ကုမ္ပဏီတစ်ခုမှာပဲ နောက်ဆုံးထွက်သက်အထိ အလုပ်လုပ်ခဲ့တဲ့ ကမ္ဘာ့သစ္စာအရှိဆုံးဝန်ထမ်း

28-12-2020-yyl13.jpg

ကုမ္ပဏီတစ်ခုမှာပဲ နှစ်အကြာကြီးအလုပ်လုပ်ဖို့ဆိုတာ လွယ်တဲ့ကိစ္စတော့မဟုတ်ပါဘူး။ နှစ်အကြာကြီးအလုပ်လုပ်နိုင်တဲ့သူကလည်း ခက်ရှားရှားပါပဲ။ ဒါပေမဲ့ အက်ဒင်ဗာရာမြို့ ဂျွန် ဘန့်စ် (John Burns) ဆိုတဲ့ အဘိုးအိုတစ်ယောက်ကတော့ ကုမ္ပဏီတစ်ခုမှာပဲ နောက်ဆုံးထွက်သက်အထိ (၈၄) နှစ်ကြာအောင် အလုပ်လုပ်ခဲ့တာပါ။ သူ့ကို ကမ္ဘာ့သစ္စာအရှိဆုံးဝန်ထမ်းလို့ သတ်မှတ်ထားကြတာပါ။ ပြီးခဲ့တဲ့လက အဘိုးဂျွန်က အသက် ၉၈ နှစ် နဲ့ သေဆုံးသွားခဲ့ပါတယ်။

အဘိုးအိုဂျွန်ဟာ အသက် (၁၄) နှစ်အရွယ်မှာ စာမေးပွဲဖြေဆိုအောင်မြင်ပြီး ဥပေဒရေးရာကုမ္ပဏီ TC Young Wilson Terris မှာ အလုပ်ရခဲ့တာပါ။ အဲဒီကုမ္ပဏီမှာပဲ သူ သေဆုံးသွားတဲ့ထိတိုင်အောင် အလုပ်လုပ်နေခဲ့တာဖြစ်ပါတယ်။ သူ့သေဆုံးတော့မယ်ဆိုတာသိတဲ့ ရက်သတ္တပတ်မှာသာ အလုပ်ကနေ အနားယူမယ်ဆိုတာကို ပြောခဲ့တာပါ။ သူဟာ နောက်ဆုံးထွက်သက်အထိ the Court of Session တစ်ဝိုက်မှာ အနီရောင်ဖဲကြိုးနဲ့ချည်ထားတဲ့တရားရုံးစာရွက်စာတန်းတွေကို လိုက်ပို့ပေးနေတုန်းပါပဲ။ သူ့ကို ကမ္ဘာ့သက်တမ်းအကြာဆုံးဝန်ထမ်းအနေနဲ့လည်း အသိအမှတ်ပြုထားတာပါ။

ပြီးခဲ့တဲ့လက ဂျွန်ဟာ သူ့ရဲ့နေအိမ်မှာပဲ အိပ်နေရင်းနဲ့ သေဆုံးသွားခဲ့တာပါ။ သူ့ရဲ့မွေးနေ့ပွဲကိုတော့ ဆင်နွှဲသွားလိုက်ရပါတယ်။ အဘိုးဂျွန်ဟာ သူ့ရဲ့အလုပ်အတွက် အသက်ရှင်နေထိုင်ခဲ့တာဖြစ်ပြီး မနက်ရောက်ပြီးဆိုတာနဲ့ အလုပ်သွားဖို့အတွက် ဘတ်စ်ကားဆီပြေးတာပဲလို့ သူ့ရဲ့ချွေးမ နန်စီ ဘန့်စ်ကပြောပါတယ်။

အဘိုးဂျွန်ဘန့်စ်က ၁၉၃၆ခုနှစ်မှာ အင်္ဂလိပ်၊သင်္ချာ (၂) ဘာသာကို ဖြေဆိုအောင်မြင်ပြီး အလုပ်ရခဲ့တာပါ။ ဥပဒေကုမ္ပဏီမှာ ရုံးစာပို့စာယူသူ၊ ငွေကိုင်နဲ့ တရားရုံးစာရွက်စာတန်းတွေကို ပေးပို့ပေးသူစတဲ့ အလုပ်မျိုးစုံကို လုပ်ခဲ့ပါတယ်။ အဲဒီအလုပ်တွေထဲက နောက်ဆုံးတစ်ခုကတော့ သူ့နောက်ဆုံးထွက်သက်အထိ လုပ်နေခဲ့တာပါ။ အဘိုးဂျွန်က အလုပ်တော်တော်များများကို လျှောက်ထားခဲ့ပေမဲ့ ဥပဒေကုမ္ပဏီကအလုပ်ကိုပဲ ချက်ချင်းရွေးချယ်ခဲ့တာဖြစ်တယ်လို့ သူ့သား ဒေးဗစ်က ဆိုပါတယ်။ သူ အလုပ်ခဏရပ်နားခဲ့တဲ့အချိန်ကတော့ ဒုတိယကမ္ဘာစစ်အတွင်း ရေဒီယိုအော်ပရေတာအနေနဲ့ စစ်ထဲဝင်ရောက်တဲ့အချိန်ကပါ။ အဘိုးဂျွန်က ကလေး (၂) ဦးဖခင်ဖြစ်ပြီး သူ့ဇနီးကတော့ လွန်ခဲ့တဲ့ (၁၂) နှစ်က သေဆုံးသွားခဲ့ပါတယ်။

“ဂျွန်ဟာ သူ့ရဲ့ ၈၄ နှစ်တာအလုပ်သက်တမ်းတစ်လျှောက်အတွင်း တွေ့ဆုံခဲ့တဲ့ လူတိုင်းအတွက် စိတ်ဓာတ်ခွန်အားဖြစ်စေခဲ့တာပါ။ သူ မရှိတော့ပေမဲ့ ကမ္ဘာ့သက်တမ်းအကြာဆုံးဝန်ထမ်းဆိုတဲ့ ဂုဏ်ပုဒ်နဲ့ ထိုက်တန်ပါတယ်” လို့ အဘိုးဂျွန်ရဲ့သူဌေး ဂရန့် နိုက်တ် (Grant Knight) က ပြောပါတယ်။ အဘိုးဂျွန်က သူ့အလုပ်အပြင် ဘောလုံးကစားရတာ၊ ဘောလုံးပွဲကြည့်ရတာကို ကြိုက်နှစ်သက်တယ်လို့လည်း သိရပါတယ်။

Ref: Ladbible “World’s Most Loyal Employee Dies After 84 Years In The Same Job”


WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top