” အင်ဂျင်နီယာကောလိပ် တက်မယ်လို့ ကျွန်မ ပြောလိုက်တော့ အိမ်ထဲကို ဗုံးကျ လာသလို တစ်အိမ်လုံး အလန့်တကြား ဖြစ်ကုန်ကြတယ်” ဒီစကားကို ပြောခဲ့သူကတော့ အိန္ဒိယနိုင်ငံရဲ့ အကြီးဆုံးကားကုမ္ပဏီဖြစ်တဲ့ Tata Motors ရဲ့ ပထမဆုံးအမျိုးသမီးအင်ဂျင်နီယာ ဆူဒါမာသီပါပဲ။ အင်ဂျင်နီယာဘာသာရပ်ဟာ ယောကျာ်းလေးတွေနဲ့ပဲဆိုင်တယ်၊ မိန်းကလေးတွေနဲ့ မသက်ဆိုင်ဘူးဆိုတဲ့ ခေါက်ရိုးကျိုး အယူအဆကို ချိုးဖျက်ခဲ့သူပါ။
ဘီဗွီဘီ အင်ဂျင်နီယာနဲ့ နည်းပညာကောလိပ်မှာ ကျောင်းသွားအပ်တော့ ကျောင်းအုပ်ကြီးက ကျွန်မအဖေကို ဒီလို ပြောတယ်။ ” ဒေါက်တာရှာဟစ်ခင်ဗျာ . . . . ဆရာ့သမီးက အလွန်ထက်မြက်တယ်ဆိုတာ ကျွန်တော် သိပါတယ်။ ဒါပေမဲ့ ပြဿနာဖြစ်မှာတော့ စိုးရိမ်မိသား။ ဒီကောလိပ်မှာ မိန်းကလေးဆိုလို့ သူတစ်ယောက်တည်းပဲ ရှိမှာ။ ဒီတော့ သူ့အတွက် ခက်ခဲလိမ့်မယ်။ ကျောင်းဝန်းထဲမှာ အမျိုးသမီးအိမ်သာ မရှိဘူး။ အမျိုးသမီးတွေနေဖို့ အခန်းလည်း မရှိဘူး။ ကျောင်းသားလေးတွေကလည်း သွေးဆူလွယ်တဲ့အရွယ်ဆိုတော့ သူ့ကို နှောင့်ယှက်ကြလိမ့်မယ်”။
ကျောင်းအုပ်ကြီးက အဲဒီလို သတိပေးခဲ့ပေမဲ့ ဆူဒါမာသီကတော့ အင်ဂျင်နီယာဖြစ်ချင်တဲ့ သူ့အိပ်မက်ကို မစွန့်လွှတ်ခဲ့ပါဘူး။ ဆရာ စာသင်နေချိန်မှာ ကျောင်းသားတွေက သူ့ကျောကို စက္ကူလေယာဉ်နဲ့ ပစ်တယ်။ တချို့ကျတော့လည်း စာရွက်အလွတ်ပေါ်မှာ ” မိန်းကလေးတစ်ယောက်ရဲ့ နေရာက မီးဖိုချောင်ပဲ။ ဒါမှမဟုတ် ဆေးပညာသိပ္ပံ သင်ရင် သင်၊ ပါမောက္ခလုပ်ရင် လုပ်။ အင်ဂျင်နီယာကောလိပ်တော့ လာမတက်နဲ့” ဆိုတဲ့ စာသားမျိုးရေးပြီး လာပေးကြပါတယ်။
နေ့စဉ်နေ့တိုင်း ကြုံရတဲ့ စိန်ခေါ်မှုတွေကို အံ့တုပြီး ဆူဒါမာသီက အင်ဂျင်နီယာဘွဲ့ ယူနိုင်ခဲ့သလို အမျိုးသမီးအင်ဂျင်နီယာ မခန့်တဲ့ Tata Motors ကုမ္ပဏီရဲ့ အစဉ်အလာကိုလည်း ချိုးဖျက်ခဲ့သူပါ။ သူ့ခင်ပွန်းနဲ့အတူ တွဲဖက်ပြီး အနှိမ်ခံလူတန်းစားအကျိုး ရှေးရှုတဲ့ Infosys Foundation ပရဟိတအဖွဲ့ကို ထူထောင်နိုင်ခဲ့သလို အိန္ဒိယအစိုးရက ချီးမြှင့်တဲ့ ပဒုမ္မာသီရိဆု၊ ပဒုမ္မာဘူရှန်ဆုတွေလည်း ဆွတ်ခူးနိုင်ခဲ့ပါတယ်။
Ref: Sudha Murthy
NZ (ရိုးရာလေး)