အိန္ဒိယနိုင်ငံ အရှေ့ပိုင်းနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ဆိုင်ကလုန်းမုန်တိုင်း အမ်ဖန် ဝင်ရောက်တိုက်ခတ်ပြီး ကမ်းရိုးတန်းဒေသတွေမှာ လေကြီးမိုးကြီးကျရောက်ခဲ့လို့ အနည်းဆုံး လူ ၁၅ ယောက် သေဆုံးခဲ့ပါတယ်။ အိန္ဒိယနိုင်ငံ အနောက်ဘန်ဂေါပြည်နယ် ကိုးလ်ကတ္တားမြို့အပါအဝင် အိန္ဒိယမှာရော၊ ဘင်္ဂလားဒေ့မှာပါ နေအိမ်ပြိုလဲတာ၊ သစ်ပင်အမြစ်ကနေ ကျွတ်ထွက်တာမျိုး ဖြစ်ခဲ့ပါတယ်။ မုန်တိုင်းမတိုက်ခင်ကတည်းက လူ ၃ သန်းနီးပါးကို ဘေးကင်းရာ ရွှေ့ပြောင်းပေးခဲ့ပါတယ်။ အများစုကတော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံက လူတွေပါ။ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကို ကာကွယ်ဖို့ ကန့်သတ်ချက်တွေ ထုတ်ပြန်ထားတဲ့အတွက် အရေးပေါ်နဲ့ ပြန်လည်ထူထောင်ရေး အားထုတ်ကြိုးပမ်းမှုတွေ နှောင့်နှေးကြန့်ကြာခဲ့ရပါတယ်။
COVID-19 ရောဂါကူးစက်မှု၊ တစ်ယောက်နဲ့တစ်ယောက် ခပ်ခွာခွာနေရေး စည်းမျဉ်းတွေကြောင့် အာဏာပိုင်တွေအနေနဲ့ အစုလိုက်အပြုံလိုက် ရွှေ့ပြောင်းနိုင်ဖို့ အခက်အခဲကြုံခဲ့ပြီး ခိုလှုံရေးစခန်းတွေကိုလည်း လူအပြည့် ထည့်သွင်းလို့မရခဲ့ပါဘူး။ အမ်ဖန်မုန်တိုင်းဟာ ၁၉၉၉ ခုနှစ်နောက်ပိုင်း ဘင်္ဂလားပင်လယ်အော်မှာ ဖြစ်တည်တဲ့ ပထမဆုံး စူပါဆိုင်ကလုန်းမုန်တိုင်းဖြစ်ပါတယ်။ အခုချိန်မှာ လေတိုက်နှုန်း အားပျော့သွားပေမဲ့ အလွန့်အလွန်အားကောင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်းအဖြစ် သတ်မှတ်ခံထားရဆဲပါ။
Nz (ရိုးရာလေး)