ရွေးကောက်ပွဲမတိုင်ခင် မြန်မာနိုင်ငံမှာ အမုန်းစကားနဲ့သတင်းမှား တိုက်ဖျက်ရေးအတွက် လုပ်ဆောင်ချက်အချို့ကို ဖေ့ဘွတ်ခ် ဖော်ပြ

24-9-2020-yyl-002.jpg

နိုဝင်ဘာ ၈ ရက်မှာ ကျင်းပမယ့် အထွေထွေရွေးကောက်ပွဲမတိုင်ခင် မြန်မာနိုင်ငံမှာ အမုန်းစကားနဲ့ သတင်းမှားတွေကို တိုက်ဖျက်၊ တားဆီးဖို့ ဘာတွေ လုပ်ဆောင်နေလဲဆိုတာကို ဖေ့ဘွတ်ခ်ကုမ္ပဏီက ဖော်ပြခဲ့ပါတယ်။ ဖေ့ဘွတ်ခ်ရဲ့လုပ်ဆောင်ချက်တွေထဲမှာ ကြားခံအချက်အလက်စစ်ဆေးရေးအဖွဲ့တွေက သတင်းမှားအဖြစ် သတ်မှတ်ထားတဲ့ အကြောင်းအရာတွေကို မြန်မာဘာသာစကားနဲ့ ”သတင်းအတု၊ သတင်းမှား”ဆိုတဲ့ သတိပေးဖော်ပြမှုလည်း ပါဝင်ပါတယ်။

ဖေ့ဘွတ်ခ်ကုမ္ပဏီဟာ သတင်းမှား တိုက်ဖျက်ရေးမူဝါဒကို တိုးမြှင့်ဆောင်ရွက်ရေး၊ မဲဆန္ဒရှင်တွေ မဲမပေးအောင် စည်းရုံးသိမ်းသွင်းပြီး ရွေးကောက်ပွဲရလဒ်ကို လွှမ်းမိုးဖို့၊ ရွေးကောက်ပွဲလုပ်ငန်းစဉ်ရဲ့ ရိုးသားဖြောင့်မတ်မှုကို ထိခိုက်အောင်လုပ်ဖို့ ရည်ရွယ်တဲ့ သတင်းအချက်အလက်တွေ ဖယ်ရှားရေးအတွက် BOOM၊ AFP Fact Check၊ Fact Crescendo စတဲ့ ကြားခံအချက်အလက်စစ်ဆေးရေးအဖွဲ့(၃)ဖွဲ့နဲ့ ပူးပေါင်းလုပ်ဆောင်နေပါတယ်။

၂၀၁၉ ခုနှစ် ဇွန်လတုန်းက သီရိလင်္ကာနိုင်ငံမှာ စတင်ကျင့်သုံးခဲ့တဲ့ မူဝါဒကို မြန်မာနိုင်ငံမှာလည်း အသုံးပြုဖွယ် ရှိနေတယ်လို့ ဖေ့ဘွတ်ခ်ကုမ္ပဏီက ဆိုပါတယ်။ အဲဒီမူဝါဒကတော့ အထင်မှားအောင် ဖန်တီးထားတဲ့ဓာတ်ပုံတွေမှာ သတိပေးချက်ဖော်ပြတာ၊ စာတိုထပ်ဆင့်ပေးပို့မှု (message forwarding) အကြိမ်ရေကို ကန့်သတ်တာမျိုးဖြစ်ပါတယ်။ သီရိလင်္ကာနိုင်ငံမှာတော့ message forwarding ကို ၅ ကြိမ်အထိ ကန့်သတ်ထားပါတယ်။

၂၀၂၀ ပြည့်နှစ် ဒုတိယသုံးလပတ်အတွင်း မြန်မာနိုင်ငံမှာ အမုန်းစကားဆန့်ကျင်ရေး Community Standards ကို ချိုးဖောက်ရာရောက်တဲ့ ရေးသားဖော်ပြမှု ၂၈၀၀၀၀၀ ကို အရေးယူခဲ့ပြီး ၉၇.၈ ရာခိုင်နှုန်းကတော့ Report မလုပ်ခင် သူတို့ရဲ့စနစ်တွေက ရှာဖွေဖော်ထုတ်နိုင်ခဲ့တာလို့ ဖေ့ဘွတ်ခ်ကုမ္ပဏီက ဆိုပါတယ်။ ဖေ့ဘွတ်ခ်ကုမ္ပဏီဟာ ၂၀၂၀ ပြည့်နှစ် ပထမသုံးလပတ်မှာ ရေးသားဖော်ပြမှု ၅၁၀၀၀ ကို အရေးယူခဲ့ရပြီး ဒုတိယသုံးလပတ်မှာတော့ အရေးယူရတဲ့ပမာဏက ၅ ဆခွဲအထိ မြင့်တက်လာခဲ့တာပါ။

မြန်မာနိုင်ငံမှာ အမုန်းစကားနဲ့ပတ်သက်တဲ့ စကားလုံးသစ်၊ စကားစုသစ်တွေကို ခွဲခြားဖော်ထုတ်နိုင်မယ့် နည်းပညာအသုံးပြုပြီး အဲဒီစကားလုံးသစ်၊ စကားစုသစ် ပါဝင်တဲ့ ရေးသားဖော်ပြမှုတွေကို ဖယ်ရှားပစ်တာ ဒါမှမဟုတ် အဲဒီရေးသားဖော်ပြမှုတွေရဲ့ ပျံ့နှံ့မှုကို လျှော့ချပစ်လိုက်တာမျိုးလုပ်သွားမယ်လို့ ဖေ့ဘွတ်ခ်ကုမ္ပဏီက ပြောပါတယ်။

Ref: Facebook News Room

Nz ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top