စိတ်ဖိစီးမှုနှင့် ကိုယ်အလေးချိန်တက်ခြင်း

stressed-woman-wearing-eyeglasses-RP6QLAS.jpg

စိတ်ဖိစီးရင် ကိုယ်အလေးချိန်တက်လာစေပါသလား။

ဒါဟာ စိတ်ဝင်စားစရာ မေးခွန်းဖြစ်ပါတယ်။ လူအများစုထင်ကြတာက စိတ်ညစ်ရင် ပိန်သွားတတ်တယ် ဆိုတာပါပဲ။ တကယ်တော့ စိတ်ဖိစီးမှုများတဲ့အချိန်ဆိုရင် ဟော်မုန်းနဲ့ စိတ်ပိုင်းဆိုင်ရာ ပြဿနာများကြောင့် ကိုယ်အလေးချိန်တက်လာတတ်ပါတယ်။ ဖြစ်နိုင်တဲ့အချက်တွေကတော့ စိတ်ဖိစီးချိန်မှာ အစားအလွန်အကျွံစားဖြစ်ခြင်း၊ ကျန်းမာရေးနှင့် မညီညွတ်သော စားစရာများ စားသုံးဖြစ်ခြင်း၊ စိတ်ဖိစီးမှုဟော်မုန်းဖြစ်သော ကော်တီဆောမြင့်တက်မှုကို ခန္ဓာကိုယ်မှ တုံ့ပြန်ခြင်း စတာတွေကြောင့် ဖြစ်ပါတယ်။

စိတ်ဖိစီးမှုဟာ ခန္ဓာကိုယ်အပေါ် ဘယ်လိုသက်ရောက်မှုရှိသလဲ

စိတ်ဖိစီးမှုဟာ သင့်ဆီကို မသိမသာ ဝင်ရောက်လာမှာ ဖြစ်ပါတယ်။ နောက်ပိုင်း ထုထည်ကြီးမားလာရင်တော့ လက္ခဏာပြလာမှာ ဖြစ်ပါတယ်။ ကြွက်သားများတောင့်တင်းခြင်း၊ ခေါင်းကိုက်ပြီး တခုခုကို သည်းမခံနိုင်ဖြစ်ခြင်း၊ အတွေးများနေခြင်း၊ မထိန်းချုပ်နိုင်ခြင်း စတာတွေ ဖြစ်ပါတယ်။ စိတ်ဖိစီးမှုဟာ သင့်ရဲ့ ရုပ်ပိုင်း၊ စိတ်ပိုင်းနဲ့ စိတ်ခံစားမှုဆိုင်ရာ ကျန်းမာရေးကို ထိခိုက်လာနိုင်ပါတယ်။

များသောအားဖြင့် အဆိုပါ စိတ်ဖိစီးမှုလက္ခဏာတွေကို ခံစားသိရှိရပါတယ်။ ဒါပေမယ့် လက္ခဏာတွေဟာ တိုက်ရိုက်ပေါ်မလာဘဲ စိတ်ဖိစီးမှုကို ခန္ဓာကိုယ်ကတုံ့ပြန်ခြင်းမျိုးလည်း ကြုံရပါတယ်။ ဥပမာ ကိုယ်အလေးချိန်တက်လာခြင်း ဖြစ်ပါတယ်။ ဒီအချက်ကို သတိပြုမိဖို့ အချိန်ကြာတတ်ပါတယ်။

ကော်တီဆောဟာ စိတ်ဖိစီးမှုဟော်မုန်းဖြစ်ပြီး အဒရီနယ်ဂလင်းတွေက ထုတ်လုပ်ပါတယ်။ ကြောက်လန့်မှုတခုခုနဲ့ ကြုံလာရချိန်မှာ ထွက်လာတတ်ပါတယ်။ ကြောက်လန့်ရတဲ့အရာ မရှိတော့ရင်တော့ ကော်တီဆောဟာ ပုံမှန်ပမာဏ ပြန်ရောက်သွားပါတယ်။

ဒါပေမယ့် စိတ်ဖိစီးမှုဟာ အမြဲတမ်းရှိနေမယ်ဆိုရင် ကော်တီဆောဟော်မုန်းနဲ့ လိုတာထက်ပိုပြီး ထိတွေ့ရတော့မှာ ဖြစ်ပါတယ်။ တကယ်တော့ ကော်တီဆောရဲ့ အာနိသင်ထဲမှာ အစာစားချင်စိတ်ကို လှုံ့ဆော်ပေးတဲ့အာနိသင် ပါဝင်ပါတယ်။ ဒါကြောင့် စိတ်ဖိစီးမှုခံစားရသူများဟာ စိတ်ပြေလက်ပျောက်ပုံစံနဲ့ အစားအသောက် ပိုစားလာခြင်း ဖြစ်ပါတယ်။ ကယ်လိုရီအများအပြား စားသုံးမိခြင်းဟာလည်း ကိုယ်အလေးချိန် တက်လာရခြင်းရဲ့ အကြောင်းတရားတခုဖြစ်ပါတယ်။

နောက်တချက်ကတော့ စိတ်ဖိစီးချိန်မှာ ကိုယ်ခန္ဓာရဲ့ ဇီဝဖြစ်စဉ်ဟာ ပုံမှန်ထက် နှေးကွေးသွားတတ်ပါတယ်။ ဒါဟာလည်း ကိုယ်အလေးချိန်တက်ရခြင်းရဲ့ အကြောင်းအရင်းပါပဲ။

သုတေသနတခုမှာ ဖော်ပြချက်အရ တနေ့တာမှာ စိတ်ဖိစီးစရာအကြောင်းတခုခုတွေ့ရသူ အမျိုးသမီးများဟာ စိတ်ဖိစီးခြင်းမရှိတဲ့ အမျိုးသမီးတွေထက် ၁၀၄ ကယ်လိုရီ လျော့နည်းပြီး လောင်ကျွမ်းတယ်လို့ ဆိုပါတယ်။

စိတ်ဖိစီးမှုနဲ့ ကိုယ်အလေးချိန်တက်နိုင်ခြေ အန္တရာယ်များ

စိတ်ဖိစီးမှုဟာ အမြင့်ဆုံးရောက်လာပြီး ထိန်းချုပ်ဖို့ ခက်ခဲလာပြီဆိုရင် ပိုမိုဆိုးရွားတဲ့ ကျန်းမာရေးနောက်ဆက်တွဲပြဿနာတွေ ဖြစ်တတ်ပါတယ်။ စိတ်ဓာတ်ကျခြင်း၊ သွေးတိုးခြင်း၊ အိပ်မပျော်ခြင်း၊ နှလုံးရောဂါ၊ စိတ်ပူပန်ခြင်း၊ အဝလွန်ခြင်း စတာတွေ ဖြစ်ပေါ်လာတတ်ပါတယ်။

ကိုယ်အလေးချိန်မြင့်တက်ခြင်းနဲ့ ဆက်စပ်နေတဲ့ ပြဿနာတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

– သွေးတိုးခြင်း
– ဆီးချို
– နှလုံးရောဂါ
– လေဖြတ်ခြင်း
– မျိုးပွားကျန်းမာရေးဆိုင်ရာပြဿနာများ
– အဆုတ်နှင့် အသက်ရှူလမ်းကြောင်း လုပ်ဆောင်နိုင်စွမ်းကျဆင်းခြင်း
– အဆစ်များနာခြင်း

ဒါ့အပြင် အဝလွန်ခြင်းဟာ ပန်ခရိယကင်ဆာ၊ အစာရေမျိုကင်ဆာ၊ အူမကြီးကင်ဆာ၊ ရင်သားကင်ဆာ၊ ကျောက်ကပ်ကင်ဆာ စတာတွေနဲ့ ဆက်စပ်နေပါတယ်။

စိတ်ဖိစီးမှုနဲ့ ဆက်စပ်နေတဲ့ ကိုယ်အလေးချိန်တက်ခြင်းကို ဘယ်လိုသိနိုင်မလဲ

ကိုယ်အလေးချိန်တက်ခြင်းဟာ စိတ်ဖိစိးခြင်းနဲ့ ဆက်စပ်နေသလားဆိုတာ ဆရာဝန်နဲ့ တိုင်ပင်ပြသရင် အကောင်းဆုံးပါပဲ။ ရောဂါရာဇဝင်မေးမြန်းခြင်း၊ သိုင်းရွိုက်လုပ်ငန်းတာဝန် စမ်းသပ်ခြင်း အပါအဝင် တခြား စမ်းသပ်စစ်ဆေးခြင်းတွေ လုပ်ဆောင်ပါလိမ့်မယ်။

ကိုယ်အလေးချိန်တက်ခြင်းနဲ့ ဆက်စပ်နေတဲ့ စိတ်ဖိစီးမှုကို ဘယ်လိုလျှော့ချမလဲ

စိတ်ဖိစီးမှုဟာ လူသားတွေကို နည်းမျိုးစုံနဲ့ ရိုက်ခတ်ပါတယ်။ လူတချို့ဟာ တနေ့တာအတွင်း အကြိမ်ပေါင်းများစွာ ကြုံရပါတယ်။ တချို့ကတော့ သူတို့ရဲ့နေ့စဉ်လှုပ်ရှားမှုတွေကိုပါ ရိုက်ခတ်လာချိန်မှသာ သတိထားမိကြပါတယ်။

တကယ်လို့ စိတ်ဖိစီးနေမယ်ဆိုရင် သက်သာရာရစေမယ့် နည်းလမ်းများစွာ ရှိပါတယ်။ အဲ့ဒါတွေကတော့

– မိနစ် ၂၀-၃၀ ခန့် ကိုယ်လက်လှုပ်ရှားခြင်း
– အပြင်ထွက်ပြီး သဘာဝတရားကို ခံစားခြင်း
– ကျန်းမာရေးနှင့်ညီညွတ်သော အစားအစာများ စားသုံးခြင်း
– လူမှုပေါင်းသင်းဆက်ဆံရေးကို ချဲ့ထွင်ခြင်း
– ဆယ်မိနစ်ခန့် ယောဂလေ့ကျင့်ခြင်း
– တရားထိုင်ခြင်း
– သီချင်းနားထောင်ခြင်း
– စာဖတ်ခြင်း
– တနာရီစောပြီး အိပ်ရာဝင်ခြင်း
– စိတ်ဖိစီးမှုဖြစ်စေမည့် အရာများကို ရှောင်ကြဉ်ခြင်း
– အိမ်မွေးတိရစ္ဆာန် မွေးမြူခြင်း
– အသက်ရှူလေ့ကျင့်ခန်း ဆယ်မိနစ်ခန့် ပြုလုပ်ခြင်း
– ကဖိန်းနှင့် အယ်လ်ကိုဟော ရှောင်ကြဉ်ခြင်း စတာတွေ ဖြစ်ပါတယ်။

Ref : hellosayarwon

ရေးသားသူ Dr.Thant Zin
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top