို ဆိုလိုခြင်း ဖြစ်တယ်။ ဥပမာ ၀န်ထမ်းတစ်ယောက်ဆိုပါစို့၊ သူ့အတွက် ပုံမှန်ကုန်ကျမည့်အရာ တွေက တော့ စားစရိတ်၊ အိမ်ငှားစရိတ်၊ ရေးခ၊ မီးခ၊ သွားလာရေးအတွက် ကားခ (ယာဥ်ခ) နဲ့ ဆက်သွယ်ရေး ကုန်ကျစရိတ်(ဖုန်းခ၊အင်တာနက်ခ)တွေဖြစ်တယ်။ ဒီတော့ မိမိရတဲ့ လစာထဲမှ ထိုအသုံးစရိတ်ကိုတော့ မဖြစ်မနေသုံးရမှာဖြစ်လို့ ကျန်တဲ့ အပိုအလျှံကို တော့ အိတ်ထဲ စုမိဖို့လိုပါမယ်။ အပိုအလျှံငွေတွေကို မလိုအပ်တဲ့အရာ၊ မ၀ယ်ဘဲ နေလိုရတဲ့ ပစ္စည်းများ အတွက် မသုံးလိုက်မိဖို့လိုပါမယ်။ အရေးပေါ် ငွေလိုနေသည့် အချိန်များမှအပ မလိုအပ်တဲ့အရာတွေအတွက် ငွေ အကုန်မခံပါနဲ့။
၂။ ၂၀ ရာခိုင်နှုန်း စည်းမျဥ်း
ဆရာတွေသင်ပေးခဲ့တဲ့ နည်းလေးကိုမျှေ၀ချင်ပါတယ်။ အဲ့တာက ၀င်ငွေ (၁၀၀)ကျပ် ရှိရင် ထို ၀င်ငွေ အကုန်လုံးကို မသုံးမိဖို့လိုပြီး ၂၀% (၂၀)ကျပ် ကိုတော့ မိမိထံတွင် ချန်ထားဖို့လိုပါမယ်။ ငွေစုဖို့အခက်အခဲဖြစ်နေသူများမှာတွေ့ရတဲ့အလေ့အထကတော့ ၀င်ငွေ နဲ့ထွက်ငွေ မမျှခြင်း ပြဿနာဖြစ်တယ်။ ဥပမာ ငွေကျပ် (၁၀၀၀) ၀င်လျှင် ထိုပမာဏထက် ကျော်လွန်သုံးစွဲခြင်းမှ ရပ်တန့်ဖို့လိုတယ်။ မဟုတ်ပါက မိမိ၀င်ငွေထက် ပိုသုံးမိရင် အကြွေး တင်ဖို့ကိန်းဆိုက်ပါမယ်။ ဒါကြောင့် အနည်းဆုံး ၂၀% ကိုတော့ ချန်ထား ဖို့မမေ့ပါနဲ့။ ဖြစ်နိုင်ပါက မိမိရဲ့ တစ်နေ့တာပုံမှန်အသုံးစရိတ်ထက်ကျော်လွန် သုံးစွဲခြင်း မှဆောင် ကျဥ်ဖို့လိုပါမယ်။ ဒီလိုနည်းနဲ့ကျင့်သုံး ပါက လုံး၀ပိုက်ဆံ ကျန်နေနိုင်မှာဖြစ်တယ်။
၃။ ငွေသုံးစွဲနိုင်သူတွေနဲ့ အပြိုင်မလိုက်ပါနဲ့
ခေတ်ကာလအရ နာမည်ကြီး အမှတ်တံဆိပ်တွေ၊ ကုန်ပစ္စည်းအသစ်တွေ၊ ဈေးကြီးပေး ဝယ်ရတဲ့ပစ္စည်း တွေ အပြိုင်အဆိုင်ဝယ်နေကြတာကို တွေ့နိုင်ပါတယ်။ ငွေကြေးပြည့်စုံတဲ့ အသိုင်းအဝိုင်း အတွက် ဈေးကြီး အမှတ်တံဆိပ် တွေ အသစ်ထွက်လာတိုင်း လက်မနှေးပဲ ဝယ်နိုင်ကြတယ်။ ဒါပေမယ့် အလည်အလတ် နဲ့အောက်ခြေလူတန်းစားများအတွက် ထိုသို့သော ပစ္စည်းတွေကို ဝယ်ဖို့ အချေးအငှားလုပ်ကြရ၊ ပိုက်ဆံကြိုစု ထားရနဲ့ လိုအပ်တဲ့အသုံးစရိတ်ထက် လိုချင်တဲ့အသုံးစရိတ်က ပိုနေရာယူထားတာကိုတွေ့နိုင်ပါတယ်။ တကယ်တော့ မိမိရဲ့အခြေအနေကို နားလည်ပြီး ထိုဈေးကြီးတဲ့ပစ္စည်းတွေအပေါ်မှာ အထင်ကြီးခံရဖို့အတွက်တစ်ခုနဲ့ ပိုက်ဆံကိုပုံအောမသုံးသင့်ပါဘူး။ ကိုယ့်ကိုယ်ကို တင်းတိမ်ရောင့်ရဲဖို့လိုပါမယ်။ အတတ်နိုင်ဆုံး အကြွေးမထားဖို့လိုအပ်ပါမယ်။
၄။ ၀င်ငွေထွက်ငွေ စာရင်း ကျင့်သုံးပါ။
ပိုက်ဆံစုဖို့ အခက်အခဲဖြစ်ရတဲ့အကြောင်းအရင်းတစ်ခုကတော့ မိမိရဲ့ ၀င်ငွေ ထွက်ငွေ စာရင်းကိုလုပ်ဖို့မေ့တတ်ကြခြင်းပဲဖြစ်တယ်။ ထိုသို့သော စားရင်လုပ်တတ်တဲ့ အကျင့် လုပ်ထားပါက တစ်နေ့တာ ဘယ်လောက်ကုန်ကျသွားလဲ ဘယ်လောက် ထပ်သုံးသင့် ထပ်လျှော့သင့် သလဲဆို တာကို သိပြီး အထိန်းအကွပ် ဖြင့်လုပ်နိုင်မှာ ဖြစ်တယ်။ များသောအားဖြင့် လူအတော်များများက မိမိတို့ သုံးနေကျ ငွေပမာဏကို အကြမ်း ပြင်းသိထားပေမယ့် တစ်ချို့သော ရက်တွေ၊ လတွေမှာ ပုံမှန်ထက် အသုံး ပိုသွားနိုင်တယ် ဒါကြောင့် ငွေအ၀င်အထွက်စာရင်းကို စာရင်းပြုစုထားခြင်းဖြင့် မိမိအနေနဲ့ လာမယ့် ရက်တွေ၊လတွေမှာ ငွေကို ဆင်ဆင်ခြင်ခြင် သုံးစွဲနိုင်ပါမယ်။ ဒါ့အပြင်မိမိအနေနဲ့ စျေး၀ယ်တိုင်း အသုံးစရိတ်စာရင်းကို ကြိုတင်ဆွဲထားခြင်းဖြင့် မည့်မျှသာသုံးမည် မည်မျှသာ ၀ယ်ခြမ်းမည့်စတဲ့ အချိန်အဆ လေးနဲ့ ကျင့်သားရစေမှာဖြစ်တယ်။
(၅)။ လက်မဖွာပါနဲ့။
ငွေမစုဖြစ်တဲ့ အကြောင်းအရင်းရဲ့ နောက်ကွယ်မှာတော့ အသုံးကြမ်းခြင်း (သို့) လက်ဖွာခြင်းပါပဲ။ ဆိုလိုသည်မှာ လိုအပ်သည်ထက်ပိုမိုသုံးစွဲပြီး နှမျှောလိုသည့်စိတ် မရှိခြင်းဖြစ်တယ်။ ဥပမာ စျေး၀ယ်ရင် စျေးဆစ်ရမှာကို တွန့်ဆုတ်မှု (သို့) မလုပ်ချင်မှု၊ အားနာတတ်မှု၊ သူငယ်ချင်းအပေါင်းအသင်းနဲ့ တွေ့ ပြီး ဆိုင်ထိုင်ရင် မိမိတစ်ဦးထဲ ငွေရှင်းပေးမှု၊ မလိုအပ်ပဲ သနားပြီး ရက်ရက်ရောရော ပေးကမ်းတတ်မှု (အလှူအ တန်းမှအပ)၊ ကျသင့်သည့်တန်ဖိုးထက် စျေးပိုပေး၀ယ်ယူမှု၊ မလိုအပ်တဲ့ ပစ္စည်းများ ၀ယ်ယူမှု၊ ငွေကုန်လမ်းဆို လက်မတွန့်တတ်မှု၊ ခြိုးခြံချွေတာခြင်းမရှိမှု စတဲ့ မလိုအပ်ပဲ ပိုမိုသုံးစွဲတတ်တဲ့အကျင့်ရှိနေသရွေ့ ငွေစုဖို့ခက်ခဲနေမှာအသေအချာပါပဲ။ ဒါကြောင့်ဒီလို အကျင့်ကို ဖျောက်ဖျက်ပစ်သင့်ပါတယ်။ သင့်အနေနဲ့ ဒီလိုအကျင့် မျိုးရှိပါက ငွေဘယ် လောက်၀င်၀င် ငွေတွေပြန်ထွက်ဖို့မခက်ပါဘူး။
၆။ အတတ်နိုင်ဆုံး ငွေ အချေးအငှား မလုပ်ပါနဲ့။
လူတိုင်း ပိုက်ဆံချေးငှား လုပ်ဖူးကြမယ်ထင်ပါတယ်။ များသောအားဖြင့် မိမိတို့နဲ့ ရင်းနှီးကျွမ်း၀င်သော လူတွေနဲ့ သာ အချေးအငှားလုပ်ကြလေ့ရှိပါတယ်။ ဒါ့အပြင်လည်း မိမိတို့အသိရဲ့ အသိ (တစ်ဆင့်ခံ) ချေးတာ လဲရှိကြတယ်။ အထူးသဖြင့်တော့ ချေးငှားခြင်းကို အတတ်နိုင်ဆုံး (အရေးပေါ် မဖြစ်မနေအခြေအနေများမှအပ) ချေးစေလိုပါတယ်။ ချေးငှားတဲ့ ပမာဏ ဟာလည်း မိမိထံမှ ရာနှုန်းပြည့် မချေးမိဖို့လိုပါမယ်။ ဥပမာ မိမိမှာ ငွေတစ်သောင်းရှိပါက အများဆုံး သုံးထောင် (သို့) လေးထောင် သာချေးသင့်ပါတယ်။ တစ်ဖက်တွင်လည်း မိမိသုံးစွဲဖို့အတွက် ချန်ထားရမှာဖြစ်လို့ အကုန်လုံးနီးပါးချေးခဲ့လျှင် ချေးသူက မပြန်ဆပ်နိုင်သည့်အခါ မိမိလည်း အကျပ်ရိုက်တတ်ပါတယ်။
နောက်ထပ် သတိထားဖို့က မိမိတို့ နာမည် နဲ့ တစ်ဆင့်ခံ (ပွဲစား) အနေနဲ့ အကြွေး မယူမိဖို့လိုပါမယ်။ အကယ်၍ ချေးခိုင်းသူက အကြွေးပြန်မဆပ်တော့သည့်အခါ မိမိအနေနဲ့ မိမိအမည်ခံ ယူထားပေးလို့ မိမိတို့ ပြန်ဆပ်ပေးရမယ့် ကိန်းဆိုက် နေတတ်ပါတယ်။ ဒါ့အပြင် မိမိနဲ့ မသိ မတွေ့ ဖူးသော အွန်လိုင်းကနေလည်း ငွေး အချေးအငှားမလုပ်ကြဖို့လိုပါမယ်။ သိထားရမှာက မိမိအနေနဲ့ ငွေပေးချေးထားပါက ပြန်တောင်းဖို့ ၀န်မလေးပါနဲ့ မိမိငွေများကို ပေးထားလို့ အားနာရမယ့်ကိစ္စမဟုတ်ပါ။ ရက်သတ္တပတ်အချိန်ရောက်လာသည်နဲ့ သတိပေးပြီး ပြန်တောင်းဖို့လိုပါမယ်။
အထက်ပါအချက်တွေက ငွေစုဖို့ အတွက် သိထားသင့် တဲ့ နည်းလမ်းတွေဖြစ်ပါတယ်။ မိမိအနေနဲ့လည်း အခြားသော ထိရောက်တဲ့နည်းလမ်းများရှိပါကလည်း ဆက်လက် ကျင့်သုံးပါ။ ငွေရှာရတာ မလွယ်ပါ။ မိမိတို့ရဲ့ ကာယအား ဥာဏအား၊ ချွေး၊ အချိန်၊ အားစိုက်ထုတ်ရတဲ့ အချက်တွေ နဲ့ ရင်းပြီးမှရလာတဲ့ အရာဖြစ်တဲ့အတွက်ကြောင့် တန်ဖိုးထားသုံးစွဲကြဖို့ အရေးကြီးလှပါတယ်။ မိမိတို့အနေနဲ့ ငွေကို တယုတယနဲ့ သုံးစွဲမှလည်း ငွေက မိမိတို့ကို ခင်မင်မှာဖြစ်တယ်။ ဒါကြောင့် အားလုံး ကောင်းမွန်တဲ့အနာဂတ်အတွက် ငွေများကို စနစ်တကျ စုဆောင်းကြပါလို့ တိုက်တွန်းချင်ပါတယ်။
TharHtoo (ရိုးရာလေး)