လိင်မှုကိစ္စနဲ့ကင်းကွာနေခြင်းက အသက် (၅၀) ကျော်တွေရဲ့ကျန်းမာရေးအတွက် ဆိုးကျိုးတွေဖြစ်လာစေ

img1.jpg

လိင်မှုရေးရာကိစ္စတွေနဲ့ အချိန်အတော်ကြာကင်းကွာနေခြင်းဟာ အိမ်ထောင်သည်စုံတွဲတွေအတွက်တော့ ထူးထူးခြားခြားပြဿနာတွေပေါ်စေလောက်တဲ့ကိစ္စမျိုးမဟုတ်ပါဘူး။ ဒါပေမဲ့ ကျန်းမာရေးရှုထောင့်ကကြည့်မယ်ဆိုရင် လိင်မှုရေးရာကိစ္စမှာ စွမ်းဆောင်ရည်ကျစပြုလာတတ်တဲ့ အသက် (၅၀) ကျော်အရွယ်တွေအတွက် ဆိုးကျိုးတွေရလာမယ့်အခြေအနေလို့ ဆိုရမှာပါ။

အကြောင်းကတော့ အသက် (၅၀) အထက်အမျိုးသား (၅၇၀၀) ကျော်ကို သုတေသီတွေက စူးစမ်းလေ့လာမှုပြုခဲ့ရာမှာ အရင်အချိန်ကထက် လိင်မှုရေးရာကိစ္စပိုနည်းပါးလာတဲ့အမျိုးသားတွေရဲ့ နာမကျန်းဖြစ်နိုင်ချေကပိုတိုးလာတတ်ကြောင်း တွေ့ရှိခဲ့ကြတာကြောင့်ပါ။ လိင်မှုကိစ္စမှာစိတ်ဝင်စားမှုလျော့ပါးလာတဲ့အမျိုးသားတွေအနေနဲ့ ကင်ဆာရောဂါခံစားရနိုင်ချေ (၆၃%) ပိုတိုးလာနိုင်သလို နာတာရှည်နာမကျန်းဖြစ်နိုင်ချေကလည်း (၄၁%) လောက်ပိုတိုးလာနိုင်ကြောင်း လေ့လာတွေ့ရှိခဲ့တာဖြစ်ပါတယ်။

လွန်ခဲ့တဲ့ (၁) နှစ်အတွင်းကထက် ချစ်တင်းနှောမှုပိုနည်းပါးလာတယ်လို့ဖြေဆိုခဲ့တဲ့အမျိုးသားတွေအတွက် နာတာရှည်ဝေဒနာခံစားရနိုင်ချေက (၆၉%) ပိုများလာတာတွေ့ရပြီး ကင်ဆာရောဂါခံစားရနိုင်ချေကလည်း နာမကျန်းဖြစ်မှုနဲ့ဆက်စပ်တဲ့အခါမျိုးမှာ (၆.၇%) ပိုတိုးလာတာကြောင့် လိင်စိတ်ဆန္ဒလျော့မသွားသူတွေရဲ့ ကင်ဆာရောဂါခံစားရနိုင်ချေ (၄.၃%) နဲ့ယှဉ်ရင် သိသိသာသာကိုများပြားနေခဲ့ပါတယ်။

အသက် (၅၀) ကျော်အရွယ်ရှိတဲ့အမျိုးသမီးတွေအတွက်တော့ လိင်မှုကိစ္စပိုနည်းလာမှုကြောင့် နာမကျန်းဖြစ်နိုင်ချေဟာ (၆၄ %) ပိုများလာတတ်ပေမဲ့လည်း ဆိုးဆိုးရွားရွားခံစားရတာမျိုးကို မတွေ့လာရသေးပါဘူး။

မေးမြန်းစူးစမ်းမှုပြုလုပ်ပြီး (၄) နှစ်ကျော်ကြာပြီးချိန်မှာ ဖြေဆိုသူတွေရဲ့ကျန်းမာရေးအခြေအနေကိုပြန်သုံးသပ်ခဲ့ကြတဲ့သုတေသီတွေက လိင်မှုကိစ္စအတွက် ငြင်းဆန်မှုပြုတတ်လာခြင်းဟာ ကျန်းမာရေးအတွက်အထူးဂရုထားသင့်ပြီလို့ အချက်ပြနေတာဖြစ်ကြာင်း အကြံပြုထားကြပါတယ်။ ချစ်တင်းနှောချိန်အတွင်း အားအင်နည်းပါးမောပမ်းလွယ်ခြင်းကလည်း သွေးလှည့်ပတ်မှုဆိုင်ရာပြဿနာကြောင့်ဖြစ်ပြီး နှလုံးရောဂါခံစားရချေရှိကြောင်း သတိပေးမှုတစ်မျိုးပဲဖြစ်ပါတယ်။

“ချစ်တင်းနှောခြင်းဆိုတာ (၁) မိနစ်အတွင်း ကယ်လိုရီပမာဏ (၃.၆) လောင်ကျွမ်းစေနိုင်ပြီး ကိုယ်ခံအားစနစ်တိုးစေဖို့ အန်ဒေါ်ဖင်းဟော်မုန်းတွေလည်းထုတ်ပေးနိုင်တဲ့ ရုပ်ပိုင်းဆိုင်ရာဆောင်ရွက်ချက် လို့ သိထားဖို့အရေးကြီးပါတယ်။ ဘယ်လိုကာယလေ့ကျင့်ခန်းမျိုးပဲလုပ်လုပ် ကျန်းမာရေးအတွက်အကျိုးရှိစေမှာပါ။ ချစ်တင်းနှောခြင်းကလည်း အဲဒီလိုလေ့ကျင့်ခန်းတစ်မျိုးပါပဲ” လို့ Anglia Ruskin တက္ကသိုလ်က လေ့လာမှုတစ်ရပ်မှာပါဝင်ခဲ့တဲ့ Dr.Lee Smith က ပြောပါတယ်။

ဒါပေမဲ့ “လိင်မှုကိစ္စနဲ့ကင်းကွာနေခြင်းက နာမကျန်းမှုကိုဖြစ်စေတာလား” ဒါမှမဟုတ် “လိင်မှုရေးရာကိစ္စတွေလျော့နည်းလာခြင်းက နာမကျန်းဖြစ်လာနိုင်တာကိုသတိပေးနေတာလား” ဆိုတာကိုတော့ ကျွမ်းကျင်သူတွေက အဖြေမထုတ်နိုင်ကြသေးပါဘူး။

Ref: Daily Mail “Lack of sex can be a health threat for the over-50s”

TH (ရိုးရာလေး)

 

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top