လက်ပြတ်ဆိုတာ

latpyat.jpg

ကျွန်ုပ်၏ဟောခန်းသို့ လာရောက်ကြသော မိတ်ဆွေများအနေဖြင့် လက်ပြတ်လက္ခဏာပါရှိသူများ အမြောက်အများပါရှိပြီး အချို့သော လက္ခဏာပညာလိုက်စားသူများအနေနှင့်လည်း လက်ပြတ်အကြောင်းကို မေးမြန်းတတ်ကြပေသည်။ ကျွန်ုပ်လည်း လက်ပြတ်နှင့်ပါတ်သက်သော လက္ခဏာဆိုင်ရာ အချက်အလက်တို့ကို သေချာသုတေသနပြုခဲ့ဖူးသည်။လက်ပြတ်အမှတ်အသားနှင့်ပါတ်သက်သော လက္ခဏာဆိုင်ရာဟောပြောခြင်းသည် မေဂျာတစ်ခုသီးသန့်ဖြစ်နေသကဲ့သို့ဖြစ်သည်။ အလွန်ကျယ်ဝန်းသည့် လက်ပြတ်အမှတ်အသားအတွက် ကျမ်းများလည်း ထွက်ရှိပြီး သုတေသနများစွာလုပ်ဆောင်ခဲ့ကြရာ ကမ္ဘာပေါ်တွင် ယနေ့အထိ မတူကွဲပြားသော လက်ပြတ်အမှတ်သား စံပြနမူနာပုံစံ (၃၈၀) ခန့်ကို သုတေသနပြုသူများမှ မှတ်တမ်းတင်နိုင်ခဲ့ပြီဖြစ်သည်။

လက်ပြတ်အမှတ်အသားကို အကြမ်းအားဖြင့်ဖော်ပြရလျှင် လက်ဖဝါးကို အထက်ပိုင်းနှင့် အောက်ပိုင်းအဖြစ် ထက်ပိုင်းဖြတ်ထားသကဲ့သို့ လမ်းကြောင်းပါရှိခြင်းဖြစ်ပြီး ပါရှိသည့်လမ်းကြောင်းသည် အင်္ဂါဂြိုဟ်ခုံ (+) နှင့် ကြာသာပတေးဂြိုဟ်ခုံအကြားမှ အင်္ဂါဂြိုဟ်ခုံ (-) နှင့် ဗုဒ္ဓဟူးဂြိုဟ်ခုံကြားကို မျဉ်းဆွဲသကဲ့သို့ ပါရှိသောလမ်းကြောင့် ဖြစ်နေသည့်အခြေအနေကို ခေါ်ကြခြင်းဖြစ်သည်။ အသေးစိတ်လေ့လာသည့်အခါ လက်ပြတ်ဆိုသည်မှာ နှလုံးလမ်းနှင့် ဦးခေါင်းလမ်းကြောင်းတို့ ပါဝင် ပူးယှက်နေတတ်ခြင်းဖြင့် လက်ပြတ်ခြင်းကို အတွေ့များပေသည်။လက်ပြတ်ဖြစ်ပေါ်ရာတွင် ဦးခေါင်းလမ်းကြောင်းနှင့် နှလုံးလမ်းကြောင်းတို့တွေ့ဆုံခြင်းကလည်း အဓိကကျပေသည်။ မည့်သည့်လမ်းကြောင်းက အပေါ်ကဖြစ်ပြီး မည်သည့်လမ်းကြောင်းက အောက်ကဖြစ်သလည်း၊ မည်သည့်လမ်းကြောင်းက ပိုရှည်သလည်း လမ်းကြောင်းတစ်ခုခုကများ ပိုကြီးနေသလား၊အတူတူဘဲလား ၊လမ်းကြောင်းက တစ်ခုတည်းဖြစ်နေပြီး ဘယ်အရာက နှလုံးလမ်းဖြစ်တယ်၊ဘယ်အရာက ဦးခေါင်းလမ်းဖြစ်တယ်ဆိုတာ ခွဲရသလား၊ခွဲမရတော့ဘူးလား၊ စသည့်အချက်အလက်များ ကို အသေးစိတ်လေ့လာရပါတယ်။

ဒီနေရာမှာ လက်ပြတ်အတွက် အဟောတွေအများကြီးထွက်ရှိလာပြီး တစ်ခုနဲ့တစ်ခုကတော့ ဖြစ်တည်ခြင်းပေါ်မူတည်ပြီး လုံးဝကွဲပြားခြားနားသော အဟောများကို ရရှိတတ်ပါတယ်။ အဟောတွေဟာ အလွန်ထူးဆန်းပြီး အံသြရလောက်အောင်ကို ကွဲပြားခြားနားနေပါတယ်။ လက်ပြတ်အမှတ်အသားပါတဲ့သူကို လက္ခဏာဆိုင်ရာမူလသီအိုရီ များအပြင် လက်ပြတ်အမှတ်အသားဆိုင်ရာ အထူးဥပဒေသများကိုပါ ပေါင်းစပ်ဟောပြောရတာဖြစ်ပါတယ်။ လက္ခဏာပညာရှင်(johnny fincham) က လမ်းကြောင်းတည်ဆောက်ပုံတူညီစေကာမူ လက်ပုံစံ (၇) မျိုးနှင့် လက်ပုံစံ (၄) မျိုးတို့ကွာခြားချက်တွင် အဟောများ သိသိသာသာ ပြောင်းနေတတ်သဖြင့် အလွန်အသေးစိတ်ရကြောင်း သူ၏ဆောင်းပါးတွင် သတိပေးရေးသားခဲ့သည်။

ကျွန်ုပ်အနေနှင့် လက္ခဏာပညာရှင်(johnny fincham) ၏ဆောင်းပါးမှ အချို့သောအချက်များကို ကောက်နုတ် တင်ပြလိုပါတယ်။ လက်ပုံစံတွေကို မူတည်ပြီးဖြစ်တဲ့ လက်ပြတ်အမှတ်အသားများကို လေ့လာတဲ့အကြောင်းမှ လက်ပုံစံ (၄) မျိုးဖြင့် တင်ပြလိုပါတယ်။ လက်ပြတ်တယ်ဆိုတာက ဦးခေါင်းလမ်းကြောင်းနဲ့ နှလုံးလမ်းကြောင်းပူးတယ် ဆိုတာနဲ့ မပြီးပါဘူး။ ဘယ်နေရာ ဘယ်ဂြိုဟ်ခုံအောက်မှာပူတာလည်း၊ ဘယ်လမ်းကြောင်းက အပေါ်ကဖြစ်တည်သလည်း ဆိုတာကစပါတယ်၊ တေဇောအမျိုးအစား (မီး)လက်မှာ ဦးခေါင်းလမ်းကြောင်းနဲ့ နှလုံးလမ်းကြောင်းဟာ တနင်္ဂနွေဂြိုဟ်ခုံအောက်မှာ နှလုံးလမ်းကြောင်းက အပေါ်ကအနေအထားနဲ့ ပူးယှင်ပြီး လက်ပြတ်အမှတ်အသား ဖြစ်လို့ ဟောရတဲ့ အဟောနဲ့ အဲဒီအခြေအနေမှာဘဲ ပူးယှင်တာက စနေဂြိုဟ်ခုံအောက်မှာဖြစ်ပြီး ဦးခေါင်းလမ်းကြောင်းက အပေါ်ကဖြစ်ရင် ဟောရတဲ့ အခြေအနေက အလွန်ဘဲ ကွာခြားလှပါတယ်၊ သုတေသနရလဒ်တွေအရလည်း သူတို့နှစ်ယောက်ရဲ့ ဘဝအခြေအနေတွေ လုံးဝမတူပါဘူး။ ဒါကြောင့် အထူးဥပဒေသတွေထွက်လာတာဖြစ်ပါတယ်။

လက်ပြတ်အမှတ်အသားကောင်းတဲ့အခါ တိုင်းပြည်နိုင်ငံကို ဦးဆောင်နိုင်သူ၊ ထင်ပေါ်ကျော်ကြားသူ၊ ဆွဲဆောင်မှု့ရှိသူ၊စကားပြောကောင်းသူ၊တွေဖြစ်လာပြီး ကမ္ဘာကျော်တဲ့သူတော်တော်များများမှာ လက်ပြတ်အမှတ်အသား တွေ တွေ့ရပါတယ်၊ တစ်ခုတော့ရှိတယ်၊ အဲဒီလက်ပြတ်အမှတ်အသားကောင်းပေမယ့် လက်ပုံစံနဲ့ ပေါင်းစည်းတဲ့ အခြေအနေပေါ်မူတည်ပြီး သူတို့ရဲ့ အဆုံးသတ်ဟာ ကောင်းမလား၊ညံ့မလားဆိုတာကို ပြောရတာဖြစ်တယ်၊ အစွန်းရောက်တတ်တဲ့ သဘောတွေပါလာတတ်တဲ့ လက်ပြတ်အမှတ်အသားတွေလည်းရှိတယ်၊ အစွန်းရောက်တတ်တဲ့ ဂြိုဟ်ခုံနဲ့ လက်ပြတ်အမှတ်အသားက ပါတ်သက်မိရင်တော့ ဖြစ်တာပါဘဲ။တိုးတက်တဲ့အခါ အထွဋ်အထိပ်ကို ရောက်တတ်ပေမယ့် အစွန်းရောက်လို့ ပြုတ်ကျတဲ့အခါ အောက်ဆုံးကိုရောက်ပြီး တံထွေးခွက်ထဲ ပက်လက်မျှောရတတ်တဲ့ အခြေအနေတွေလည်း လက်ပြတ်အမှတ်အသားမှာ ပါရှိတာဖြစ်လို့ အထူးလေ့လာဟောပြောရတာဖြစ်တယ်။ ကောင်းရင်လည်း အလွန်ကောင်းတတ်တာ လက်ပြတ်အမှတ်အသားရှိသူတွေဖြစ်တယ်။

တစ်ကယ်လို့ ကိုယ့်ရဲ့လက်ဖဝါးပြင်ဟာ လက်ပြတ်အမှတ်အသားရှိနေရင်တော့ မိမိကိုယ်မိမိအားတင်းလိုက်ပါ၊ ထူးခြားတဲ့ စွမ်းရည်တစ်ခုရှိနေတယ်ဆိုတာတော့ အမှန်ပါဘဲ၊ ဘယ်လိုစွမ်းရည်လည်း၊ ကောင်းတဲ့ဘက်လား၊ မကောင်းတဲ့ဘက်လားဆိုတာကိုတော့ အသေးစိတ်လေ့လာရပါလိမ့်မယ်၊ လက်ပြတ်အမှတ်ပါတဲ့သူတွေက လက်ပြတ်အမှတ်အသားက လမ်းညွှန်တဲ့ စီးပွားရေးကအစ လုပ်ငန်းဆောင်တာများကို တိတိကျကျလုပ်ဆောင်မယ်ဆိုရင် ကောင်းသည်ဖြစ်စေ၊မကောင်းသည်ဖြစ်စေ အဲဒီနယ်ပါယ်မှာတော့ နေရာတစ်ခုရမှာသေချာပါတယ်။ ဒါကြောင့် ဒီလိုလက်ပုံစံပိုင်ဆိုင်တဲ့သူတွေအနေနဲ့ တတ်သိတဲ့ လက္ခဏာပညာရှင်နဲ့ တိုင်ပင်သင့်ပါတယ်၊ဒီလိုသေချာစစ်ဆေးပြီးတဲ့အခါ လက်ပြတ်အမှတ်အသားက ဘယ်လိုကောင်းကျိုးကိုပေးတယ်၊ဘယ်လိုအခြေအနေနဲ့ အလုပ်အကိုင်ကိုတော့ မလုပ်သင့်ဘူး၊စသဖြင့် လမ်းညွှန်ချက်အတိုင်း လုပ်ဆောင်သင့်တဲ့ အမှတ်အသားဖြစ်တယ်။ သူလမ်းညွှန်တဲ့အတိုင်း လုပ်ဆောင်ရင် အထွဋ်အထိပ်ရောက်ဖို့ အခက်ခဲသလို ၊အထွဋ်အထိပ်ရောက်နေသူဆိုရင်လည်း ပြန်ပြီး ပြုတ်မကျအောင် ထိန်နိုင်ပါလိမ့်မယ်။

အရပ်ပြောစကားများဖြစ်သည့် လက်ပြတ်အမှတ်အသားသည် လုံးဝမကောင်း၊လူကိုလက်ပြတ်အမှတ်အသား ပါသူက ရိုက်မိလျှင် လူပင်သေတတ်သည် ဟုသောစကားများသည် ယခုခေတ်စကားဖြင့်ပြောရလျှင် ဂျင်းကြီးကြီးထည့်ခံ ထားရခြင်းပင်ဖြစ်သည်။ လက္ခဏာပညာကို သေချာအသေးစိတ် လေ့လာသည့်အခါ အချို့သောအရပ်ပြောအဟောများနှင့် ဆန့်ကျင်ဘက်ဖြစ်နေတတ်ကြောင်း တင်ပြရပါသည်။

ဆရာကင်္ကသူ (ရိုးရာ‌လေး)

Ph- 09-2550 68533

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top