အင်တာနက်လို့ ဆိုလိုက်တာနဲ့ Facebook ကိုပဲမြင်နေပြီလား

surfing-the-internet-PXKZNLA-e1565523256843.jpg

အရင် နှစ်ပိုင်းတွေက အင်တာနက်သုံးတယ်ဆိုပြီး စပြီး ခေတ်စားလာခဲ့တဲ့ အနေအထားတွေမှာ Gtalk သုံးပြီး ချက်တင် ထိုင်ခဲ့ကြတာကိုပဲ အင်တာနက်သုံးတယ်ဆိုပြီး ပြောရလားဆိုပြီး လှောင်ကြ သရော်ကြတဲ့ ခေတ်ကို တချို့ မှီလိုက်မယ်ထင်ပါတယ်။

ဒါပေမယ့် လူမှုကွန်ယက် (Social Network) ဆိုတာ အဆိုးကြီးပဲ မဟုတ်ပါဘူး။ အဆိုးအကောင်း၊ ကိုယ့်အတွက် ကိုယ်ယူတတ်ရင် ကိုယ့်အတွက်ပြန်ရနိုင်တာတွေ အများကြီးပါ။ Facebook ကိုပဲ အဓိက အသုံးပြုနေတယ်ဆိုရင်တောင် ဒီလို Social network ပေါ်ကနေ ကိုယ်ပြန်ရနိုင်တာတွေက အများကြီး ရှိနိုင်ပါတယ်။ ဒါပေမယ့် Facebook အပြင် နောက်ထပ် အသုံးပြုနိုင်သေးတဲ့ စိတ်ဝင်စားစရာ လူမှုကွန်ယက် (Social network) တွေက ဘာတွေရှိဦးမလဲဆိုတာ လေ့လာကြည့်ရအောင်။

Instagram

Instagram ကတော့ ဓာတ်ပုံတွေ တင်ဖို့ မျှဝေဖို့ သုံးတဲ့ လူမှုကွန်ယက်တစ်ခုလို့ ပြောလို့ရပါတယ်။ Instagram ရဲ့ အားသာချက်တစ်ခုကတော့ ဓာတ်ပုံတွေကိုပြင်လို့ရတဲ့ Filters တွေစုံလင်တာလို့ ပြောရမှာပါပဲ။ အခြားသော လူမှုကွန်ယက်တွေနဲ့ ချိတ်ဆက်ပြီးတော့လဲ ဓာတ်ပုံတွေကို မျှဝေလို့ရပါတယ်။

နိုင်ငံတကာက အနုပညာရှင်တွေကအစ သူတို့ရဲ့ နေ့စဉ်ဘဝ လှုပ်ရှားမှု ဓာတ်ပုံတွေကို Instagram ပေါ်မှာ တင်လေ့ရှိတာမို့ လူသုံးများလှတဲ့ လူမှုကွန်ယက်တစ်ခုအဖြစ် တွေ့ရမှာပါ။ မြန်မာနိုင်ငံမှာလည်း အနုပညာရှင်တွေကအစ သာမန်လူငယ်တွေထိ Instagram ကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုလာကြတာ တွေ့ရပါတယ်။

Twitter

Facebook မှာ စာရေးပြီး ပို့စ်တင်တာကို စတေ့တပ်တင်တယ်လို့ ခေါ်ကြတယ်။ Twitter မှာတော့ Tweets လို့ ခေါ်ပါတယ်။ Facebook မှာဆိုရင် ပြန်လည်မျှဝေတာကို Share လို့ခေါ်ကြတယ်။ Twitter မှာတော့ Retweet လို့ ခေါ်ပါတယ်။ Twitter မှာ Tweet တစ်ခုအတွက်ဆိုရင်တော့ Characters 140 အထိ ပဲ ရေးပြီးတင်လို့ရပါတယ်။ (လွယ်လွယ် ပြောရရင်တော့ စာလုံးရေ သတ်မှတ်ချက်ပေါ့။)

နောက်ပြီး Twitter မှာ စိတ်ဝင်စားစရာ အချက်တစ်ခုက Tweet တွေကို တင်ကြတဲ့အခါ Hushtag လို့ခေါ်တဲ့ (#) သင်္ကေတတွေကို ကိုယ်တင်မယ့်စာသားရဲ့ရှေ့မှာ ထားပြီး ရေးကြတာပါပဲ။ ဥပမာပြောရရင် #Yoyarlay အဲ့ဒီလိုပေါ့။ ကိုယ် mention ခေါ်လိုတဲ့ သူရဲ့ ရှေ့မှာတော့ @ ဆိုတဲ့ သင်္ကေတ ခံထားပြီး ခေါ်လေ့ရှိပါတယ်။ Twitter က မြန်မာနိုင်ငံမှာ အသုံးနည်းနေသေးပေမယ့် နိုင်ငံတကာက တွေကတော့ အရင်ကတည်းက အရမ်း အသုံးများတဲ့ လူမှုကွန်ယက်တစ်ခုပါပဲ။

YouTube

YouTube ကတော့ လူတိုင်းရင်းနှီးပြီးသား ဖြစ်မယ်ထင်ပါတယ်။ ဗီဒီယိုတွေ မျှဝေတဲ့ လူမှုကွန်ယက်တွေထဲမှာတော့ YouTube က လူကြည့်အများဆုံးဖြစ်ပြီး Google ရဲ့ လုပ်ငန်းခွဲတစ်ခုလည်း ဖြစ်ပါတယ်။ Youtube မှာဆိုရင် ဗီဒီယိုတွေကို Upload တင်လို့ရမယ်၊ တခြားသူတွေတင်ထားတဲ့ ဗီဒီယိုတွေကို ကြည့်ရှုလို့ရမယ် ဒါ့အပြင် အားသာချက်တစ်ခုက သူ့ဆီက ဗီဒီယိုတွေကို တခြား လူမှုကွန်ယက်တွေမှာ တရားဝင် ပြန်လည်မျှဝေလို့ရတာပါပဲ။

Facebook မှာ ဗီဒီယိုတွေ တင်လိုက်တဲ့အခါမှာပဲ ဖြစ်ဖြစ် ရှဲလိုက်တဲ့ အခါမှာပဲ ဖြစ်ဖြစ် မူပိုင်ခွင့်ကြောင့် ပြန်လည်ဖျက်ချခံလိုက်ရတဲ့ ပြသနာတွေက YouTube က ဗီဒီယိုတွေ မှာတော့ တော်တော်လေးနည်းပါးတာကို တွေ့ရမှာပါ။ ဒါပေမယ့် အားနည်းချက်ကတော့ ဒေတာစားတဲ့ ပြသနာပါပဲ။ ဗီဒီယိုတစ်ခုကို ကြည့်ရှုဖို့အတွက် ဒေတာ ပမာဏများတာမို့ ပေးရတဲ့ ဘေလ်ပမာဏကလည်း တိုက်ရိုက်အချိုးကျနေမှာပါ။ တခြားနိုင်ငံတွေမှာ လူသုံးများလှပေမယ့် မြန်မာနိုင်ငံရဲ့ လက်ရှိ အင်တာနက်ဒေတာ ဈေးကွက် အနေအထားကြောင့်မို့လည်း လူကြည့်နည်းနေသေးသလားလို့ တွေးမိပါတယ်။

Reddit

နောက်ထပ် လူမှုကွန်ယက် တစ်ခုဖြစ်တဲ့ Reddit ကိုတော့ သတင်းအချက်အလက် မျှဝေတာအပြင် အမြင်တွေကို ဖလှယ်ဖို့ အတွက် အသုံးပြုကြတာပါ။ Reddit ကို အင်တာနက်ရဲ့ ရင်းမြစ် (Source) လို့တောင်ပြောကြပါတယ်။ Reddit ရဲ့ သတင်းအချက်အလက် မျှဝေတာတွေ အတွက်ဆိုရင်တော့ Subreddit ဆိုပြီး ကဏ္ဍတွေ အများကြီးကို စုံစုံလင်လင်ရှာဖွေလို့ရပါတယ်။ သတင်း၊ သိပ္ပံနည်းပညာ၊ စာအုပ်၊ ရုပ်ရှင်၊ ဟာသ၊ အစားအစာ စသဖြင့် Subreddits တွေအများကြီးကို တွေ့ရမှာပါ။

Reddit အသုံးပြုသူတွေကို Redditors လို့ ပြောကြပြီး အသုံးပြုသူတွေ တင်ထားတဲ့ ပို့စ်တွေ (Reddit မှာဆိုရင်တော့ Submission လို့ခေါ်လေ့ရှိ) တွေကို comment ပေးလို့ရတဲ့ အပြင် Vote ပေးလို့ရပါတယ်။ အဓိက ကတော့ comment တွေမှာ အမြင်တွေကို ဖလှယ်ကြတာပါပဲ။ နောက်ပြီး ရှာဖွေကြည့်ရှုစရာ ကဏ္ဍခွဲတွေလည်း စုံလင်တာမို့ စိတ်ဝင်စားစရာ လူမှုကွန်ယက်တစ်ခုပါပဲ။

LinkedIn

နောက်ထပ် မိတ်ဆက်ပေးချင်တဲ့ လူမှုကွန်ယက်တစ်ခုကတော့ LinkedIn ပါ။ သူကတော့ စီးပွားရေးနဲ့ အလုပ်အကိုင်ရှာဖွေရေးအတွက် အဓိက သုံးကြတဲ့ လူမှုကွန်ယက်တစ်ခုလို့ ဆိုရမှာပါပဲ။ အလုပ်ခေါ်ထားတဲ့ ပို့စ်တွေ၊ အလုပ်ရှာဖွေဖို့အတွက် ကိုယ်ရေးအချက်အလက်တင် တာတွေ LinkedIn မှာ အများဆုံးတွေ့ရမှာပါ။

LinkedIn ကနေ တဆင့် စိတ်ဝင်စားပြီး အလုပ်ခေါ်ကြတာတွေလည်း ရှိတယ်လို့ သိရပါတယ်။ Profile လို့ခေါ်တဲ့ အသုံးပြုသူတွေရဲ့ ကိုယ်ရေးအချက်အလက်တွေနဲ့ လုပ်ငန်း အတွေ့အကြုံတွေကို LinkedIn မှာ တင်ထားပြီး အလုပ်ရှာဖွေကြသလို စိတ်ဝင်စားတဲ့ သူတွေကလည်း အလုပ်ခန့်ဖို့ ရှာဖွေဆက်သွယ် တာတွေလည်းရှိပါတယ်။ နိုင်ငံတကာမှာ အရမ်းအသုံးများတဲ့ လူမှုကွန်ယက်တစ်ခုဖြစ်ပြီး မြန်မာနိုင်ငံမှာလည်း အခုနောက်ပိုင်းမှာ အလုပ်အကိုင်ရှာဖွေဖို့ အတွက် LinkedIn ကို အသုံးများလာတာ တွေ့ရပါတယ်။

Zym (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top