ဆေးပညာသမိုင်းမှာ အံ့ဖွယ်ဖြစ်ရပ်အဖြစ် ကလေးငယ်တစ်ဦးဟာ ဦးနှောက်ကင်ဆာရောဂါ သက်သာပျောက်ကင်းသွားတဲ့ ပထမဆုံး ဖြစ်လာခဲ့ပါတယ်။
ဘယ်လ်ဂျီယံနိုင်ငံမှ ကလေးငယ် လူးကပ်စ်ဟာ အသက် ၆ နှစ်အရွယ်မှာ DIPG ( ပြင်းထန် ဦးနှောက်အကျိတ်ရောဂါ) ခံစားခဲ့ရပါတယ်။ တည်နေရာ အခက်အခဲကြောင့် ခွဲစိတ်ကုသဖို့ မဖြစ်နိုင်တာကြောင့် ဒီရောဂါ ခံစားရတဲ့ ကလေးငယ်တွေဟာ တစ်နှစ်အတွင်းမှာပဲ သေဆုံးကြလေ့ ရှိပါတယ်။
လူးကပ်စ်ဟာ ပြင်သစ်နိုင်ငံမှ လက်တွေ့ဆေးဘက်ဆိုင်ရာ သုတေသန(BIOMEDE)မှာ ပါဝင်ခဲ့သလို ဓာတ်ရောင်ခြည်ကုထုံးနဲ့အတူ အဲဗာရိုးလီးမတ်စ် (Everolimus) ဆိုတဲ့ ပစ်မှတ်ထားကုသမှု ဆေးဝါးတစ်မျိုးကို တွဲဖက်ကုသခဲ့ပါတယ်။
အဲဒီနောက်မှာတော့ အံ့အားသင့်ဖွယ် အခြေအနေ ကြုံခဲ့ရပြီး လူးကပ်စ်ရဲ့ အကျိတ်က တဖြည်းဖြည်း ကျုံ့ဝင်လာခဲ့ပါတယ်။ နောက်ဆုံးမှာတော့ (လူးကပ် အသက် ၁၃ နှစ်အရွယ်မှာ) ဓာတ်မှန်စစ်ဆေးမှု (Scans) တွေအရ အကျိတ်က လုံးဝပျောက်သွားခဲ့ပြီး DIPG ရောဂါ ပျောက်ကင်းသွားတဲ့ ပထမဆုံးလူနာအဖြစ် မှတ်တမ်းဝင်ခဲ့တာပါ။
ပြင်သစ်နိုင်ငံရှိ Gustave Roussy ကင်ဆာဗဟိုဌာနမှ သိပ္ပံပညာရှင်အဖွဲ့ဟာ လူးကပ်စ် (Lucas) ရဲ့ ဖြစ်ရပ်ကို နားလည်နိုင်ဖို့ အထူးအလေးပေး သုတေသနပြုလျက် ရှိပါတယ်။
Ref: World First: A 13-Year-Old Has Been Cured of DIPG, the Deadliest Childhood Brain Cancer
NZ (ရိုးရာလေး)

