သစ္စာတရားနဲ့တည်တဲ့ အဘိုးအိုရဲ့ ချစ်ခြင်းမေတ္တာ

44775366_343496286407118_784829282487631872_n.jpg

သိပ်ချစ်ရတဲ့ဇနီးသည်ကို ဘဝထဲက ဆုံးရှုံးလိုက်ရရင် ကျွန်တော်တို့ ဘယ်လိုများ တုံ့ပြန်ဖြစ်ကြပါမလဲ။ ဘယ်ပုံဘယ်နည်းနဲ့ပဲ ချစ်ခဲ့ချစ်ခဲ့၊ ဝေသီဖွဲ့စည်းလာခဲ့တဲ့ သံယောဇဉ်တွေဆိုတာ ဝေးကွာသွားတဲ့သူတွေအတွက် တစ်နည်းနည်းနဲ့ အငွေ့ပျံသွားနိုင်တာပဲလို့ ထင်ရင်တော့ တစ်စိတ်တစ်ပိုင်း မှန်နိုင်ပါတယ်။ တစ်ယောက်ယောက်က တကယ်ထွက်သွားခဲ့ပေမယ့် တကယ်ထွက်မသွားခဲ့တဲ့ အရိပ်အငွေ့တွေဆိုတာ တစ်ဘဝလုံးမှာ လွှမ်းမိုးထုံမွှမ်းလာခဲ့ရင် ကျွန်တော်တို့ ကျေကျေနပ်နပ်ပဲ ငုံ့လျှိုးလိုက်ကြရုံသာပေါ့။

အိမ်ထောင်သက်တမ်း ၃၃ နှစ် မှာ နှလုံးတိုက်ခိုက်ခံခဲ့ရတဲ့ ချစ်ဇနီးသည် ဂျန်းနက် (Janet) ကို ဘယ်လိုမှမတတ်နိုင်ဘဲ ဘဝထဲက ဆုံးရှုံးလိုက်ရရှာသူက အင်္ဂလန်နိုင်ငံ အနောက်တောင်ပိုင်းက စိုက်ပျိုးမြေပိုင်ရှင် အဘိုးအို ဝင်စတန် (Winston) ပါ။ သူ့ရဲ့ ချစ်ခြင်းတရားနဲ့ လွမ်းဆွတ်တမ်းတနေမှုဟာ ၁၆ နှစ်တာလုံးလုံး ဘယ်သူမှမသိဘဲ ငြိမ်တိတ်နေခဲ့ပါတယ်။

ဆုံးပါးသွားခါစ ဇနီးသည်အတွက် လွန်ခဲ့တဲ့ ၁၆ နှစ်သက်တမ်းက အဘိုး ဝင်စတန်ဟာ ဝက်သစ်ချပင်ပျိုပေါင်း ၆၀၀၀ ကျော်နဲ့ မြေ ၆ ဧကစာ လွမ်းဆွတ်ပျိုးခင်းကို ပြုစုနေခဲ့ပါတယ်။ တစ်ပတ်တာအတွင်းပြီးစီးသွားတဲ့ သူ့အလုပ်ကို အားလုံးက သာမန်သာ အောက်မေ့နေခဲ့ပေမယ့် တကယ်တော့ ဝင်စတန်ရဲ့လုပ်အားဟာ ၁၆ နှစ်အကြာမှ ကမ္ဘာကြီးဆီ ပွင့်လန်းလာခဲ့ပာတယ်။

မေတ္တာတရား သက်ဝင်မှုနဲ့မှ မဖြစ်နိုင်ရင် ဘယ်အရာနဲ့မှ မဖြစ်နိုင်တဲ့ ငြိမ်သက် ငြိမ်းချမ်းလှစွာသော စိုက်ပျိုးခင်းတစ်ခုဟာ အင်္ဂလန်နိုင်ငံ အနောက်တောင်ပိုင်းအရပ်ဆီမှာ ဖွံ့ဖြိုး ဝေဆာလာခဲ့ပါပြီ။

၁၆ နှစ်အကြာမှာ ဝက်သစ်ချပင်ပျိုလေးတွေ ကြီးထွား ဝေဆာလာတဲ့အခါ သိပ်စိတ်ဝင်စားစရာကောင်းသွားစေတာ တစ်ခုရှိပါတယ်။ စိုက်ခင်းကြီးရဲ့အလယ်ထဲမှာ အသည်းပုံသဏ္ဍန်လို မြင်သာလာပြီး ထင်းထင်းကြီးပေါ်လွင်လာတဲ့ မြက်ခင်းစိမ်းပြင် ကွက်လပ်ကလေးပါ။ ဝင်စတန်ရဲ့ ရင်သပ်စရာ စိတ်ကူးပါပဲ။ ဒီအသည်းပုံ အဖျားချွန်လေးရဲ့ ဦးတည်ရာဟာ ဂျန်းနက်ရဲ့ မွေးရပ်မြေ တောင်ကုန်း အရပ်ဆီသာပါပဲ။ ဒီလို ဂျန်းနက်ရဲ့ ဇာတိအိမ်ကလေးကို လက်ညှိုးထိုး ညွှန်ပြပေးနေဟန်ရအောင် ဝင်စတန်က ရည်ရွယ်ပြီး စိုက်ပျိုးခဲ့တာဖြစ်တယ်။ အားလုံး ဆွံ့အသွားခဲ့ကြရပါတယ်။

ဒီအခြေအနေမြင်ကွင်းကို အပေါ်စီးကနေသာ စီးမိုးမကြည့်ရင် မြင်နိုင်စရာအကြောင်းမရှိပါဘူး။ တိုက်ဆိုင်စွာနဲ့ပဲ မိုးပျံပူဖောင်းကြီးစီးလေ့ရှိတတ်သူတစ်ယောက်ဟာ တစ်ရက်မှာ မိုးပျံပူဖောင်းကြီးနဲ့ လေပေါ်ကနေ ပျံသန်းရင်း ဝင်စတန်ရဲ့ စိုက်ခင်းပုံသဏ္ဍန်ကို စသတိထားမိသွားခဲ့ရာကနေ လူတွေ သိခွင့်ရခဲ့ပါတယ်။ ဝင်စတန်က အောက်မေ့ဖွယ် အကြောင်းတွေကို အခုလိုဖွင့်ဟပါတယ်။

“နွေဦးရောက်တိုင်း ဒီ အသည်းပုံမြေကွက်လပ်ကလေးမှာ အဝါရောင်ပန်းကလေးတွေ ပျိုးဖြစ်ပါတယ်။ ပြီးရင်တော့ လေပေါ်ကနေ အပေါ်စီးကြည့်ဖြစ်တယ်။ အလှတရားကို ကျွန်တော်ခံစားပုံက ဒီလိုပါပဲ။ ဒီစိုက်ခင်းကြီးတစ်ခုလုံးဟာ ကျွန်တော်မရှိတော့မယ့် နှစ်ပေါင်းများစွာအထိ ဒီနေရာမှာ ဆက်ရှိနေတော့မှာလေ။ ဂျန်းနက်အတွက် ကျွန်တော့်ရဲ့ လွမ်းဆွတ်သက်သေတည်နေမှာပေါ့”

“သူဆုံးသွားတော့ သူ့အတွက်အမှတ်တရ တစ်ခုခုလုပ်ထားပေးချင်တဲ့အချိန်မှာ ဒီစိတ်ကူးက ဖျတ်ခနဲ ပေါ်လာခဲ့တာပဲ။ အပင်တွေ ပျိုးလို့ပြီးတော့ စိုက်ပျိုးခင်း အနားမှာ အိမ်လေး တစ်ဆောင်ပါ ဆောက်ထားဖြစ်ခဲ့တယ်။ ကလေးဘဝက သူနေခဲ့တဲ့ မလှမ်းမကမ်းက တောင်ကုန်းကလေးကို လှမ်းကြည့်နေလို့ရတာပေါ့ ”

စိုက်ပျိုးမြေ ၁၁၂ ဧက ရဲ့ပိုင်ရှင်ဖြစ်သူ ဝင်စတန်ဟာ ချစ်ရသူ ဂျန်းနက်ကို ၁၉၆၂ ခုနှစ်တုန်းက လက်ထပ် ထိမ်းမြားယူခဲ့ပါတယ်။ နှစ်ကာလ ကြာညောင်းလာမှုမှာ ဟောင်းနွမ်းမသွားခဲ့ရုံမက ဘယ်သူမှ မှန်းဆလို့မရနိုင်တဲ့၊ သစ္စာတရားနဲ့တည်တဲ့ ချစ်မေတ္တာထုံးဖွဲ့မှုကို အဘိုး အိုဝင်စတန် ပုံဖော်သက်သေတည်ခဲ့ပုံက အားလုံးဆီ ထိခိုက် ကူးစက်စေလိမ့်မှာကတော့ အမှန်ပါပဲ။

Ref: trendzill.net “Feature Husband plants 6,000 trees to honor wife”

AI (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top