ကျွန်တော်တို့ နေ့စဉ်သုံးစကားများတွင် လူတစ်ဦးတစ်ယောက်က အခြားသူတစ်ယောက်ကို မေးမြန်းသည့် မေးခွန်းများတွင် ဘယ်ကလာသလဲ ဆိုသည့် မေးခွန်းများ မေးတတ်ကြပါတယ်။ မေးတယ် ဆိုတာကလည်း အဝေးတစ်နေရာက လာရတာလား၊ ပင်ပန်းနေသလား၊ ဘယ်လိုနေရာဌာနက လာရသလဲ၊ အစားအသောက်တွေ ပေါများ အေးချမ်းတဲ့ဆီက လာရတာလား၊ အစာရေစာပြတ်ပြီး ဒုက္ခရောက်တဲ့ဆီက လာရတာလား စသဖြင့် မေးမြန်းတဲ့သဘောတွေ အပါအဝင် အကြောင်းအရာတွေ အများကြီးအတွက် မေးကြတာဖြစ်တယ်။ ဒီတော့ ဘယ်ကလာသလဲ ဆိုတဲ့ အမေးကို မေးလိုက်တဲ့အခါ ကျွန်တော်ကဖြင့် ဘယ်က လာပါတယ်၊ ကျွန်မက ဘယ်ကလာပါတယ် ဒီလို ဖြေကြတာက များပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ သံသရာမှာတော့ လူ့ဘဝကို ယခု ရလာရတာဟာ အလွန်အင်မတန်မှ ကံကောင်းလို့ ရောက်ရတာလို့ ဆိုပါတယ်။ ဒီတော့ ကျွန်တော်တို့ ဘယ်ကလာသနည်း ဆိုသည့်မေးခွန်းကို မေးကြည့်ရအောင်ပါ။
မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးဟာဖြင့် ဘုရားအဖြစ် ဗျာဒိတ်ခံပြီးတဲ့နောက် (၅၅၀) သော ဘဝတို့ကို ဖြတ်သန်းခဲ့ရတယ်ဆိုတာ ဗုဒ္ဓဝင်များမှာ အထင်အရှား တွေ့နိုင်ပါတယ်။ ဒီလို ဖြတ်သန်းခဲ့ရတဲ့ ဘုရားလောင်းတောင်မှ လူ့ဘဝ (၁၀) ဘဝပဲ ရခဲ့တယ်လို့ ဆိုပါတယ်။ ဒီ (၁၀)ဘဝမှာတောင်မှ သာသနာတွင်းကာလမှာ လူဖြစ်တဲ့ အကြိမ်က နည်းပါတယ်။ ဒီတော့ ကျွန်တော်တို့ ဘယ်ကလာတာလဲ၊ ဒီလူ့ဘဝကို ဘာလာလုပ်တာလဲ၊ ဘယ်ကိုပြန်သွားမှာလဲဆိုတဲ့ မေးခွန်းတွေ ထွက်လာတာပါပဲ။ အလာရှိရင် အပြန်ရှိမယ်ပေါ့၊ အလာနဲ့ အပြန်နဲ့ ကြားမှလည်းခဏ နားခိုတာတော့ ရှိမယ်ပေါ့။ ဒီတော့ ကျွန်တော်တို့ အခု လူ့ဘဝဆိုတာဟာ ခဏ နားခိုရာလို့ ဆိုရင်လည်း မှားမယ်တော့ မထင်ပါဘူး။
ဒီနေရာမှာ တစ်ချိန်က အရပ်ထဲ ပြောကြတယ်ပေါ့။ လူတစ်ဦးတစ်ယောက်ရဲ့ နေပုံ၊ ထိုင်ပုံ၊ စားပုံ၊ သောက်ပုံနဲ့ အပြုအမူတွေ၊ စိတ်ထားတွေကို ကြည့်ပြီးတော့ သူကတော့ ဘယ်လို အစုအဖွဲ့ကနေ လာတာပဲ၊ ဒီလူကတော့ ဘယ်လိုအစုကနေ လူဖြစ်လာတာဖြစ်မယ် စသဖြင့် အရပ်ပြော ပြောနေကြသူတွေကိုလည်း တွေဖူးကြမယ် ထင်ပါတယ်။ ဟုတ်ချင်လည်း ဟုတ်မယ် ဒါပေမယ့် တိတိကျကျတော့ ပြောလို့မရပါဘူး၊ ပြောနိုင်တာတစ်ခုကတော့ ကောင်းတဲ့ အစုကပဲ လာလာ၊ မကောင်းတဲ့ အစုအဝေးတစ်ခုခုကပဲ လာလာပေါ့။ အခုချိန်မှာ သူဟာ လူ ဆိုတဲ့ အစုအဝေးကို ရောက်နေတာပဲ ဖြစ်တယ်။ ဒီတော့ လူဆိုတဲ့ အစုအဝေးနဲ့ ကိုက်ညီအောင် နေရမှာဖြစ်တယ်။
သာသနာတွင်းကာလမှာ လူရယ်လို့ ဖြစ်ရတာဟာ သူလာရာအစုတွေထဲက ကံအလွန်ကောင်းတဲ့ သူတွေဖြစ်တယ်။ တစ်ချို့လူတော့ ဖြစ်တယ် ဒါပေမယ့် သာသနာတော်အတွင်းတော့ မဟုတ်ဘူးပေါ့။ ဒါဆိုရင် အခု လူတွေလောက်တော့ ကံကောင်းပုံ မပေါ်ဘူး။ သာသနာတွင်းမှာ ဖြစ်တော့လည်း တစ်ချိုက အယူမှားကြတော့ သစ္စာတရားကို သိနိုင်လောက်တဲ့ အနေအထားမရှိဘူး ဖြစ်ရပြန်တယ်။ ဒီတော့ သာသနာအတွင်းမှာ သစ္စာတရားကို သိခွင့်ရတဲ့ လူရယ်လို့ ဖြစ်ရခြင်းက ကိုယ်လာရာ အစုအဖွဲ့အတွင်းက ကံအကောင်းဆုံး ဆိုတာကို မမေ့ထားသင့်ဘူး။
ဒီလို ကံအကောင်းတကာ့ အကောင်းဆုံးဖြစ်လို့ လူရယ်လို့ ဖြစ်လာတဲ့အခါ လူတစ်ယောက်မှာရှိရမယ့် စိတ်နေစိတ်ထားကအစ အစစအရာရာကို ကံကောင်းတဲ့ လူပီသအောင် နေထိုင်ဖို့တော့ လိုပါတယ်။ ဘယ်ကလာသနည်း လို့ဆိုရရင်တော့ ဘယ်ကလာလာ လာခဲ့တဲ့ အစုက သိပ်အရေးမကြီးတော့ပါဘူး။ လုံးဝ အရေးမပါဘူးလိုတော့ မဆိုလိုပါဘူး။ လက်ရှိလူ့ဘဝကသာ အရေးကြီးသွားတာပါ ဒီလို ဘယ်လားရာအရပ်က လာလာ ယခု မျက်မှောက်အချိန်မှာ သစ္စာတရားရဲ့ နက်နဲတဲ့ အကြောင်းတွေနဲ့ ကောင်းမြတ်သော အကျင့်တို့ကသာ အရေးကြီးတာပါ။ ဒါကြောင့် ဘယ်ကလာသနည်းဆိုပါလျှင် လာရာအရပ်ကို ပြန်တွေးပြီး နောင်တသောက ဖြစ်နေမည့်အစား လက်ရှိအခြေအနေကောင်းတစ်ခုကို သံသရာအတွက် အကျိုးရှိရှိ အသုံးပြုနိုင်ဖို့ လိုအပ်ကြောင်းတင်ပြလိုက်ရပါတယ်။
လေပြေမောင် (ရိုးရာလေး)