ကျွန်တော် ဘာလို့ရာထူး မတိုးတာလဲ

Successful-businesses-25417-634x0-c-default.jpeg

တော်မီ နဲ့ ဂျင်မ်ဆိုတဲ့သူငယ်ချင်းနှစ်ယောက်ဟာ ကုမ္ပဏီတစ်ခုရဲ့ အရောင်းဝန်ထမ်းအဖြစ် ရာထူးအတူတူ၊ လစာအတူတူနဲ့ လုပ်ကိုင်ကြပါတယ်။ သုံးနှစ်လောက်အကြာမှာတော့ ကုမ္ပဏီရဲ့ မန်နေဂျာဖြစ်သူက နှစ်ယောက်ထဲမှာတစ်ယောက်ဖြစ်တဲ့ တော်မီကို

သာမန်အရောင်းဝန်ထမ်း အဖြစ်ကနေပြီးတော့ ရာထူးအဆင့်တစ်ခု တိုးမြှင့်ပေးလိုက်ပါတယ်။ ကျန်တစ်ယောက်ဖြစ်တဲ့ ဂျင်မ်ကိုတော့ ရာထူးမတိုးပေးခဲ့ပါဘူး။

ဂျင်မ်က အခုလို သူငယ်ချင်းဖြစ်သူ တစ်ယောက်တည်း ရာထူးတိုးသွားတဲ့အပေါ် မမျှတဘူးလို့ ခံစားမိတဲ့အတွက် မန်နေဂျာဖြစ်တဲ့သူကို အခုလိုပဲ ပြန်လည်မေးခွန်းထုတ်ခဲ့ပါတယ်။ “ကျွန်တော်တို့နှစ်ယောက်လုံး အလုပ်လုပ်တဲ့ နေရာလည်းတူတယ်။ တာဝန်ယူရတဲ့အပိုင်းလည်းတူတယ်။ ဒါပေမဲ့ တော်မီတစ်ယောက်တည်း ဘာလို့ရာထူးတိုးရတာလဲ။ ဆရာအနေနဲ့ ပြန်ပြီး သုံးသပ်ပေးပါဦး” လို့ ပြောလိုက်ပါတယ်။ အဲဒီအခါ မန်နေဂျာဖြစ်သူက “ကောင်းပြီလေ။ မင်းရော တော်မီရော အလုပ်လုပ်တဲ့အခါ ပင်ပင်ပန်းပန်း ကြိုးကြိုးစားစားလုပ်ကြတယ်ဆိုတာကို ငါသိပါတယ်။ တော်မီနဲ့ မင်း ဘယ်လို ကွာခြားလဲ ငါပြန်စမ်းစစ်ကြည့်ပါ့မယ်။ ပထမဦးဆုံး ငါ့ကို အနီးနားမှာ ဖရဲသီးရောင်းတဲ့ဆိုင်များရှိနေလားဆိုတာ ရှာကြည့်ပေးပါ” လို့ ပြောလိုက်ပါတယ်။

ခဏနေတော့ ဂျင်မ် ပြန်ရောက်လာပြီး ” အနီးနားက ဈေးတစ်ခုမှာတော့ ဆရာလိုချင်တဲ့ ဖရဲသီးတွေ ရောင်းတယ် ဆရာ” လို့ ပြောလိုက်တဲ့အခါ မန်နေဂျာက ” အေး။ တစ်စိတ်ကို ဘယ်လောက်ရောင်းလဲကွ ” ပြန်မေးလိုက်ပြန်တယ်။ အဲဒီအခါ ဂျင်မ်လည်း ဈေးကို နောက်ထပ်တစ်ခေါက်ပြန်သွားရပြီး ပြန်ရောက်တဲ့အခါမှာတော့ “၁ကီလိုရမ်ကို ၁၂ ဒေါ်လာပေးရပါတယ်” လို့ ပြောလိုက်ပါတယ်။ ” “အိုကေ …ကောင်းပြီ” လို့ မန်နေဂျာကပြောပြီး ရာထူးတိုးပေးလိုက်တဲ့တော်မီကို ခေါ်လိုက်ပါတယ်။ တော်မီရောက်လာတော့ ဂျင်မ်ကို ပြောခဲ့တဲ့အတိုင်း ဖရဲသီး ဘယ်မှာဝယ်လို့ရမလဲ ရှာခိုင်းလိုက်ပါတယ်။ တော်မီ ပြန်ရောက်လာတဲ့အခါမှာတော့ “ဆရာ အနီးနားက ဈေးတစ်ခုမှာတော့ ဖရဲသီးရောင်းနေတဲ့ ဆိုင်တစ်ဆိုင်ကို တွေ့ခဲ့ပါတယ်။ ၁ကီလိုဂရမ်ကို ၁၂ ဒေါ်လာ၊ ၁ဝကီလိုဂရမ်ဝယ်မယ်ဆိုရင်တော့ ဒေါ်လာ ၁ဝဝနဲ့ ရောင်းချပေးနေပါတယ်။ တစ်လုံးမှာ ပျမ်းမျှ ၁၅ ကီလိုဂရမ်ရှိပြီး ဖရဲသီးအလုံး ၄၀ လောက်ကျန်သေးတယ်” လို့ ပြောလိုက်ပါတယ်။ တော်မီရဲ့စကားအဆုံးမှာတော့ ဂျင်မ်က “ကျွန်တော့် လိုအပ်ချက်တွေကို နားလည်သဘောပေါက်ပါပြီဆရာ။ ကျွန်တော်သူငယ်ချင်းဆီကနေပြီးတော့ ပြန်လည်သင်ယူဖို့လိုအပ်တယ်ဆိုတာကိုလည်း နားလည်ပါပြီ။ ဆရာ့ရဲ့ ဆုံးဖြတ်ချက်မှန်ကန်ပါတယ်” လို့ ပြောလိုက်ပါတယ်။

ဒီအကြောင်းအရာလေးကနေ ပေးချင်တဲ့ အဓိကသင်ခန်းစာကတော့ ကိုယ့်အားနည်းချက်၊ လိုအပ်ချက်တွေကို အခြားသူကမထောက်ပြခင် သိရှိအောင်လုပ်ဖို့လိုအပ်ပြီး အောင်မြင်တဲ့လူတစ်ယောက်ဖြစ်ချင်တယ်ဆိုရင်တော့ ပတ်ဝန်းကျင်လေ့လာမှုကောင်းဖို့လည်း လိုအပ်ပါတယ်။ သင့်ရဲ့ လုပ်ငန်းတာဝန်နဲ့ ပတ်သက်ပြီးတော့ လေ့လာမှုကောင်းခြင်း၊ ဘယ်အရာကိုမဆို တိတိကျကျခိုင်ခိုင်မာမာသိရှိခြင်းတို့က သင့်ကို အခြားသူနဲ့ယှဉ်ရင် ပိုပြီးအောင်မြင်စေနိုင်မှာ ဖြစ်ပါတယ်။

Ref: ” Successful People “

Paradise (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top