ရုပ်ရည်နဲ့ပတ်သက်ပြီး ဆိုးရွားစွာ Troll ခံရတယ်ဆိုတဲ့ ကမ္ဘာ့အလှဆုံးမိန်းကလေး

22-1-2021-yyl-29.jpg

ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလကမှ ကမ္ဘာ့အလှဆုံးမိန်းကလေးအဖြစ် သတ်မှတ်ခံခဲ့ရတဲ့ အသက် ၁၉ နှစ်အရွယ် ရာအယ် ရှယ်လ်ဘီယား (Yael Shelbia) ဟာ သူ့ရုပ်ရည်နဲ့ပတ်သက်ပြီး ဝေဖန်တာတွေ၊ ဆိုးဆိုးရွားရွား Troll တာတွေခံရတယ်လို့ ထုတ်ပြောလာခဲ့ပါတယ်။ ရာအယ်က TC Candler က ကျင်းပတဲ့ 100 Beautiful Faces of the Year ပြိုင်ပွဲမှာ နံပါတ် ၁ နေရာချိတ်ခဲ့တာပါ။

ရာအယ်က အစ္စရေး မော်ဒယ်တစ်ယောက်အနေနဲ့ နာမည်ရပြီးသားသူတစ်ယောက်ပါ။ ဒါပေမဲ့ သူ နာမည်ရလာတာနဲ့အမျှ ဆိုးရွားတဲ့ဝေဖန်မှုတွေ၊ Troll တာတွေကို ပိုခံရတယ်လို့ ဆိုပါတယ်။ ရာအယ်က ကမ္ဘာ့အလှဆုံးမိန်းကလေးဆိုတဲ့ဂုဏ်ပုဒ်ကို ရပြီးကတည်းက လူတွေဟာ သူ့ရုပ်ရည်နဲ့ပတ်သက်ပြီး TC Candler ကို အမြင်မရှိလိုက်တာ၊ ဒီပြိုင်ပွဲစာရင်းကမမှန်ဘူးလို့ ပြစ်တင်ပြောဆိုခဲ့ကြပါတယ်။

ဒါပေမဲ့ လူတွေက သူ့ကို ဘယ်လိုပဲ ဝေဖန်ဝေဖန်၊ ဘယ်လိုပဲ ဆိုးဆိုးဝါးဝါးတိုက်ခိုက်ပါစေ၊ သူ လုပ်နေတဲ့အရာတွေကို မရပ်တန့်စေခဲ့ဘူးလို့ ဆိုပါတယ်။ ရာအယ်က ကမ္ဘာ့အလှဆုံးမိန်းကလေးဖြစ်လို့ ဂုဏ်ယူရတဲ့အတွက် လူတစ်ယောက်နဲ့တစ်ယောက်ရဲ့ အလှတရားစံနှုန်းသတ်မှတ်ချက်တွေက ကွာခြားတာကို နားလည်တဲ့အတွက် ဆိုးရွားတဲ့ကွန်မန့်တွေကို ခေါင်းထဲထည့်မထားဘူးလို့ ဆိုပါတယ်။

“ကျွန်မကို အားပေးကြတဲ့၊ ချစ်ခင်ပေးကြတဲ့ ကွန်မန့်တွေရခဲ့ပါတယ်။ ဒါပေမဲ့ ကွန်မန့်တွေက အကောင်းကြီးမဟုတ်ပါဘူး။ မုန်းတီးနေတဲ့သူတွေ ပြောလေ့ပြောထရှိတဲ့ သာမန်အရာတွေပါပဲ။ လူတစ်ယောက်ကို လှပစေတဲ့အရာက ကြင်နာတတ်ဖို့၊ အကောင်းမြင်တတ်ဖို့၊ မာနထောင်လွှားမှုမရှိဖို့လို့ပဲ ကျွန်မထင်တယ်။ သင်က လူကောင်းဆိုရင် အဲဒီအရာတွေကို သင့်မျက်လုံးမှာ ပြနေတာပါ။ မျက်လုံးတွေက ဘယ်တော့မှ မလိမ်ပါဘူး” လို့ ရာအယ်က ပြောပါတယ်။

ရာအယ် ရှယ်လ်ဘီယားဟာ ကမ္ဘာ့အလှဆုံးမိန်းကလေးစာရင်းမှာ ပါဝင်ခဲ့တာ ပထမဆုံးအကြိမ်မဟုတ်တော့ပါဘူး။ ၂၀၁၇ခုနှစ်က နံပါတ် (၁၄)၊ ၂၀၁၈ခုနှစ်မှာ နံပါတ် (၃)၊ ၂၀၁၉ခုနှစ်မှာ နံပါတ် (၂) နေရာတွေမှာ ရပ်တည်ခဲ့တာပါ။ ၂၀၂ဝပြည့်နှစ်ကမှ နံပါတ် ၁ ကို ရောက်ပြီး ကမ္ဘာ့အလှဆုံးမိန်းကလေးဖြစ်ခဲ့တာပါ။ ရာအယ် ရှယ်လ်ဘီယားက အမေရိကန်ဘီလျံနာရဲ့မြေး၊ အမေရိကန်စီးပွားရေးလုပ်ငန်းရှင် ဘရန်ဒန် ကော်ဖ် (Brandon Korff) နဲ့လည်း ၂၀၁၉ခုနှစ်ကတည်းက တွဲနေခဲ့ကြတာဖြစ်ပါတယ်။

Ref:TheMirror “‘Most beautiful girl in the world’ says she’s been trolled for her looks'”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top