ဆရာမသင်ပေးတဲ့ လောဘသင်ခန်းစာ

yyl-knowledge-04.png

“လောဘဆိုတာ ဘာကိုပြောတာလဲ? ဆရာမ” လို့ တစ်နေ့မှာ ကျောင်းသားတစ်ယောက်က ဆရာမဖြစ်သူကို မေးလိုက်ပါတယ်။ ဒီတော့ ဆရာမဖြစ်သူက “သားရဲ့မေးခွန်းကို ဖြေဖို့အတွက် ကျောင်းဘေးက ချောကလက်စက်ရုံဆီသွားပြီးတော့ သားအကြိုက်ဆုံး ချောကလက်တစ်တောင့်ကို ရွေးယူလာခဲ့ပါ။

စည်းကမ်းတစ်ခုတော့ ရှိတယ်။ စက်ရုံကို သားဖြတ်သွားပြီးတာနဲ့ သားပြန်လှည့်လာလို့ မရတော့ဘူး။ ရှေ့ကိုပဲ ဆက်သွားပြီးတော့ ချောကလက်ကို ရွေးယူလာခဲ့ရမယ်” လို့ ဆိုပါတယ်။

ကျောင်းသားလေးလည်း ချောကလက်စက်ရုံဆီသွားခဲ့ပါတယ်။ သေသပ်လှပစွာထုပ်ပိုးထားတဲ့ ချောကလက်တစ်တောင့်ကို သူတွေ့သွားပြီး ချက်ချင်းသဘောကျသွားပါတယ်။ ဒါပေမဲ့ ဒီထက် ပိုကြီးတာများရှိလေဦးမလားဆိုပြီး ရှေ့ဆက်လျှောက်သွားပါတယ်။ နောက်တော့ နောက်ထပ် ချောကလက်တစ်ခုထပ်တွေ့ပြန်ပါတယ်။ အဲဒီအခါမှာလည်း ထပ်ကြီးတာလေးတွေ့ဦးမလားလို့ ထပ်စဉ်းစားမိပါသေးတယ်။ ဒီလိုနဲ့ပဲ စက်ရုံရဲ့အဆုံးနားကိုရောက်ရှိလာတဲ့အခါမှာ စောစောက သူရွေးခဲ့တဲ့ ချောကလက်လောက်ကြီးတဲ့ ဘယ်ချောကလက်ကိုမှ သူမတွေ့တော့ပါဘူး။ ဒါနဲ့ ပထမချောကလက်ကို လွှင့်ပစ်မိတဲ့ သူ့ရဲ့ဆုံးဖြတ်ချက်ကို နောင်တရပါတော့တယ်။

နောက်ဆုံးမှာတော့ သူလက်လျှော့လိုက်ပြီး လက်ဗလာနဲ့ ဆရာမဆီ ပြန်သွားပြီး သူလုပ်ခဲ့တာတွေကို ရှင်းပြလိုက်ပါတယ်။ ဒီအခါမှာ ဆရာမက “အမှန်တော့ သားက ချောကလက်တစ်ခုကို တကယ်ကိုသဘောကျခဲ့တာပါ။ ဒါပေမဲ့ ပိုကြီးတဲ့တစ်ခုကို ဆက်တိုက်ရှာနေခဲ့တယ်။ နောက်တော့မှာ သားပစ်ချခဲ့တဲ့ ချောကလက်က သားတွေ့သမျှထဲမှာ အကောင်းဆုံးဖြစ်နေခဲ့တယ်ဆိုတာ သားသဘောပေါက်သွားတယ်။ အဲဒါကို လောဘလို့ ခေါ်တာပဲ သားရဲ့” ဆရာမက ပြန်ပြောလိုက်ပါတယ်။

ဒီပုံပြင်လေးကနေရတဲ့သင်ခန်းစာကတော့ ကျွန်တော်တို့လူသားတွေဟာ ပိုကောင်းတဲ့ အရာဝတ္ထု၊ ပစ္စည်းဥစ္စာတွေရရှိပိုင်ဆိုင်လာဖို့ လောဘတွေကြောင့် ဘဝမှာကောင်းတဲ့ အရာများစွာ လက်လွှတ်ပစ်ချတတ်ကြပါတယ်။ လူသားသဘောသဘာဝဆိုတာ ပိုကောင်း ပိုကောင်းတဲ့အရာတွေကို အမြဲတမ်းလိုချင်ဆန္ဒ ရှိကြပါတယ်။ ဒါပေမဲ့ ပိုမိုကောင်းမွန်တာတွေကို ရှာဖွေရာမှာ ကျွန်တော်တို့တွေကို စိတ်ကျေနပ်အောင် ပျော်ရွှင်စေအောင် ဖန်တီးပေးနိုင်တဲ့ များစွာသောကောင်းမွန်တဲ့အရာတွေကို လက်လွှတ်ပစ်တတ်ကြပါတယ်။ ဒါကြောင့် သေချာဆုံးဖြတ်ပြီး ချင့်ချိန်စဉ်းစားပြီးသာမှ ရွေးချယ်ဖို့အရေးကြီးကြောင်း တွေ့မြင်ရမှာဖြစ်ပါတယ်။

Ref: Student Learns of a Greed
Htet Htet Tin Zar (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top