ဂျပန်ဘုရားကျောင်းမှာ နှစ် ၄၀ ကျော် ပူဇော်လာတဲ့ မံမီရုပ်အလောင်းဟာ ”ဂျင်း” ဖြစ်ကြောင်း သိပ္ပံပညာရှင်တွေ ဖော်ထုတ်

1.3.2023-yyl-iamge-5.jpg

ဂျပန်ဘုရားကျောင်းမှာ ဆယ်စုနှစ်များစွာ လူတွေ ပူဇော်ဆုတောင်းခဲ့ကြတဲ့ ရေသူမငယ်ပုံစံ မံမီရုပ်အလောင်းရဲ့ ဇစ်မြစ်ကို သိပ္ပံပညာရှင်တွေ ဖော်ထုတ်နိုင်ခဲ့ပါပြီ။ ဆိုရိုးစကားတွေအရ ၁၇၃၆ ခုနှစ်ကနေ ၁၇၄၁ ခုနှစ်ကြားကာလအတွင်း ရှီကိုကုကျွန်း ကမ်းလွန်ဘက် ပစိဖိတ်သမုဒ္ဒရာထဲကနေ အဲဒီ ရေသူမကို ဖမ်းမိခဲ့တာလို့ ဆိုကြပြီး အဆာကူချီမြို့၊ အန်ဂျွန်းဘုရားကျောင်းမှာ နှစ် ၄၀ ကျော် ပူဇော်ထားခဲ့တာပါ။ ရေသူမ မံမီရုပ်က ကံကောင်းခြင်းတွေ ယူလာပေးတယ်လို့ လူတွေက ယုံကြည်ကြပါတယ်။

အဲဒီရေသူမက ထာဝရရှင်သန်နိုင်စွမ်းရှိပြီး သူ့အသားကို စားရင် မသေနိုင်တော့ဘူးဆိုတဲ့ ယုံတမ်းစကားတွေလည်း ထွက်ပေါ်ခဲ့ပါတယ်။ ဒါပေမဲ့ သိပ္ပံပညာရှင်တွေကတော့ ဒီမံမီရုပ်ဟာ (သဘာဝအတိုင်းမဟုတ်ဘဲ) လူတစ်ဦးတစ်ယောက်က ဖန်တီးထားတာ ဖြစ်မယ်လို့ သံသယရှိခဲ့ပါတယ်။

ပြီးခဲ့တဲ့နှစ်မှာတော့ ကူရာရှီကီသိပ္ပံနဲ့ အနုပညာတက္ကသိုလ်မှ သုတေသီတွေက X-ray scan ၊ CT scan ၊ ရေဒီယိုကာဗွန်နည်းပညာ၊ electron microscopy၊ DNA စစ်ဆေးမှု အစရှိတဲ့ ခေတ်မီနည်းပညာတွေသုံးပြီး အဲဒီမံမီရုပ်အလောင်းကို ခွဲခြမ်းစိတ်ဖြာမှုတွေ လုပ်ခဲ့ပါတယ်။

မံမီရုပ်အလောင်းမှာ အရိုးမပါတဲ့ တွေ့ရှိချက်အရ မျောက်တစ်ကောင်ရဲ့ ခေါင်းနဲ့ ခန္ဓာကိုယ်ကို ငါးအမြီးပိုင်းနဲ့ တွဲစပ်ထားတာဖြစ်မယ်လို့ ကောက်ချက်ချကြပါတယ်။ မျောက်ခန္ဓာကိုယ်ထဲကို အဝတ်စတွေ၊ စက္ကူတွေ၊ ဂွမ်းစတွေထည့်ပြီး ငါးအမြီးနဲ့ ပေါင်းစပ်ကာ ဆေးသုတ်ထားဖွယ် ရှိပါတယ်။ သုတ်ဆေးကတော့ သဲနဲ့ ကျောက်မီးသွေးကို ရောနှောထားတာလို့ ဆိုပါတယ်။

မံမီရုပ်ရဲ့ မေးရိုးနဲ့ သွားတွေကတော့ ငါးတစ်ကောင်ဆီကနေ ဖြုတ်ယူထားဖွယ်ရှိပြီး လက်သည်းတွေကိုတော့ ကီရာတင်ပရိုတင်းနဲ့ ဖန်တီးထားဖွယ် ရှိပါတယ်။ ရေဒီယိုကာဗွန်နဲ့ သက်တမ်းတွက်ချက်မှုအရ ၁၈၀၀ ပြည့်နှစ် အစောပိုင်းက ဖန်တီးထားတာလို့ ဆိုပါတယ်။

ဒီမံမီရုပ် ဖန်တီးရတဲ့ ရည်ရွယ်ချက်ကို မသိရသေးပေမဲ့ ဂျပန်ဒဏ္ဍာရီထဲက ထာဝရအသက်ရှင်တဲ့ နင်ဂိုသတ္တဝါကို လူတွေယုံကြည်လာအောင် လှည့်စားဖို့ ရည်ရွယ်တာဖြစ်မယ်လို့ သိပ္ပံပညာရှင်တွေက ခန့်မှန်းကြပါတယ်။

Ref: Scientists Finally Solve Mystery of Japan’s Tiny Mummified Mermaid

NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top