ရေကြောင်းနယ်စပ်ကို ဖြတ်သန်းခဲ့တဲ့ တောင်ကိုရီးယားအရာရှိကို မြောက်ကိုရီးယားတပ်ဖွဲ့ ပစ်သတ်

24-9-2020-yyl-001.jpg

မြောက်ကိုရီးယားနိုင်ငံနဲ့ထိစပ်နေတဲ့ ရေကြောင်းနယ်စပ်ကို ဖြတ်သန်းခဲ့လို့ တောင်ကိုရီးယားအရာရှိတစ်ယောက် ပစ်သတ်ခံခဲ့ရတယ်လို့ တောင်ကိုရီးယား ပူးတွဲစစ်ဦးစီးချုပ်ရုံးရဲ့ ထိပ်တန်းအရာရှိဖြစ်တဲ့ ဒုတိယဗိုလ်ချုပ်ကြီး အန်းယောင်ဟိုက ပြောပါတယ်။ ရေကြောင်းနဲ့ ငါးဖမ်းလုပ်ငန်းဝန်ကြီးဌာနရဲ့ အရာရှိဟာ စက်တင်ဘာလ ၂၁ ရက်က ယွန်ပြုံးကျွန်းတောင်ဘက် ၁.၂ မိုင်အကွာမှာရှိတဲ့ ရေပိုင်နက်ထဲမှာ ပျောက်ဆုံးသွားခဲ့တာပါ။ ယွန်ပြုံးကျွန်းဟာ တောင် – မြောက် နှစ်နိုင်ငံ ရေကြောင်းနယ်စပ်အနီးမှာ ရှိပါတယ်။ တောင်ကိုရီးယားအရာရှိက မြောက်ကိုရီးယားရေပိုင်နက်ထဲ ဖြတ်သန်းဝင်ရောက်ချိန်မှာ မြောက်ကိုရီးယားတပ်ဖွဲ့က ပစ်ခတ်ခဲ့လို့ သေဆုံးခဲ့ရတာလို့ တောင်ကိုရီးယားထောက်လှမ်းရေးအဖွဲ့က ပြောပါတယ်။ နောက်ပိုင်းမှာတော့ မြောက်ကိုရီးယားတပ်ဖွဲ့က တောင်ကိုရီးယားအရာရှိရဲ့ အလောင်းကို မီးရှို့ခဲ့တယ်လို့ အန်းယောင်ဟိုက ဆိုပါတယ်။

မြောက်ကိုရီးယားနိုင်ငံရဲ့ ရက်စက်မှုကို ပြင်းပြင်းထန်ထန် ရှုတ်ချပြီး ဒီဖြစ်ရပ်အတွက် ဖြေရှင်းချက်ပေးဖို့၊ တာဝန်ရှိသူတွေကို အပြစ်ပေးဖို့ တောင်ကိုရီးယားစစ်တပ်က ထုတ်ပြန်ခဲ့ပါတယ်။ ” တောင်ကိုရီးယားနိုင်ငံသားတွေအပေါ် ရက်ရက်စက်စက် ကျူးလွန်မှုအတွက် မြောက်ကိုရီးယားနိုင်ငံ တာဝန်ယူရမယ်လို့ ကျွန်တော်တို့ ပြင်းပြင်းထန်ထန် သတိပေးပါတယ်”လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ပြီးခဲ့တဲ့ဇွန်လက ကေဆောင်မြို့မှာရှိတဲ့ နှစ်နိုင်ငံဆက်ဆံရေးရုံးကို မြောက်ကိုရီးယားနိုင်ငံက ပိတ်ပစ်ပြီး ဖောက်ခွဲဖျက်စီးခဲ့ပါတယ်။ နှစ်နိုင်ငံ ဆက်ဆံရေးပြတ်တောက်သွားပြီးချိန်ကတည်းက နှစ်နိုင်ငံကြား တင်းမာမှုတွေ မြင့်တက်လာခဲ့တာပါ။ ၂၀၀၈ ခုနှစ်ကလည်း ကွမ်ဂန်နှင်းလျှောစီးစခန်းမှာ တောင်ကိုရီးယားခရီးသည်တစ်ဦးကို မြောက်ကိုရီးယားစစ်သည်က သေနတ်နဲ့ပစ်သတ်ခဲ့ဖူးပါတယ်။

Ref: CNN ” South Korea official shot dead by North Korean troops after crossing border: Seoul”

Nz ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top