ဝေးလေကောင်းလေဆိုတဲ့အသိနဲ့ ကိုယ့်ကျန်းမာရေးနဲ့ အများကျန်းမာရေးကို ဂရုစိုက် ကာကွယ်ပေးကြပါ

1-4-2020-yyl-001-1.jpg

COVID-19 ကပ်ရောဂါဖြစ်ပွားနေတဲ့အချိန်မှာ ဆွေးမျိုးမိတ်ဆွေတွေစုပြီး အိမ်ထဲမှာဆုံကြ၊ နီးနီးကပ်ကပ် နေကြတာဟာလည်း အပြင်ထွက်ပြီး လူအုပ်ထဲတိုးသလို အန္တရာယ်ရှိတယ်လို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က သတိပေးလိုက်ပါတယ်။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က မတ် ၃၁ ရက်၊ ည ၆ နာရီမှာ ပြောကြားတဲ့ COVID-19 ရောဂါဖြစ်ပွားမှု နောက်ဆုံးအခြေ အနေနဲ့စပ်လျဉ်းပြီး ပြည်သူလူထုသို့ အစီရင်ခံတင်ပြတဲ့မိန့်ခွန်းမှာ ထည့်သွင်းပြောကြားခဲ့တာ ဖြစ်ပါတယ်။

”ဒီအချိန်မှာ ဝေးလေကောင်းလေဆိုတဲ့အသိနဲ့ ကိုယ့်ကျန်းမာရေးနဲ့ အများကျန်းမာရေးကို ဂရုစိုက် ကာကွယ်ပေးကြပါ။ အိမ်နေရာထိုင်ခင်း မကျယ်တဲ့ မိသားစုတွေအတွက် အခက်အခဲရှိမယ်ဆိုတာကို နားလည် ပါတယ်”လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ ဒါပေမဲ့ အချိန်ကာလအတိုင်းအတာတစ်ခုထိ စိတ်ကိုတင်းပြီး အခက်အခဲတွေကို သည်းခံကြ၊ တစ်ဦးချင်း တစ်ဦးချင်း တာဝန်သိစိတ်အပြည့်နဲ့ COVID-19 မပြန့်ပွားရေးအတွက် ဆောင်ရွက်ပေးကြမယ်ဆိုရင် ဒီစိန်ခေါ်မှု ကြီးကို ကျော်လွှားနိုင်မှာ ဖြစ်တယ်လို့ ၎င်းက ဆိုပါတယ်။

လက်ရှိကာလမှာ ပုဂ္ဂလိကလုပ်ငန်းတချို့က လုပ်ငန်းယာယီရပ်ဆိုင်းတာ၊ သူတို့ရဲ့ဝန်ထမ်းတွေကို ရက်ရှည်ပိတ်ပေးတာတွေ ရှိနေတဲ့အတွက် ရပ်နီးရပ်ဝေးက ပြည်သူတွေဟာ သူတို့ရဲ့ ဇာတိမြို့ကို ပြန်ပြီး မိသားစုဝင်တွေနဲ့ တစ်စုတစ်စည်းတည်းသွားရောက်နေထိုင်မျိုးတွေ ရှိနေပါတယ်။ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန(ရန်ကုန်)ရဲ့ ဓာတ်ခွဲအခြေတွေအရ မြန်မာနိုင်ငံမှာ COVID-19 ရောဂါပိုးတွေ့ရှိ စုစုပေါင်း ၁၅ ဦးအထိရှိလာခဲ့ပြီးတော့ ကင်ဆာရောဂါအခံရှိတဲ့ အသက် ၆၉ နှစ်အရွယ် အတည်ပြုလူနာ အမျိုးသားတစ်ဦးကတော့ ဒီနေ့မနက်မှာပဲ သေဆုံးသွားခဲ့ပါတယ်။

Photo – Myanmar State Counsellor Office

KST(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top