ဒီကနေ့အချိန်မှာ နိုင်ငံကြီးသားတွေအပါအဝင် တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ဆို Facebook သုံးစွဲသူဦးရေ ၂ ဘီလီယံထိ ရှိလာခဲ့ပြီလို့ ဆိုပါတယ်။ Social Media လို့ဆိုလိုက်တာနဲ့ Facebook ကိုပဲ ပြေးမြင်သူများနေသေးတဲ့ ကျွန်တော်တို့ဆီမှာလည်း တောရော မြို့ပါမကျန် လူမှုကွန်ရက်ယဉ်ကျေးမှုတစ်ခု ပေါက်ကွဲတိုးထွက်လာပြီး လက်ရှိအနေအထားအရ မြန်မာနိုင်ငံမှာ Facebook သုံးစွဲသူဦးရေ ၁၈ သန်းကျော်ရှိကြောင်း၊ Facebook သုံးစွဲသူတွေထဲက ၈၅ ရာခိုင်နှုန်းဟာ အသက် ၁၈ နဲ့ ၄၄ နှစ်ကြားအရွယ်တွေဖြစ်ကြောင်း RFA သတင်းတစ်ရပ်မှာ မကြာသေးမီက ဖော်ပြခဲ့ပါတယ်။
၂ဝ၁၈ ခု၊ နိုဝင်ဘာ ၇ ရက်နေ့ထုတ် Daily Eleven သတင်းစာပါ သတင်းတစ်ပုဒ်မှာတော့ မြန်မာနိုင်ငံအတွင်း Facebook လူမှုကွန်ရက်သုံးစွဲသူဦးရေ သန်း ၂ဝ ထိရှိလာပြီး Facebook ဟာ အွန်လိုင်းသတင်းအချက်တွေ ရယူဖို့အတွက် အဓိကရင်းမြစ်တစ်ရပ်ဖြစ်လာတယ်လို့ ဖော်ပြထားတာ တွေ့ရပါတယ်။ တစ်ကမ္ဘာလုံး Facebook နဲ့ အသားကျနေသလို ကမ္ဘာ့ရွာကြီးထဲက ရွာလေးတစ်ရွာဖြစ်တဲ့ ကျွန်တော်တို့ဆီမှာလည်း Facebook သုံးစွဲတာကို အပြစ်တစ်ခုလို့ မမြင်နိုင်ပါဘူး။ Facebook ဟာ နယ်ပယ်စုံအတွက် သတင်းရင်းမြစ်တစ်ခု ဖြစ်လာသလို တချို့ ကိုယ့်မိသားစု၊ အပေါင်းအသင်း၊ သူငယ်ချင်းတွေနဲ့ ပျော်ရွှင်စရာ၊ စိတ် ဖြေစရာတစ်ခုအနေနဲ့ သုံးစွဲကြသူတွေလည်း ရှိပါတယ်။ အနည်းဆုံးတော့ ကမ္ဘာကြီးနဲ့ အလျင်အမြန်ချိတ်ဆက်နိုင်ဖို့ ကျွန်တော်တို့တွေ Facebook သုံးပါတယ်။ဒါပေမဲ့ ဒီနေရာမှာ ရိုးရာလေးပရိသတ်တွေကို အဓိက ပြောချင်တာက ကျွန်တော်တို့ဆီမှာ လူမှုကွန်ရက် ဆိုရှယ်မီဒီယာကို ပျိုပျိုအိုအို အရွယ်မရွေး ချိတ်ဆက်သုံးစွဲ နေကြသည့်တိုင် ဒီဂျစ်တယ်ဗဟုသုတ နည်းပါးနေဆဲဖြစ်ပြီး မလိုလားအပ်တဲ့ ဘေးထွက်ဆိုးကျိုးနဲ့ အရှုပ်အထွေး ပြဿနာလေးတွေ ရှိနေတယ်ဆိုတဲ့အကြောင်းပါ။
‘တန်ဆေး လွန်ဘေး’ဆိုသလို လူမှုကွန်ရက်ကို ကိုယ့်ဘဝတစ်ခုလို စွဲစွဲလမ်းလမ်းနဲ့ ထမင်းမေ့ဟင်းမေ့ သုံးဖြစ်နေပြီဆိုရင် ဘယ်လိုမျိုး ဆုံးရှုံးမှု၊ ဘေးထွက်ဆိုးကျိုး တွေ ဖြစ်ပေါ်လာနိုင်လဲ။ ပထမဆုံးအနေနဲ့ နေရာတကာမှာ ဒီဖုန်းတစ်လုံးကို ပွတ်နေရင်း အချိန်တွေကုန်မှန်းမသိ ကုန်သွားတာကြောင့် တချို့ လူမှုဝတ္တရားလေးတွေ ပျက်ယွင်းလာတတ်တယ်ဆိုတာ တွေ့ရပါလိမ့်မယ်။ ဥပမာအနေနဲ့ နှစ်ပေါင်းများစွာ ခင်မင်ရင်းနှီးလာကြတဲ့ ကျောင်းနေဘက်သူငယ်ချင်းတွေစုပြီး ဆိုင်တစ်ဆိုင်မှာ မိတ် ဆုံစားပွဲလေးတစ်ခု လုပ်ကြတယ်ဆိုပါစို့။ သူငယ်ချင်းတွေ တစ်ယောက်နဲ့တစ်ယောက် ချစ်ချစ်ခင်ခင် ရင်းရင်းနှီးနှီးနဲ့ စားကြသောက်ကြရင်း စကားတွေဖောင်ဖွဲ့နေရမယ့်အစား အသံတွေတိတ်ပြီး ကိုယ့်ဖုန်းကိုပဲ သည်းကြီးမည်းကြီး ပွတ် နေကြတာမျိုး တွေ့ရတတ်ပါတယ်။ Facebook သုံးပြီး ကိုယ့်ဓာတ်ပုံ၊ ကိုယ့်အကြောင်းကိုပဲ ဗဟိုပြုမိနေတာများ လာရင်း ကိုယ့်ပတ်ဝန်းကျင်က လူတွေနဲ့ မေ့လျော့ဝေး ကွာလာသလိုပါပဲ။ ဒါဟာ သူငယ်ချင်း၊ မိသားစုဝင် အ ချင်းချင်း နွေးထွေးမှုနည်းပါးလာမှန်းမသိ နည်းပါးလာစေ တယ်လို့ မြင်ပါတယ်။
ဒီလိုအဖြစ်တွေကို မြင်တဲ့ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က ခုနောက်ပိုင်း ဆိုရှယ်မီဒီယာကို အလွန်အကျွံသုံးစွဲလာမှုနဲ့ပတ်သက်ပြီး ‘မိသားစုဝင်တွေထဲမှာ တယ်လီဖုန်းတွေနဲ့ အချိန်ဖြုန်းပြီး လူလူချင်း ထိတွေ့ဆက်ဆံမှုနည်းပါးလာတဲ့ကိစ္စကို စိတ်ပူပါတယ်။ ဆိုရှယ်မီဒီယာကို အလွန်အကျွံသုံးစွဲမယ်ဆိုရင် လူသားတွေဟာ ကိုယ့်အဝန်းအဝိုင်းရဲ့ အပြင်ဘက်ကို ရောက်သွားပါတယ်။ မိသားစုဝင်တွေအချင်းချင်း ညစာစားရင်း စကားစမြည်ပြောမယ့်အစား အပြင်ကလူတွေနဲ့ ဆိုရှယ်မီဒီယာမှာ ချိတ်ဆက်နေမယ်ဆိုရင် ဒီကိစ္စဟာ သိပ်ကိုအန္တရာယ်ကြီးပါတယ်’လို့ ၂ဝ၁၈ ခု၊ ဩဂုတ်လထဲမှာ ဖွင့်ဟခဲ့တာပါ။ Facebook ရဲ့ ရိုက်ချက်ကြောင့် ပုပ်ရဟန်းမင်းကြီးတောင် မနေနိုင်မထိုင်နိုင် ဝင်ပြီး သတိပေးရတဲ့အထိပါပဲ။
အင်တာနက် သုံးနိုင်တဲ့ ဖုန်းဆင်းမ်ကတ်တွေ ဈေးပေါပေါနဲ့ လွယ်လွယ်ကူကူ ရရှိလာတာကြောင့် လူငယ်လူရွယ် အားလုံးနီးပါး လူမှုကွန်ရက် သုံးစွဲလာကြပြီဖြစ်ပေမဲ့ ဒီလို Facebook သုံးနေသူတွေထဲမှာ လုံလောက်တဲ့ ပညာအရည်အချင်း၊ အသိပညာ၊ ဗဟုသုတနဲ့ ဆင်ခြင်တုံတရား နည်းပါးသူတွေလည်း ပါဝင်နေပါတယ်။ တချို့ တောရွာဒေသတွေမှာဆိုရင် သူများဖွင့် ပေးတဲ့ Account တစ်ခုနဲ့ Facebook သုံးပြီး Password ရဲ့အဓိပ္ပာယ် ဘာလဲမသိသူတွေ ရှိသလို Security, Virus ဆိုတာတွေ လည်း သူတို့တွေ မသိကြပါဘူး။ ဒီအတွက် ဘေးထွက်ဆိုးကျိုးတစ်ခုအနေနဲ့ ပြဿနာရှိလာတာက ဒီနိုင်ငံမှာ လူမှုကွန်ရက်သုံးစွဲနေကြသူ အတော်များများဟာ ကိုယ့်လူမှုကွန်ရက်စာမျက်နှာပေါ်တက်လာတဲ့ အကြောင်းအရာတိုင်း၊ Post တိုင်းကို အမှန်ထင်နေကြတော့တာပါပဲ။
ကျွန်တော်တို့လူတွေဟာ အမြန်လမ်းမှာ ကားတစ်စင်း ဓာတ်ကြိုးတွေပေါ် တင်နေတယ်ဆိုလည်း ယုံလိုက်သလို၊ သင်းခွေကျပ်ကို ရေနဂါးလို့ ပြောပြီး ရိုက်ပြရင်လည်း Share လိုက်ကြတာပါပဲ။ အွန်လိုင်းပေါ်က သတင်းအမှား တွေကို အလွယ်တကူ ယုံကြည်နေကြသူတွေထဲမှာ ပညာ တတ် ဘွဲ့ရဆိုတဲ့ ပုဂ္ဂိုလ်တွေလည်း ပါဝင်ပါတယ်။ အဲဒီကတစ်ဆင့် ပိုပြီး စိုးရိမ်ဖို့ကောင်းတာက တချို့ လူယုတ်မာတွေဟာ နိုင်ငံရေးအရဖြစ်စေ၊ လူမျိုးရေးအရ ဖြစ်စေ၊ တစ်ဘက်နဲ့တစ်ဘက် မလိုမုန်းထား ရန်မီးပွားမှု ကြောင့်ဖြစ်စေ သတင်းအမှား၊ ဝါဒဖြန့်ချိမှုအမှားတွေတင် ပြီး လူ့အဖွဲ့အစည်းကို ဒုက္ခပေးတတ်တာပါ။
လူမှုကွန်ရက်ပေါ်ကနေ တစ်ဘက်လူကို အယုံသွင်း၊ အကျပ်ကိုင်ပြီး ငွေကြေး လိမ်လည်မှုလုပ်တာ၊ ကာမလိမ်လည်ရယူမှုတွေလုပ်တာတွေလည်း ခုနောက်ပိုင်းမှာ မကြာခဏဆိုသလို ကြားလာခဲ့ရပါတယ်။ ဒီအတွက် Facebook သုံးစွဲသူများအနေနဲ့ သတင်း ဖြစ်ရပ်၊ အကြောင်းအရာတစ်ခု တွေ့ပြီဆိုရင် ဒီသတင်းဟာ မှန်ကန်မှု ရှိနိုင်/မရှိနိုင်၊ ဖြစ်နိုင်/မဖြစ်နိုင်ဆိုတာကို အရင်ဆုံး ကိုယ့်ရဲ့ဆင်ခြင်ဥာဏ်နဲ့ ချင့်ချိန်စဉ်းစားပြီး လူယုတ်မာ တွေ အယုံသွင်းတဲ့ နိုင်ငံရေးသတ်ကွင်း၊ လူမှုရေးသတ်ကွင်းတွေထဲ ရောက်မသွားအောင် သတိထား ရှောင်ရှားဖို့ လိုအပ်ပါတယ်။
ခုနောက်ပိုင်း Facebook သုံးစွဲသူများပြားလာတာနဲ့အမျှ ကျွန်တော်တို့ပတ်ဝန်းကျင်မှာ မကြာခဏကြားလာရတဲ့ နောက်ထပ်ပြဿနာတစ်ခုကတော့ လူမှုကွန်ရက် နောက်ဆက်တွဲ လူမှုရေးဖောက်ပြန်မှု အရှုပ်အထွေးပါ။ အိမ်ထောင်ရှိပြီးသား အမျိုးသားက သူ့ကိုယ်သူ လူပျို လူလွတ်လို့ပြောပြီး အွန်လိုင်းပေါ်က အလန်းဇယားလေးတွေကို အယုံသွင်းလှည့်ဖျားတာမျိုးတွေ ရှိသလို အိမ်မှာ ကျန်ခဲ့တဲ့ ကလေးနှစ်ယောက်အမေ အိမ်ရှင်မကလည်း သူ့ကိုသူ အပျိုစစ်စစ်ပါလို့ပြော၊ Facebook ကတစ်ဆင့် အွန်လိုင်းချစ်သူထားပြီး စိတ်ထွက်ပေါက်ရှာတဲ့ လုပ်ရပ်တွေ ရှိလာပါတယ်။ တချို့ အမျိုးသမီးတွေကျတော့လည်း လိုင်းပေါ်ကနေ ပြောတာပဲ၊ လိုင်းပေါ်ကနေပြတာပဲဆိုပြီး တစ်ဘက်လူကို စကားတွေကျွံ၊ အပြတွေလွန်ပြီးမှ တစ်ဘက်က အကြံသမားက ခြိမ်းခြောက် ငွေညှစ်တဲ့အဖြစ်တွေလည်း ကြုံရတတ်ပါတယ်။ အဲဒီလိုမျိုး အွန်လိုင်းထောင်ချောက်မိပြီး အရှက်တကွဲ အကျိုးနည်း ဒုက္ခရောက်ကြရသူတွေထဲမှာ ဘုန်းကြီး ရဟန်းတချို့တောင် ပါဝင်လာကြပါတယ်။
စားသောက်ဆိုင်ထဲရောက်လည်း Facebook တင်၊ ဘတ်စ်ကားပေါ်ရောက်လည်း Facebook တင်၊ ကိုယ့် ရည်းစားနဲ့ ပလူးပလဲလုပ်တာကအစ Facebook ပေါ် တင် လိုက်ရမှ ခေတ်မီတယ်ထင်နေကြတဲ့ ကိုကိုတင်၊ မမတင် တို့ကို နောက်ဆုံးတစ်ချက်အနေနဲ့ သတိပေးချင်တာလေး ရှိပါတယ်။ အဲဒါကတော့ ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်း ဘီဘီစီနဲ့ တွေ့ဆုံမေးမြန်းခန်းတစ်ခုမှာ နိုင်ငံကျော်စာရေးဆရာ မ ဂျူးပြောသွားတဲ့ ‘လူမှုကွန်ရက်နဲ့ သတင်းပေါက်ကြားမှုအန္တရာယ်’ အကြောင်းပါ။ ကိုယ်ရဲ့ နေ့စဉ်ဘဝ လှုပ်ရှားလည်ပတ်မှုကအစ ကိုယ် ကြိုက်တတ်တဲ့ အစားအစာ၊ ကိုယ့်ဝါသနာတွေကို တစ်ချိန်လုံး အွန်လိုင်းပေါ်တင်နေတဲ့အတွက် ကိုယ်ဘာကြိုက်လဲဆိုတာကို Facebook က ကိုယ့်ထက်တောင် ပိုသိနေကြောင်း ဆရာမဂျူးက ထောက်ပြပြီး ဒီလိုမျိုး တစ်ချိန်လုံးလိုင်းပေါ် တင်နေခြင်းက သတင်းပေါက်ကြားမှု ဖြစ်လာနိုင်ကြောင်း သတိပေးသွားခဲ့တာပဲဖြစ်ပါတယ်။
စီးပွားရေး၊ လူမှုရေးစတဲ့အရာတွေမှာ လျှို့ဝှက်သင့် လျှို့ဝှက်ထားအပ်တဲ့အရာတွေကို လိုင်းပေါ်တင်မိလို့ သတင်းပေါက်ကြားမှုဖြစ်လာပြီဆိုရင်တော့ ဒါဟာ ကိုယ့်ကို လုပ်ကြံတိုက်ခိုက်ဖို့ ချောင်းမြောင်းနေတဲ့ တစ်ဘက်လူရဲ့ ထောင်ချောက်ထဲ ကိုယ်ကိုယ်တိုင် တိုးဝင်မိလိုက်သလို ဖြစ်သွားပါမယ်။ ဒီဂျစ်တယ်ဗဟုသုတ၊ အွန်လိုင်းနည်းပညာနဲ့ပတ်သက်ပြီး အဘက်ဘက်က အားနည်းမှုရှိနေသေးတဲ့ ကျွန်တော်တို့တွေဆီမှာ မပြောပါနဲ့ဦး။ ဒီလူမှုကွန်ရက်ကို တည်ထောင်ခဲ့တဲ့ မာ့ခ်ဇူကာဘတ်တောင် Facebook ကနေ သုံးစွဲသူ ပေါင်းများစွာရဲ့ ကိုယ်ရေးအချက်အလက်တွေ လုံခြုံမှုမရှိဘဲ ပေါက်ကြားစေခဲ့တဲ့အတွက် အမေရိကန်ကွန်ဂရက်ထိ သွားရောက်ဖြေရှင်းခဲ့ရပြီး သူကိုယ်တိုင် ပြန်လည်တောင်း ပန်ခဲ့ရတဲ့အဖြစ် ရှိခဲ့ပါတယ်။
ဟုတ်ကဲ့…ကမ္ဘာကြီးနဲ့ အလျင်အမြန် ချိတ်ဆက်ဖို့အတွက် Facebook လိုလူမှုကွန်ရက်ကို ကျွန်တော်တို့တွေ သုံးရပါလိမ့်မယ်။ ဒါပေမဲ့ Facebook ကို ဘဝလုပ်ပြီး စွဲလမ်းနေမယ် ဆိုရင်တော့ အထက်မှာ ပြောခဲ့တဲ့အချက်လေးတွေကို ပြန်စဉ်းစားပါလို့ တိုက်တွန်းလိုက်ပါရစေလား။
ဒီနေသစ်