ခြောက်နှစ်သမီးကို ပြန်ပေးဆွဲ၊ အဓမ္မပြုကျင့်ပြီး မျက်လုံးနှစ်ဖက် ဒဏ်ရာရအောင် လုပ်ခဲ့သူကို ရှာဖွေနေ

intlyyl01.jpg

မဟာပရာဒက်ရှ်ပြည်နယ် နေအိမ်အပြင်ဘက်တွင် အပေါင်းအဖော်တွေနဲ့ ကစားနေတုန်း အသက်ခြောက်နှစ်အရွယ် မိန်းကလေးငယ် ပြန်ပေးဆွဲခံရပြီး အဓမ္မပြုကျင့်ခံရတဲ့ ဖြစ်ရပ်အတွက် အိန္ဒိယရဲတပ်ဖွဲ့က ကျူးလွန်သူကို ပိုက်စိပ်တိုက်ရှာဖွေနေပါတယ်။

မိန်းကလေးငယ်ဟာ ပြီးခဲ့သည့်ဗုဒ္ဓဟူးနေ့ ညနေပိုင်းက ဒါမိုခရိုင်မှာရှိတဲ့ သူ့ရဲ့နေအိမ်နားမှာ ကစားနေတုန်း ပျောက်ဆုံးသွားခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ကြာသပတေးနေ့ နံနက်ပိုင်းက လူမနေတဲ့ အဆောက် အအုံထဲက ပြန်တွေ့ခဲ့တာပါ။ ပြန်တွေ့ချိန်မှာ မိန်းကလေးငယ်က သတိလစ်နေပြီး လက်နှစ်ဖက်လုံး ကြိုးတုပ်ခံထားရတာ တွေ့ရပါတယ်။ ဒါ့အပြင် မျက်လုံးနှစ်ဖက်လုံးလည်း ဆိုးဆိုးရွားရွား ဒဏ်ရာရခဲ့ပါတယ်။ မိန်းကလေးငယ်က သူ့ကို ဘယ်သူ၊ ဘယ်ဝါ ခွဲခြားဖော်ထုတ်နိုင်ခြင်းမရှိစေဖို့ မျက်လုံးတွေကို ဒဏ်ရာရအောင် လုပ်ခဲ့ဖွယ်ရှိပါတယ်။ ဒီဖြစ်ရပ်မှာ ကျူးလွန်သူကို ဖမ်းဆီးနိုင်အောင် သတင်းပေးနိုင်သူကို ရူပီး ၁၀၀၀၀( ပေါင် ၁၀၀) ဆုချီးမြှင့်မယ်လို့ ထုတ်ပြန်ထားပါတယ်။ မိန်းကလေးငယ်ဟာ ဂျာဘယ်ပူရ်မြို့ ဆေးရုံမှာ ကုသမှုခံယူနေပြီး စိုးရိမ်ရတဲ့ အခြေအနေရှိတယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ အဲဒီတိုက်ခိုက်မှုဟာ အလွန်ရှက်စရာကောင်းတယ်လို့ မဟာပရာဒက်ရှ်ပြည်နယ် ဝန်ကြီးချုပ် ရှီဝရာဆင်းမ်ချိုဟန်က ပြောပါတယ်။ ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး သံသယရှိသူတချို့ကို စစ်ဆေးမေးမြန်းနေပြီး ကျူးလွန်သူကို မကြာခင် ဖမ်းဆီးနိုင်မယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

၂၀၁၂ ခုနှစ်က နယူးဒေလီမြို့ ဘတ်စ်ကားတစ်စီးပေါ်မှာ ဆေးကျောင်းသူ မိန်းကလေးတစ်ယောက် အုပ်စုဖွဲ့ အဓမ္မပြုကျင့်၊ သတ်ဖြတ်ခံရပြီးနောက်ပိုင်း အိန္ဒိယနိုင်ငံမှာ ဖြစ်ပွားတဲ့ အဓမ္မပြုကျင့်မှုတွေ၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေကို လူတွေ ပိုပြီးသတိထားမိလာကြပါတယ်။ အကြီးအကျယ်ဆန္ဒပြမှုတွေကြောင့် အိန္ဒိယနိုင်ငံရဲ့ အဓမ္မပြုကျင့်မှုဆိုင်ရာ ဥပဒေတွေကို ပြောင်းလဲခဲ့ပေမဲ့ အဓမ္မကျင့်မှုတွေ၊ လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်မှုတွေကတော့ လျော့နည်းသွားတဲ့ အရိပ်အယောင် မတွေ့ရသေးပါဘူး။

NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top