ကပ်ရောဂါအတွင်းငွေကြေးအခက်အခဲဖြစ်နေတဲ့ကလေးမိခင် (၂) ဦးကို ဒေါ်လာ ၁၃၀၀၀စီ လှူဒါန်းခဲ့တဲ့ တေလာဆွစ်ဖ်

10-12-2020-yyl-002.jpg

ကိုဗစ်ကပ်ရောဂါအတွင်း ကမ္ဘာ့တစ်ဝှမ်းက လူတော်တော်များများဟာ ငွေကြေးအဆင်မပြေဖြစ်နေကြရပါတယ်။ အမေရိကန်လူမျိုးတွေလည်း စားဖို့သောက်ဖို့အတွက်ရော ငွေကြေးအဆင်မပြေဖို့နေတဲ့အတွက် အစားအစာလှူဒါန်းတဲ့ သူတွေအပေါ်မှီခိုနေကြရပါတယ်။ ကပ်ရောဂါအတွင်းမှာ ငွေကြေးအဆင်မပြေဖြစ်နေတဲ့သူတွေကို လှူဒါန်းပေးနေတဲ့သူတွေထဲမှာ ဂရမ်မီဆုရှင် တေလာဆွစ်ဖ်လည်း ပါဝင်ပါတယ်။ ဆုပေးပွဲတိုင်း ဆုများစွာဆွတ်ခူးလေ့ရှိတဲ့ အဆိုတော်တေလာဆွစ်ဖ်ဟာ မကြာသေးခင်ကမှ ကလေးမိခင် (၂) ဦးဖြစ်တဲ့ နစ်ကီ ကွန်ဝဲလ် (Nikki Cornwell) နဲ့ ရှယ်ဘီ ဆီလူစကီ (Shelbie Selewski) တို့ ငွေကြေးအခက်အခဲဖြစ်နေတယ်ဆိုတာကို အခုအပတ်မှာသိရှိခဲ့ပြီး ဒေါ်လာ ၁၃၀၀၀ လှူဒါန်းခဲ့တယ်လို့ Billboard ရဲ့ထုတ်ပြန်ချက်အရ သိရပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါရဲ့အကျိုးဆက်အနေနဲ့ လူတွေရင်ဆိုင်နေရတဲ့ ငွေရေးကြေးရေးအခက်အခဲတွေကို The Washington Post က မီးမှောင်ထိုးပြကာ အဲဒီကလေးမိခင် (၂) ဦးကိုလည်း ဖော်ပြခဲ့တဲ့အတွက် အဲဒီကနေ တေလာဆွစ်ဖ်က သတိထားမိလာခဲ့တာပါ။ နစ်ကီ ကွန်ဝဲလ်နဲ့သူ့မိသားစုတို့က COVID-19 ကြောင့် ဖျားနာခဲ့ကြပြီး အခုဆိုရင် အိမ်ငှားခနဲ့ အထွေထွေအသုံးစရိတ်အတွက် အခက်အခဲဖြစ်နေရကြောင်း၊ နွေဦးကတည်းက အလုပ်လည်း ရှာလို့မရခဲ့ဘူးလို့ ဆိုပါတယ်။

တေလာဆွစ်ဖ်က သူ့ရဲ့လှူဒါန်းမှုနဲ့အတူ နစ်ကီအတွက် လက်ရေးစာတစ်ခုလည်း ချန်ခဲ့ပါတယ်။ “နစ်ကီ… ကျွန်မ မင်းရဲ့အကြောင်းကို Washington Post မှာ ဖတ်ရပါတယ်။ မင်းအကြောင်းကို မျှဝေရဲတဲ့ တကယ်သတ္တိရှိတဲ့သူပါပဲ။ အခုနှစ်မှာ မင်းကျော်ဖြတ်ခဲ့ရတဲ့ အရာရာတိုင်းအတွက် ကျွန်မ အရမ်းစိတ်မကောင်းဖြစ်ရပြီး ဒီလက်ဆောင်ကို မင်းဆီ ပို့ပေးချင်ခဲ့တယ်” လို့ ရေးသားထားပါတယ်။

နောက်ထပ်ကလေးမိခင်တစ်ဦးဖြစ်တဲ့ ရှယ်ဘီကလည်း နွေဦးမှာ အလုပ်ပြုတ်ခဲ့ပြီး ကိုဗစ်မတိုင်ခင်မှာ အဆုတ်အားနည်းပြီးမွေးဖွားလာခဲ့တဲ့သူ့သမီးလေးကို အိမ်မှာနေပြီး စောင့်ရှောက်နေရကြောင်း၊ သူ့သမီးလေးက (၂) လလောက်ဆေးရုံတက်ခဲ့ရကြောင်း၊ အသုံးစရိတ်ရဖို့အတွက် အိမ်မှာရှိတဲ့အရာအားလုံးကိုလည်း ရောင်းခဲ့ရကြောင်း ပြောပြပါတယ်။ အဲဒီအမျိုးသမီးအတွက်လည်း တေလာဆွစ်ဖ်က လှူဒါန်းမှုနဲ့အတူ စာတစ်စောင်ပေးပို့ခဲ့ပါတယ်။ “မင်းမှာရှိနေတဲ့ စိတ်ဖိစီးမှုမျိုးကို ဘယ်သူမှ မခံစားသင့်ပါဘူး။ မင်းနဲ့မင်းမိသားစုတွေ ကောင်းမွန်တဲ့အားလပ်ရက်ရာသီကို ပိုင်ဆိုင်ရဖို့ ကျွန်မ မျှော်လင့်ပါတယ်” လို့ရေးသားထားပါတယ်။

တေလာဆွစ်ဖ် လှူဒါန်းပေးပြီးတဲ့နောက်မှာ ရှယ်ဘီက သူ့ရဲ့GoFundMe ပေ့ချ်မှာ “သူစိမ်းတစ်ယောက်ကို အလွယ်တကူကူညီပေးမယ်လူတွေရှိနေတဲ့ အံ့သြဖို့ကောင်းတဲ့ကမ္ဘာကြီးပါပဲ။ ကျွန်မရဲ့ကလေးတွေက ဒီလိုလှူဒါန်းမှုမျိုးကို ကြားသိရပါမယ်။ သူတို့ကိုလည်း မင်းလိုမျိုးဖြစ်အောင် ပျိုးထောင်နိုင်ဖို့ မျှော်လင့်တယ်။ နောက်ဆုံးတော့ ငါ စိတ်အေးချမ်းစွာနဲ့အိပ်စက်နိုင်ပြီ” လို့ရေးသားထားပါတယ်။

မကြာသေးခင်က သူ့ရဲ့လှူဒါန်းမှုတွေထဲမှာ အစားအသောက်နေရာတွေဆီ လှူဒါန်းတာလည်းပါဝင်ပါတယ်။ သောကြာနေ့က တွစ်တာအသုံးပြုသူတစ်ဦးက ခရစ်စမတ်အလှဆင်ထားတဲ့ ဗီဒီယိုကို လေတာဆွစ်ဖ်ရဲ့ Christmas Tree Farm ဆိုတဲ့သီချင်းနဲ့အတူ တေလာကို Tag တွဲပြီး တင်ခဲ့ပြီးတဲ့နောက်မှာ တေလာဆွစ်ဖ်ဆီကနေ ခရစ်စမတ်မီးအလှဆင်ထားတဲာကို ကြိုက်ပြီး တစ်ခုခုပြန်ပေးချင်ကြောင်းနဲ့ သူ့ရဲ့မွေးရပ်မြေက Our Community Hunger Centre မှာ လှူဒါန်းမှုလုပ်ပေးထားကြောင်း၊ ပျော်ရွှင်စရာအားလပ်ရက်ဖြစ်ပါစေ” ဆိုတဲ့ မက်ဆေ့လက်ခံရရှိခဲ့ပါတယ်။ ပေါ့ပ်ဘုရင်မတေလာဆွစ်ဖ်က ငွေကြေးအဆင်မပြေဖြစ်နေတဲ့သူတွေအတွက် မကြာခဏလှူဒါန်းပေးလေ့ရှိပါတယ်။

Ref: CBSNews “Taylor Swift donates $13,000 to two mothers struggling to pay bills during pandemic”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top