အာဖဂန်နစ္စတန်နိုင်ငံမှာ ဘိန်းစိုက်ပျိုးမှု ပိတ်ပင်တယ်လို့ တာလီဘန်အဖွဲ့ ကြေညာ

4-4-2022-yyl-15.jpg

ကမ္ဘာ့ဘိန်းအများဆုံး ထွက်ရှိတဲ့ အာဖဂန်နစ္စတန်နိုင်ငံမှာ ဘိန်းစိုက်ပျိုးမှု ပိတ်ပင်တယ်လို့ တာလီဘန်အဖွဲ့က ကြေညာခဲ့ပါတယ်။ အာဖဂန်နစ္စတန် အစ္စလာမ်နိုင်ငံတော် ထိပ်တန်းခေါင်းဆောင်ရဲ့ ညွှန်ကြားချက်အရ နိုင်ငံတစ်ဝန်းမှာ ဘိန်းစိုက်ပျိုးမှုကို တင်းတင်းကျပ်ကျပ် ပိတ်ပင်ထားပြီး ချိုးဖောက်သူအနေနဲ့ ဘိန်းစိုက်ခင်း ချက်ချင်းဖျက်စီးခံရမှု၊ ရှီယာဥပဒေအရ အရေးယူခံရမှုတွေ ကြုံတွေ့မယ်လို့ အာဖဂန်နစ္စတန် ပြည်ထဲရေးဝန်ကြီးက ကြေညာခဲ့ပါတယ်။ အဲဒီအမိန့်ထဲမှာ တခြားမူးယစ်စေတဲ့ အရာတွေ ထုတ်လုပ်မှု၊ သုံးစွဲမှု၊ ပို့ဆောင်မှုတွေကိုလည်း ပိတ်ပင်ကြောင်း ဖော်ပြထားပါတယ်။

မူးယစ်ဆေးဝါးထိန်းချုပ်ရေးဟာ တာလီဘန်အဖွဲ့ထံကနေ နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ အဓိကတောင်းဆိုချက်တစ်ရပ် ဖြစ်ပါတယ်။ ပြီးခဲ့တဲ့သြဂုတ်လမှာ အာဖဂန်နစ္စတန်နိုင်ငံကို လွှဲပြောင်းထိန်းချုပ်ခဲ့တဲ့ တာလီဘန်အဖွဲ့ဟာ ဘဏ်လုပ်ငန်း၊ စီးပွားရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးကို ပြင်းပြင်းထန်ထန် ထိခိုက်စေတဲ့ အရေးယူပိတ်ဆို့မှုတွေ ပြန်လည်ရုပ်သိမ်းသွားစေဖို့ နိုင်ငံတကာအသိအမှတ်ပြုမှု ရရှိရေး ကြိုးပမ်းနေပါတယ်။

တာလီဘန်အဖွဲ့ဟာ နောက်ဆုံးအကြိမ် အုပ်ချုပ်မှု အဆုံးသတ်ခါနီးချိန်ကလည်း နိုင်ငံတကာ တရားဝင်မှု ရရှိရေးအတွက် ဘိန်းစိုက်ပျိုးမှုကို ပိတ်ပင်ခဲ့ဖူးပါတယ်။ ဒါပေမဲ့ ဆန့်ကျင်မှုတွေ ကြုံတွေ့ခဲ့လို့ နောက်ပိုင်းမှာ သူတို့ရဲ့ရပ်တည်ချက်ကို ပြန်လည်ပြောင်းလဲခဲ့ရဖူးတယ်လို့ ကျွမ်းကျင်ပညာရှင်တွေက ပြောပါတယ်။

ကုလသမဂ္ဂရဲ့ ခန့်မှန်းချက်အရ အာဖဂန်နစ္စတန်နိုင်ငံဟာ ဘိန်းထုတ်လုပ်မှု အမြင့်ဆုံးဖြစ်ခဲ့တဲ့ ၂၀၁၇ ခုနှစ်မှာ ဈေးကွက်တန်ဖိုး အမေရိကန်ဒေါ်လာ ၁.၄ ဘီလျံဖိုးအထိ ထုတ်လုပ်ခဲ့ဖူးပါတယ်။ အာဖဂန်နစ္စတန်နိုင်ငံရဲ့ ဘိန်းထုတ်လုပ်မှုဟာ မကြာသေးခင် လပိုင်းအတွင်း မြင့်တက်လာခဲ့တယ်လို့ တောင်ယာစိုက်ပျိုးသူတွေ၊ တာလီဘန်အဖွဲ့ဝင်တွေက ပြောပါတယ်။

အာဖဂန်နစ္စတန်နိုင်ငံမှာ စီးပွားရေးကျပ်တည်းနေလို့ အရှေ့တောင်ပိုင်းပြည်နယ်တွေမှာ နေထိုင်သူတွေဟာ ဂျုံလို တရားဝင်သီးနှံတွေထက်စာရင် အမြတ်များများကျန်ပြီး ငွေပေါ်မြန်တဲ့ တရားမဝင်သီးနှံတွေကို ပိုမိုစိုက်ပျိုးလာကြပါတယ်။ ပြီးခဲ့တဲ့တစ်ပတ်မှာ တာလီဘန်အဖွဲ့က ဘိန်းစိုက်ပျိုးမှု ပိတ်ပင်တော့မယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်ခဲ့လို့ ဘိန်းဈေးနှုန်း ၂ ဆကျော် မြင့်တက်ခဲ့တယ်လို့ ဒေသခံတစ်ဦးက ဆိုပါတယ်။

Ref: CNN “Taliban bans drug cultivation, including lucrative opium”

Nz ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top