လက်ကျန်ဘဝမှာ မနက်ဖြန်ထဲက ရစရာ

life-word-on-the-sea-LRNMUBW.jpg

Life word on the sea sand. Conceptual nature design.

(၁)

ဂျော့ရှ်ဆိုတဲ့ ခပ်ပေပေ၊ ခပ်ထွေထွေလူငယ်တစ်ယောက်ဟာ တောင်ကုန်း အတက်အဆင်းတစ်ခုမှာ မျက်နှာချင်းဆိုင် ရှောင် လိုက်ရတဲ့ သူ့ သူငယ်ချင်းကို စကားတစ်ခွန်း ပြောလိုက်တယ်။

‘အမှန်တရားကို ရအောင်ရှာ၊ တွေ့တဲ့ နေရာမှာ မင်းနဲ့ငါ ပြန်ဆုံကြတာပေါ့’။

အဲဒီလိုပြောပြီး သိပ်မကြာခင်ပဲ ဂျော့ရှ်ဟာ ရေကန်ကြီးတစ်ခုထဲ ခုန်ချပြီး လူ့လောကထဲကနေ အပြီးပိုင် နှုတ်ဆက်ထွက် ခွာသွားပါတယ်။ အမှောင်ထု တစ်ခုရဲ့အောက် ရေလှိုင်းတွေကြားမှာ ရှင်သန်ခြင်း ရပ်ဆိုင်သွားရတဲ့ ဂျော့ရှ်ရဲ့အဖြစ်ဟာ ကျန်ခဲ့သူ သူငယ်ချင်းမာ့ခ်အတွက်တော့ တကယ့်ကို မယုံနိုင်စရာပါ။ (ဒီအကြောင်းအရာဟာ စာရေးဆရာ ချမ်းမြေ့ဝင်း ဘာသာပြန်တဲ့ ဂရုမစိုက်ခြင်း အနုပညာထဲက ဖြစ်ပါတယ်)။

အဲဒီ အဖြစ်အပျက်လေးလိုပါပဲ။ တစ်ခါတရံ ‘သေဆုံးခြင်း’ ဆိုတဲ့ အမှန်တရားဟာ ကျွန်တော်တို့ ထင်မှတ်မထားချိန်မှာ ထင်မှတ်မထားတဲ့ နေရာကနေလည်း ချိန်းဆိုထားခြင်း မရှိဘဲ ရောက်လာတတ်ပါသေးတယ်။

ဒီလိုဆိုရင် မရေရာမှုတွေ၊ မသေချာမှုတွေနဲ့ ဒီလောကထဲ ကျွန်တော်တို့တွေ ဘာလုပ်ဖို့ရောက်လာကြတာလဲ။ ကျွန်တော် တို့ဆီ သေသေချာချာရောက်လာမယ့် အိမ်ပြန်ခရီး မနီးခင်မှာ လောကအတွက် ဘာတွေချန်ထားခဲ့ပြီး ဘယ်လိုအရာတွေ ပြန်ယူသွားရမလဲ။ကျွန်တော်တို့တွေရဲ့ လက်ကျန်ဘဝမှာ မနက်ဖြန်တွေဆီကနေ ဘာ ရစရာကျန်သေးလဲဆိုတာ တွေးကြည့်မိတာပါ။

(၂)

သေခြင်းတရားက တံခါးလာမခေါက်ခင် ကိုယ့်ရဲ့ရှင်သန်ခွင့် အချိန်လေးမှာ ကျေနပ် ပျော်ရွှင်စွာ ကုန်လွန်ဖြတ်သန်းနိုင်ဖို့ ‘ဘဝ’ ကို ပုံစံအမျိုးမျိုး အဓိပ္ပာယ်ဖွင့်ကြတယ်။ ‘ဘဝဆိုတာ တိုက်ပွဲတစ်ခု’၊ ‘ဘဝဆိုတာ ရုန်းကန်ခြင်း’၊ ‘ဘဝဟာ ပန်းလေးတစ်ပွင့်’၊ ‘ဘဝဟာ ချစ်ခြင်းမေတ္တာ’၊ ‘ဘဝဟာ အသေခံဗုံးခွဲခြင်း’၊ ‘ဘဝဆိုတာ ခွင့်လွှတ်ခြင်း’ …စသဖြင့် ရှုမြင်မှုအမျိုးမျိုးနဲ့ လောကလူသားတွေ ဖြတ်သန်းနေကြတာပေါ့။

ကိုယ့်အဓိပ္ပာယ်၊ ကိုယ့်ဖြစ်တည်မှုနဲ့ကိုယ် ဖြတ်သန်းနေကြတဲ့ ဘဝခရီးသွားတွေအားလုံးအတွက် သေချာတာတစ်ခုက ဘဝဆိုတာ မွေးဖွားခြင်းနဲ့ သေဆုံးခြင်းကြားမှာရှိနေတဲ့ အခိုက်အတန့်လေး တစ်ခု ဆိုတာပါ။ သေခြင်းတရားဆီက စီရင်ချက်ဟာ ဘယ်နေ့၊ ဘယ်အချိန် ဆင့်ခေါ်စာ ကျရောက်လာမလဲဆိုတာလည်း မသိနိုင်ပြန်ပါဘူး။

မနေ့တစ်နေ့ကမှ မအောင်မြင်တဲ့လူငယ်ဘဝတွေအကြောင်း လက်ဘက်ရည်ဆိုင်မှာ စကားလက်ဆုံပြောဖြစ်ခဲ့တဲ့ သူငယ်ချင်းက အက်ဆီးဒင့်ဖြစ်ပြီး ရုတ်တရက် နှုတ်ဆက်သွားတာမျိုး၊ အသိ မိတ်ဆွေတချို့ရဲ့ နာရေးသတင်းတွေ မကြာခဏ ကြားလာရ တာမျိုးတွေ ကြုံလာတဲ့အချိန်မှာ ဆွံ့အ တုန်လှုပ်မှုတချို့ ခံစား လာရတယ်။

အသက်အရွယ်အရ၊ အတွေ့အကြုံအရ ဘဝတစ်ခု ဖြစ်တည်မှုရဲ့ မရေရာခြင်းကို နားလည်သလိုလိုရှိလာပြီး သေခြင်းတရားဟာ ကိုယ်နဲ့ သက်ဆိုင်လာတယ်လို့ ခံစားမိတဲ့အချိန်မှာ ခေါင်းထဲဝင်လာတာက လက်ကျန်ဘဝမှာ အရေးမကြီးတာတွေနဲ့ အရေးကြီး မနေဖို့ဆိုတဲ့ကိစ္စပါပဲ။

(၃)

မီးပွိုင့်မှာ ဟွန်းသံ တညံညံတီး၊ ရှေ့ကားကို ဒေါသတကြီး အော်ဟစ်ဆဲဆိုပြီး ကျော်တက်ဖို့ အရေးကြီးနေသူတွေ၊ နောက်ဆုံးပေါ် တံဆိပ်၊ နောက်ဆုံးပေါ် ဖက်ရှင်နဲ့ နောက်ဆုံးပေါ် ရမ္မက် ဆန္ဒတွေရရှိဖို့ အပြေးအလွှား လိုက်နေပြေးနေရသူတွေ၊ တစ်ပါး သူရဲ့ နစ်နာချက်ကို ထည့်မတွက်ဘဲ ကိုယ်ချင်းစာတရား မရှိတော့လောက်အောင် မတော်လောဘ ကိုယ့်အတ္တနဲ့ ကိုယ်ရဖို့ပဲ ထည့်တွက်နေကြသူတွေ …။ စတဲ့စတဲ့ ပြင်းပြပူလောင်မှုတွေနဲ့ ခရီးဆက်နေကြသူတွေရဲ့ အဖြစ်ကို ကြည့်လိုက်ရင် ရေပွက်ပမာ တိုတောင်းလှတဲ့ ဘဝခရီးမှာ သူတို့တွေ အပူတပြင်း လုပ်ဆောင်နေတဲ့အရာတွေဟာ တကယ်ရော အရေးကြီးပြီး အရေးပါနေသလား တွေးချင်စရာပါ။

တစ်ခါတရံ ဘာမဟုတ်တဲ့ အရာတချို့အတွက် ကျွန်တော်တို့ တွေ ပေးဆပ်လိုက်ရတဲ့ လောဘ၊ ဒေါသ၊ မာန်မာနနဲ့ အချိန်တွေ၊ ဘဝတွေဟာ နှမျောစရာကောင်းလှပါတယ်။ ဒီအတွက် မနက်ဖြန်ထဲက ဘဝခရီးမှာ အရေးမကြီးတာတွေ၊ အရေးမပါ တာတွေကို လွှတ်ချခဲ့လိုက်ဖို့ပါပဲ။ ရခဲသလောက် တိုတောင်းလှပါတယ်ဆိုတဲ့ဘဝဟာ စားဝတ် နေရေးနဲ့ ရမ္မက်ဆန္ဒတွေနောက် လိုက်ရင်း အချိန်ကုန်နေဖို့ မဟုတ်ပါဘူး။ ဖြတ်သန်းရမယ့် ဘဝခရီးမှာ ငွေကြေး၊ စားဝတ် နေရေး၊ ရမ္မက်ဆန္ဒတွေထက် ပိုအရေးကြီးတဲ့အရာတွေ ရှိနေပါသေးတယ်။

(၄)

ဘဝခရီး တိုတိုလေးမှာ အရေးမကြီး၊ အရေးမပါတဲ့အရာတွေကို စွန့်ထားခဲ့ပြီးတဲ့နောက်မှာတော့ ကိုယ့်ဘဝအတွက် အမှန်တကယ် အကျိုးရှိပြီး အပြစ်ကင်းတဲ့ အလုပ်တွေကို တရားနည်း လမ်းတကျ လုပ်ဆောင်သွားကြဖို့ပါ။ လူတိုင်းလူတိုင်း ဘဝမှာ မအောင်မြင်ချင်တဲ့သူ၊ မကြီးပွား ချင်တဲ့သူရယ်လို့တော့ မရှိပါဘူး။ ဒါပေမဲ့ ဘဝခရီးလမ်း လျှောက်လှမ်းတဲ့အခါမှာ ကိုယ့်ဘဝ တိုးတက်ကြီးပွားဖို့ သက်သက်အတွက် သူတစ်ပါးရဲ့ ဘဝကို နင်းချေ ဖြတ်လျှောက်မသွားဖို့တော့ လိုပါတယ်။

ကိုယ်ရဲ့ ပြုမူဆောင်ရွက်မှုတစ်ခုခုက ကိုယ့်အတွက်ကောင်း ကျိုးဖြစ်စေသလို ကိုယ့်လုပ်ရပ်ကြောင့် တစ်ဘက်သားအပေါ်ကိုလည်း ထိခိုက်နစ်နာမှုမရှိဘဲ အပြစ်ကင်းနေတယ်ဆိုရင် ဒါ လုပ်ဆောင်သင့် လုပ်ဆောင်ထိုက်တဲ့အရာပါ။ ကျွန်တော်တို့ ဗုဒ္ဓဘာသာမှာ ဒါကို ကုသိုလ်ကောင်းမှုလို့ ခေါ်ဆိုပါတယ်။ ‘အပြစ်ကင်းပ၊ ကောင်းကျိုးရ၊ ပုညကုသိုလ် ကောင်းမှုဆို’ ဆိုတဲ့ စကားအတိုင်း ရှင်သန်ခွင့် ရနေဆဲ အခိုက်အတန့်မှာ မိမိ၊ သူတစ်ပါး နှစ်ဦးသားအတွက် အကျိုးရှိ၊ အပြစ်ကင်းတဲ့အလုပ်တွေ လုပ်နိုင်သမျှ လုပ်ကိုင်ဆောင်ရွက်သွားကြဖို့ ဆိုလို ရင်းပါပဲ။

ကျေးဇူးတော်ရှင် ပါမောက္ခချုပ်ဆရာတော်ကြီးကတော့ လူဖြစ်လာပြီးတဲ့နောက် ကုသိုလ်ကောင်းမှုအလုပ်တွေမှာ မေ့လျော့နေတဲ့ ပုဂ္ဂိုလ်တွေအတွက် အပါယ်လေးဘုံဟာ ကိုယ့်အိမ်နဲ့ အလားတူတဲ့အကြောင်း၊ ကုသိုလ်ကောင်းမှုတွေကို စုဆောင်းထားခြင်းကသာလျှင် ချမ်းသာခြင်းရဲ့ အကြောင်းတရားဖြစ်ပြီး ဘဝခရီးကို သက်သက်သာသာ လျှောက်လှမ်းချင်တယ်ဆိုရင် ကုသိုလ်အလုပ်တွေ စုဆောင်း မြှုပ်နှံထားဖို့ လိုအပ်ကြောင်း ဟောကြား ဆုံးမထားပါတယ်။

ကုသိုလ်ကောင်းမှုနဲ့ ဆန့်ကျင်ဘက်ဖြစ်တဲ့ မကောင်းမှု အကုသိုလ်အလုပ်တွေကို ရှောင်ကြဉ်ခြင်းအားဖြင့်လည်း အပြစ်ကင်းပြီး လိပ်ပြာလုံတဲ့ဘဝကို ရရှိနိုင်မှာ ဖြစ်ပါတယ်။ ဒါမှသာ ရှင်သန်ချိန် ခဏလေးများမှာ လူဖြစ်ရကျိုးနပ်တဲ့ ဘဝတွေကို ဖန်တီး ပိုင်ဆိုင်နိုင်ကြမှာပါ။

(၅)

ရေပွက်ပမာ လူ့ဘဝထဲ ရောက်လာကြတဲ့ ခဏတာ ဧည့်သည်တွေအနေနဲ့ နောက်ထပ် အလေးအနက်ထား စဉ်းစားသင့်တာ တစ်ခု ရှိပါသေးတယ်။ လောကထဲ လူသားတစ်ယောက်အဖြစ် ရောက်ရှိလာပြီးတဲ့နောက် ကိုယ်ဟာ လောကကောင်းကျိုး၊ လူသားကောင်းကျိုး အတွက် ဘယ်လောက်ထိ ပါဝင်ထမ်းရွက်ခဲ့ဖူးပြီလဲဆိုတာပါ။ လူဟာ တစ်ယောက်တည်းရှင်သန်လို့ရတဲ့ သတ္တဝါမဟုတ်ပါဘူး။ ဘဝတစ်ခု စတင်ရာကနေ အရွယ်ရောက် လူလားမြောက်တဲ့အချိန်ထိ လူမှုပတ်ဝန်းကျင်ကို အပြန်အလှန် မှီခို ရှင်သန် ရပ်တည်နေရတာဖြစ်ပါတယ်။ ကိုယ် ရှင်သန်နေရတဲ့လောကဟာ ကိုယ့်အပေါ် ကျေးဇူးရှိတဲ့ ပတ်ဝန်းကျင်ဖြစ်တာကြောင့် ကိုယ့်ဘဝကိုယ် အလေးထားတယ်ဆိုရင် လောကကိုလည်း အလေးထားဖို့ လိုအပ်ပါတယ်။ လောကကို အလေးထားပြီး၊ လောက ကောင်းကျိုးအတွက် စွမ်းနိုင်သလောက်လေးတော့ ပြန်ပေးဆပ် သွားသင့်တယ်ဆိုတဲ့စိတ်လေး ထားရှိဖို့ပါ။

တစ်ဦးနဲ့တစ်ဦး၊ တစ်မိသားစုနဲ့တစ်မိသားစု၊ လူ့အဖွဲ့အစည်း တစ်ခုနဲ့တစ်ခု အပြန်အလှန် မှီခိုကျေးဇူးပြုရင်း ကိုယ်ချင်းစာ မေတ္တာတရားနဲ့ လူမှုအကျိုးပြု၊ ပရဟိတအလုပ်တွေ လုပ်ဆောင် မြှင့်တင်သွားနိုင်မှလည်း ပိုကောင်းတဲ့ လောကကမ္ဘာတစ်ခု ဖြစ်တည်လာမှာ ဖြစ်ပါတယ်။ကိုယ်ဟာ သုံးမကုန်၊ ဖြုန်းမကုန်နိုင်တဲ့ ကမ္ဘာကျော် သူဌေးကြီး၊ လုပ်ငန်းရှင်ကြီး တစ်ယောက် မဟုတ်ဘူးဆိုရင်တောင် ရေကြည်လေး တစ်ပေါက်၊ ပေါင်မုန့်လေးတစ်ဖဲ့လောက်ဖြစ်ဖြစ်နဲ့ ကိုယ့်ထက် နွမ်းပါး နိမ့်ကျသူတွေအပေါ် စာနာ ဖေးမစိတ်လေး မွေးနိုင်ဖို့ပါ။

(၆)

အထက်မှာ ဆိုခဲ့သလိုပါပဲ။ လူဟာ စတင်မွေးဖွားပြီဆိုတဲ့အချိန်ကတည်းက သေခြင်းတရားက ကပ်ပြီး ပါလာခဲ့ပြီးသားပါ။ ကျွန်တော်တို့တွေဟာ ကိုယ့်ရဲ့ လိုအင်ဆန္ဒနဲ့ အတ္တ၊ မာန၊ အောင်မြင်မှု၊ ကျော်ကြားမှုတွေနောက် အမောတကောလိုက်နေရလို့သာ သေခြင်းတရားအကြောင်း စဉ်း စားဖို့ မေ့လျော့နေကြတာ မဟုတ်ပါလား။ တကယ်လို့ ကိုယ်သောက်လက်စ လက်ဘက်ရည်ခွက်လေး ထဲမှာပဲဖြစ်ဖြစ်၊ လျှောက်လှမ်းနေဆဲ ခရီးလမ်းခုလတ် တစ်နေရာမှာပဲဖြစ်ဖြစ် သေခြင်းတရားက အချိန်မရွေး စောင့်ကြည့်နေတယ်လို့ နားလည်လာပြီဆိုရင် လက်ကျန်ဘဝအတွက် ဘဝနေထိုင် မှုပုံစံဟာလည်း ပြောင်းလဲကောင်း ပြောင်းလဲလာပါလိမ့်မယ်။

ဥပမာအားဖြင့် ကုမရတော့တဲ့ ရောဂါဝေဒနာဆိုး တစ်ခုခုနဲ့ နောက် ခြောက်လလောက်မှာ လူ့လောကထဲက ထွက်ခွာသွားရ ဖို့ သေချာနေသူတစ်ဦးနဲ့ အကြီးမားဆုံး အောင်မြင်မှု၊ လက်ခုပ်သံတွေ ရရှိနေဆဲလူတစ်ဦး ဘဝနဲ့ သေခြင်းတရားအပေါ် ရှုမြင်၊ နားလည်ပုံချင်း မတူသလိုပါပဲ။ လက်ကျန်ဘဝထဲမှာ မနက်ဖြန်ထဲက ရစရာရှိတဲ့ ဘဝအဓိာပ္ပယ် အစစ်အမှန်ကို ရှာဖွေရင်း တကယ်လို့ လောကထဲက ထွက်သွားလို့ ကျန်ခဲ့သူတွေက ကိုယ့်ကို အမှတ်ရနေမယ်ဆိုရင်လည်း ချစ်ခြင်းတရားတွေနဲ့သာ အမှတ်ရနေကြပါစေလို့ ….သာ။

မိုးအောင်လင်းနိုင် (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top