သေဆုံးသွားပြီဖြစ်တဲ့ ဆူရှန်ရဲ့ နောက်ဆုံးရုပ်ရှင် ဇာတ်ကား နမူနာထွက်ရှိ

7-7-2020-yyl-020.jpg

ဇွန်လ (၁၄) ရက်နေ့က ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ခဲ့တဲ့ ဘောလိဝုဒ်မင်းသား ဆူရှန် ဆင်း ရာဂျ်ပွတ်ဟာ သူ့ချစ်တဲ့၊ သူ့ကိုချစ်တဲ့မိသားစုနဲ့ ပရိသတ်တွေကို ထားရစ်ခဲ့ပေမယ့် သူဟာ ချစ်ပရိသတ်တွေအတွက် လွမ်းဆွတ်အမှတ်ရစွာနဲ့ ကြည့်ရှုရမယ့် သူ ပါဝင်သရုပ်ဆောင်ထားတဲ့ ရုပ်ရှင်ဇာတ်ကားတစ်ကားကိုတော့ ချန်ထားရစ်ခဲ့ပါတယ်။ ပရိသတ်တွေ စောင့်ဆိုင်းနေတဲ့ ဆူရှန်ရဲ့နောက်ဆုံးဇာတ်ကား Dil Bechara နမူနာဟာ ဇူလိုင်လ ၆ ရက်နေ့က ထွက်ရှိလာခဲ့ပါတယ်။ ၂၀၁၄ခုနှစ်ကထွက်ရှိခဲ့တဲ့ ဟောလိဝုဒ်ဇာတ်ကားကို Inspire လုပ်ထားတဲ့ အရောင်းရဆုံးဝတ္ထု The Fault in Our Stars ကို အခြေခံရိုက်ကူးထားတဲ့ Dil Bechara က ဝမ်းနည်းစရာ ဇာတ်လမ်းဇာတ်ကွက်တွေပါဝင်တဲ့ အချစ်ဇာတ်လမ်း တစ်ပုဒ်ဖြစ်ပါတယ်။

ဇာတ်ကားနမူနာထဲမှာ ပြထားသလိုပဲ ဆူရှန်က မန်နီးဆိုတဲ့ ကောင်လေးတစ်ယောက်၊ ဆန်ဂျာနာ ဆန်ဂျ်ဟီက ကီဇီဆိုတဲ့ ကောင်မလေးတစ်ယောက်အနေနဲ့ အသီးသီးပါဝင်ထားကြပါတယ်။ သူတို့နှစ်ယောက်က အချင်းချင်း အားပေးနှစ်သိမ့်ရင်းနဲ့ သူငယ်ချင်းတွေဖြစ်သွားကြတဲ့ ကင်ဆာရောဂါသည်နှစ်ဦးအဖြစ် ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဇာတ်ကားနမူနာ အဖွင့်မှာတော့ ကင်ဆာရောဂါခံစားနေရသူအဖြစ် ကိုယ့်ကိုယ်ကိုယ် မိတ်ဆက်ပေးနေတဲ့ ကီဇီကို မြင်ရမှာဖြစ်ပါတယ်။

အဲဒီနောက်မှာ ကင်ဆာရောဂါကို ကျော်လွှားနေရပေမယ့် ချစ်ဖို့ကောင်းပြီး ပျော်ပျော်နေတတ်တဲ့ လူငယ်လေးတစ်ယောက် မန်နီးကို ပြထားပါတယ်။ မန်နီးက ကီဇီရဲ့ဘဝ၊ အိပ်မက်တွေကို ချစ်ခြင်းမေတ္တာတွေနဲ့ ပြောင်းလဲစေခဲ့ပါတယ်။ ဇာတ်ကားနမူနာ တစ်လျှောက်လုံးမှာ ပွဲကြည့်ပရိသတ်တွေကို သေဆုံးခြင်းနဲ့ အဆုံးသတ်မယ့်သူတို့ အကြောင်းအပါအဝင် အချစ်ဇာတ်လမ်းလေးတွေ ပြောပြနေတဲ့ ဇာတ်ကောင်နှစ်ဦးကို မြင်တွေ့ရမှာပါ။ ကီဇီရဲ့ရောဂါက ဇာတ်ကောင်နှစ်ဦးရဲ့ အချစ်ရေးမှာ အတားအဆီးဖြစ်နေတယ်ဆိုတာကို ပြသနေပါတယ်။ “ဘယ်အချိန်မှာမွေးဖွားမလဲ၊ ဘယ်အချိန်မှာ သေဆုံးမလဲဆိုတာ ကျွန်တော်တို့ ဆုံးဖြတ်လို့မရပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့ ဆုံးဖြတ်နိုင်တာက ကျွန်တော်တို့ဘဝတွေကို ဘယ်လိုနေထိုင်မလဲဆိုတာပါပဲ” ဆိုတဲ့ မန်နီးပြောထားတဲ့ စကားလေးက ဇာတ်လမ်းရဲ့ အနှစ်သာရလို့တောင် ခံစားမိစေပါတယ်။

ဒီဇာတ်ကားက ဟောလိဝုဒ်ဇာတ်ကားနဲ့ ကွဲထွက်နေမလားဆိုတာကတော့ မသိရသေးပါဘူး။ ဒါပေမဲ့ ဆူရှန်ကို ပိတ်ကားထက်ကနေ နောက်ဆုံးမြင်တွေ့ရမှာ ဖြစ်တဲ့အတွက် ဇာတ်ကားထွက်ရှိလာတဲ့အခါ ပရိသတ်တွေကိုတော့ စိတ်မကောင်းဖြစ်စေမှာတော့အမှန်ပါပဲ။

Ref: ‘Dil Bechara’ trailer revealed

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top