မျိုးဆက်သစ်တွေအတွက် အသက်စွန့်ဖို့ ဝန်မလေးသူများ

18.4.2023-yyl-iamge-4.jpg

မုဆိုးတွေက ထွက်ပေါက်အားလုံး ပိတ်ဆို့ထားချိန်မှာ မျိုးဆက်သစ် တောင်ဆိတ်ငယ်တွေ အသက်ရှင် ကျန်ရစ်စေဖို့ တောင်ဆိတ်အိုတွေက ချောက်ထဲကျမယ်မှန်း သိရက်နဲ့ ခုန်ချသွားကြတဲ့ ဇာတ်လမ်းတစ်ပုဒ်ကို ဖတ်ရတော့ ဂျပန်နိုင်ငံက သက်ကြီးရွယ်အိုတစ်စုကို သတိရမိတယ်။ ၂၀၁၁ ခုနှစ်က ဆူနာမီလှိုင်းတွေကြောင့် ဖူကူရှီးမား နျူကလီးယားစွမ်းအင်စက်ရုံ ပြိုလဲချိန်မှာ အငြိမ်းစားယူထားသူတစ်စုက Skilled Veterans Corps ဆိုတဲ့ ပရဟိတအဖွဲ့ ဖွဲ့တယ်။

အဲဒီအဖွဲ့မှာ အသက် ၆၀ ကျော်တွေချည်းပဲ။ နျူကလီးယားစွမ်းအင်စက်ရုံပြိုလဲမှုကြောင့် ဓာတ်ရောင်ခြည်သင့်တာကို လူငယ်တွေ မခံရသင့်ဘူး။ သူတို့ပဲ ဓာတ်ရောင်ခြည်သင့်ခံမယ်ဆိုတဲ့ ဆုံးဖြတ်ချက်နဲ့ ရှေ့ထွက်ခဲ့သူတွေပါ။

ဆူနာမီလှိုင်းတွေကြောင့် ဖူကူရှီးမားနျူကလီးယားစွမ်းအင်စက်ရုံရဲ့ ဓာတ်ပေါင်းဖို ၆ ခုအနက် ၃ ခု ပြိုလဲခဲ့တယ်။ ဓာတ်ရောင်ခြည်တွေ စိမ့်ထွက်၊ ပျံ့နှံ့မသွားအောင် ဝန်ထမ်း ၉၀၀၀ လောက်က နေ့မနား၊ ညမနား လှုပ်ရှားခဲ့ကြတယ်။ ဒါပေမဲ့ ဒီဖြစ်ရပ်မှာ လူငယ်တွေအစား သူတို့ပဲ ဓာတ်ရောင်ခြည်သင့်တာ ခံလိုက်မယ်ဆိုပြီး အငြိမ်းစားအင်ဂျင်နီယာ ယာမာဒါက Skilled Veterans Corps အဖွဲ့ ဖွဲ့ခဲ့တာပါ။ သူတို့တွေ ဓာတ်ရောင်ခြည်သင့်ရင်တောင် ကင်ဆာဖြစ်ဖို့ ၁၅ နှစ်၊ နှစ် ၂၀ အချိန်ကြာဦးမယ်၊ သူတို့ဘဝက အလွန်ဆုံးနေရရင်တောင် နှစ် ၂၀ လောက်ပဲဆိုတော့ ကင်ဆာဖြစ်မှာ စိုးရိမ်မနေရဘူးလို့ ယာမာဒါက ဆိုပါတယ်။

ဂျပန်အစိုးရကတော့ Skilled Veterans Corps အဖွဲ့ကို ပါဝင်လှုပ်ရှားခွင့် မပြုခဲ့ပါဘူး။ ဒါပေမဲ့ မျိုးဆက်သစ်တွေအတွက် စွန့်လွှတ်အနစ်နာခံမှုအကြောင်း ပြောတဲ့အခါ Skilled Veterans Corps အဖွဲ့က မပါမဖြစ် ထည့်ပြောရတဲ့ကိစ္စ ဖြစ်ခဲ့ပြီး သူတို့ရဲ့ ကြင်နာတတ်တဲ့ စိတ်ထားကလည်း ပြောစမှတ်တွင်ခဲ့ပါတယ်။

Ref: Skilled Veterans Corps

NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top