လျှပ်စစ်ကားတွေကို ၉ စက္ကန့်တည်းနဲ့ အားအပြည့်သွင်းပေးနိုင်မယ့် နည်းပညာသစ်

2-4-2022-yyl08.jpg

လျှပ်စစ်ကားတွေကို ၉ စက္ကန့်တည်းနဲ့ အားအပြည့်သွင်းပေးနိုင်မယ့် နည်းပညာသစ်ကို တောင်ကိုရီးယားသိပ္ပံပညာရှင်တွေက သက်သေပြလိုက်ပါပြီ။ ကွမ်တန်ရူပဗေဒနိယာမိတွေကို အသုံးပြုထားတဲ့ ကိရိယာသစ်ဟာ ဘက်ထရီရဲ့ဆဲလ်တွေကို တစ်ခုချင်းစီ အားသွင်းပေးတာမျိုးမဟုတ်ဘဲ ဆဲလ်အားလုံးကို တစ်ပြိုင်နက် အားသွင်းပေးမှာဖြစ်လို့ လျှပ်စစ်ကား အားသွင်းချိန်ဟာ ကားဆီဖြည့်သလောက်ပဲ ကြာမြင့်တော့မှာပါ။ လျှပ်စစ်ကားကို ကိုယ့်အိမ်မှာကိုယ် အားသွင်းမယ်ဆိုရင်တောင် အရင်ကလို ၁၀ နာရီ စောင့်စရာမလိုတော့ဘဲ ၃ မိနစ်တည်းနဲ့ အားအပြည့်သွင်းနိုင်မှာ ဖြစ်ပါတယ်။

လွန်ခဲ့တဲ့ ၁၀ နှစ်က လျှပ်စစ်ကားတွေကို လမ်းပေါ်မှာ မတွေ့ရသလောက် နည်းပါးလွန်းခဲ့ပေမဲ့ အခုချိန်မှာတော့ နှစ်စဉ်နှစ်တိုင်း လျှပ်စစ်ကားသန်းချီ ရောင်းချနေရပြီး ကြီးထွားမှုနှုန်းအမြန်ဆုံးလုပ်ငန်းတစ်ခု ဖြစ်နေပါတယ်။ ဒါပေမဲ့ လက်ရှိအချိန်မှာ အမြန်ဆုံး အားသွင်းပေးမယ့်ကိရိယာသုံးရင်တောင် လျှပ်စစ်ကားကို အားသွင်းဖို့ မိနစ် ၂၀ ကနေ မိနစ် ၄၀ ကြား အချိန်ကြာပါတယ်။ အဲဒီပြဿနာကို တောင်ကိုရီးယားနိုင်ငံ Institute for Basic Science (IBS) ရဲ့ သိပ္ပံပညာရှင်တွေက အဖြေရှာခဲ့ကြတာပါ။

ကွမ်တန်ဘက်ထရီ အယူအဆကို ၂၀၁၂ ခုနှစ်မှာ အလစ်ကီနဲ့ ဖန်းနက်စ်တို့ရဲ့ စာတမ်းမှာ စတင်ဖော်ပြခဲ့တာပါ။ ဘက်ထရီကို အချိန်တိုတိုနဲ့ အားသွင်းနိုင်ဖို့အတွက် ကွမ်တန်ငြိတွယ်မှုလို ရင်းမြစ်တွေကို အသုံးပြုနိုင်တယ်ဆိုတာ ဖော်ပြခဲ့ကြတာပါ။ သုတေသီတွေဟာ ကွမ်တန်အခြေပြုစက်ကိရိယာတွေကို အသုံးပြုပြီး မြန်နှုန်းမြင့် အားသွင်းစက်ရုံကို ပုံဖော်ခဲ့ကြတာပါ။ ပုံမှန်အားဖြင့် ဆဲလ် ၂၀၀ ပါတဲ့ လျှပ်စစ်ကားဘက်ထရီကို အားသွင်းရင် အရင်ကထက် အဆ ၂၀၀ ပိုမြန်မှာဖြစ်ပါတယ်။ ဆဲလ်တွေကို တစ်စုတစ်စည်းတည်း တစ်ပြိုင်နက်အားသွင်းတဲ့စနစ်ဟာ နဂိုသုံးနေကြဘက်ထရီတွေမှာတော့ အသုံးပြုနိုင်ဖွယ် မရှိပါဘူး။

” ကွမ်တန်နည်းပညာတွေက ကနဦးအဆင့်မှာပဲ ရှိနေပါသေးတယ်။ ဒီနည်းလမ်းတွေကို လက်တွေ့အသုံးချနိုင်ဖို့ အများကြီး ဆက်ကြိုးပမ်းရဦးမှာပါ” လို့ သုတေသနစာတမ်းကို ပူးတွဲရေးသားသူ ဒေါက်တာ ဒါရီယိုရိုဆာက ပြောပါတယ်။ဒါပေမဲ့ ကွမ်တန်နည်းပညာဟာ လျှပ်စစ်ကားဘက်ထရီ အားဖြည့်တာ တစ်ခုတည်းတင်မကဘဲ အနာဂတ်ကာလ ဓာတ်ပေါင်းစွမ်းအင်စက်ရုံတွေမှာလည်း အဓိကကျတဲ့အရာ ဖြစ်လာနိုင်တယ်လို့ သူက ဆိုပါတယ်။ ကွမ်တန်ဘက်ထရီတွေဟာ လူသားတွေရဲ့ စွမ်းအင်အသုံးပြုမှုနည်းလမ်းကို တော်လှန်ပြောင်းလဲစေမှာ ဖြစ်ပြီး ရေရှည်တည်တံ့တဲ့အနာဂတ်ဆီရောက်ဖို့ ခြေတစ်လှမ်း ပိုနီးစေလိမ့်မယ်လို့ ဒေါက်တာဒါရီယိုရိုဆာက ပြောပါတယ်။

Ref: Goodnews “EV Charging Answer: Quantum Technology Will Cut Time it Takes to Charge Electric Cars to Just 9 Seconds”

Nz ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top