နိမ့်ကျလာတဲ့ ကောင်းကင်ကြီးကို ပခုံးနဲ့ ထမ်းတင်ပေးခဲ့သူ သို့မဟုတ် ကျောင်းဆရာ ပီတာ

edit01.jpg

တစ်ကျောင်းလုံးပေါင်းမှ ကွန်ပျူတာတစ်လုံးပဲရှိရတဲ့အထဲ အင်တာနက်လိုင်း ခဏခဏကျနေသေးတယ်။ ကျောင်းသား-ဆရာ အချိုးကျ ပြန်တော့ လည်း ၅၈း၁။ ကျောင်းသား ၅၈ ယောက်ကို ဆရာတစ်ယောက်ပဲ သင်ကြားရတဲ့နှုန်း။ ကျောင်းသား ၉၅ ရာခိုင်နှုန်းက ဆင်းရဲသား မိသားစုတွေကနေ ပေါက်ဖွားလာသူတွေချည်းပဲ။ တချို့ဆိုရင် ကျောင်းရောက်ဖို့ ၄ မိုင်ခွဲလောက် လမ်းလျှောက်ရသေးတယ်။ မိုးတွင်းဆိုရင် အဲဒီလမ်းတွေက လျှောက်လို့မရတော့ဘူး။ ဘက်ပေါင်းစုံမှာ နိမ့်ကျနေတဲ့ အဲဒီလိုကျောင်းမျိုးက ကင်ညာနိုင်ငံရဲ့ အကောင်းဆုံးကျောင်း တွေ ကို ကျော်ဖြတ်ပြီး သိပ္ပံနဲ့ အင်ဂျင်နီယာပြပွဲမှာ ဆုရဖို့ဆိုတာ အိပ်မက်ထဲတောင် မမက်ရဲခဲ့ကြဘူး။ မမက်ရဲတဲ့ အိပ်မက်တွေကို လက် တွေ့ဖန်ဆင်းခဲ့သူက ပီတာတာဘီချီ။

ကျောင်းဆရာမျိုးရိုးက လာတဲ့သူ။ သူ့အဖေ၊ သူ့ဦးလေး၊ သူ့ညီအစ်ကိုတွေအားလုံး ကျောင်းဆရာတွေချည်းပဲ။ သူတို့ကို အားကျတဲ့ ပီတာက အီဂါတန်တက္ကသိုလ်ကနေ ဘွဲ့ရတော့ ကျောင်းဆရာအလုပ်ကို ရွေးချယ်လိုက်တယ်။ ၂၀၁၅ ခုနှစ်မှာ ကီရီကိုအလယ်တန်း နှစ်ချိန်ကျောင်းကို ရောက်လာခဲ့တယ်။ ကျောင်းကို သူ ရောက်စတုန်းက ကျောင်းသား ၅၀၀၊ ဆရာ ၇ ယောက်ဆိုတော့ ကျောင်းသား-ဆရာအချိုးက ၇၀-၁ ရှိ တယ်။ ကျောင်းဆရာသစ် ပီတာက ပါရမီရှင် မြေထောင်မြှောက်ပေးရေးတန်းခွဲ ဖွင့်တယ်။ နောက်ပိုင်းမှာ သူ့တပည့်တွေကို သိပ္ပံပညာနဲ့ နီး စပ်စေဖို့ သိပ္ပံတန်းခွဲပါ ဖွင့်လိုက်တယ်။ သိပ္ပံတန်းခွဲဖွင့်ပေမဲ့ ကျောင်းမှာ အင်တာနက်မရတော့ အင်တာနက်ကဖီးကိုသွား၊ သိပ္ပံသင်ခန်းစာ တွေ ဒေါင်းလုတ်ဆွဲပြီး သင်ရတာပေါ့။

ကျောင်းသားများပြီး ဆရာနည်းလို့ ကီရီကိုကျောင်းက ဆရာတွေအားလုံး အလုပ်များကြတယ်။ ပီတာကတော့ စာသင်ချိန် တစ်ပတ်ဆိုရင် သင်ခန်းစာ ၃၃ ခု သင်ပေးတယ်။ ပိတ်ရက်တွေလည်း မနားဘူး။ စာမလိုက်နိုင်တဲ့ ကျောင်းသား၊ ကျောင်းသူတွေကို အချိန်ပိုခေါ်သင် ပေး တယ်။ ပိတ်ရက်တွေတင်မဟုတ်ဘဲ ကျောင်းဖွင့်ရက်တွေမှာလည်း မနက် ၇ နာရီကနေ ၈ နာရီအထိ အချိန်ပိုသင်ပေးတယ်။ ကျောင်း သား တွေနဲ့ လုံးပန်းနေရတဲ့ ပီတာက အားလပ်ချိန်ရရင်လည်း နားနားနေနေ မနေပါဘူး။ ကျောင်းထုတ်ခံရနိုင်ခြေရှိတဲ့ တပည့်တွေရဲ့ မိသားစုတွေ ကို သွားတွေ့ပြီး ပညာရေးရဲ့တန်ဖိုးတွေအကြောင်း နားဝင်အောင် ရှင်းပြပေးပါတယ်။

အဲဒီဒေသမှာ သမီးမိန်းကလေး မွေးထားသူတွေက သူတို့သမီးတွေကို ငယ်ငယ်ရွယ်ရွယ်နဲ့ အိမ်ထောင်ချပေးလေ့ရှိပါတယ်။ ဒီတော့ အသက် ငယ်ငယ်နဲ့ ကိုယ်ဝန်ဆောင်ရသူ များနေတာပေါ့။ ပီတာက သူတို့ရဲ့ အတွေးအမြင်၊ အယူအဆတွေကို ပြောင်းလဲအောင် တတ်နိုင်သလောက် ကြိုးစားခဲ့ပါတယ်။ နိမ့်ကျလာတဲ့ ကောင်းကင်ကြီးကို ပခုံးနဲ့ ထမ်းတင်ပေးနိုင်သူကို ပြပါဆိုရင်တော့ ပီတာကိုပဲ ပြရမှာပါ။ သူရလာတဲ့ လစာ ငွေရဲ့ ၈၀ ရာခိုင်နှုန်းကိုသုံးပြီး ကျောင်းသား၊ ကျောင်းသူတွေရဲ့ လိုအပ်ချက်အတွက် ဖြည့်ဆည်းပေးခဲ့ပါတယ်။ သူ့ရဲ့လှူဒါန်းမှုကြောင့် ကီရီကို ကျောင်းမှာ စာသင်ခန်းသစ်တွေ တည်ဆောက်နိုင်ခဲ့ပါတယ်။

သူကိုယ်တိုင်လည်း ဆင်းရဲတဲ့ မိသားစုကနေ မွေးဖွားလာလို့ ဆင်းရဲသားတွေအပေါ် ကိုယ်ချင်းစာတရားရှိတဲ့ ပီတာဟာ အချိန်ရတဲ့အခါတိုင်း သူတို့ပတ်ဝန်းကျင်မှာ နေထိုင်သူတွေရဲ့ အခက်အခဲတွေကို ကူညီဖြေရှင်းပေးခဲ့ပါတယ်။ အဲဒီဒေသဟာ ၃၊ ၄ နှစ် တစ်ခါ အငတ်ဘေး ဆိုက် နေ ကျပါ။ ဒီတော့ အငတ်ဘေးကို တွန်းလှန်နိုင်မယ့် ကောက်ပဲသီးနှံတွေ ဘယ်လိုစိုက်ရမလဲဆိုတာ ဒေသခံတွေကို လမ်းပြပေး ပါတယ်။ ”အစားအစာမဖူလုံမှုက အဓိကပြဿနာပဲ။ အဲဒီအတွက် စိုက်ပျိုးရေးနည်းလမ်းသစ်တွေ သင်ကြားပေးရေးက သေရေး၊ ရှင်ရေးကိစ္စပါ”လို့ ပီတာက ပြောဖူးပါတယ်။

ကျောင်းဆရာလေး ပီတာဟာ ငြိမ်းချမ်းရေးလုပ်ငန်းတွေမှာလည်း လက်မနှေးခဲ့သူပါ။ ၂၀၀၇ ခုနှစ် သမ္မတရွေးကောက်ပွဲအပြီးမှာ တောင် ကြားဒေသကို ဝါးမျိုခဲ့တဲ့ မျိုးနွယ်စုဆိုင်ရာ အကြမ်းဖက်မှုတွေကြောင့် နာကူရူကောင်တီမှာ လူတော်တော်များများ သေခဲ့ကြတယ်။ ပီတာ ဟာ ငြိမ်းချမ်းရေးတန်းခွဲ စတင်ပြီး သူ့ကျောင်းမှာ ပညာသင်ကြားနေတဲ့ မျိုးနွယ် ၇ ခု စည်းလုံးညီညွတ်အောင် ကြိုးပမ်းခဲ့ပါတယ်။ ငြိမ်းချမ်း ရေးတန်းခွဲမှာ ကျောင်းသား၊ ကျောင်းသူတွေက ရာသီဥတု ပြောင်းလဲမှုပြဿနာကို တိုက်ဖျက်ရာမှာ တစ်တပ်တစ်အား ပါဝင်တဲ့အနေနဲ့ သစ်ပင်တွေ စိုက်ပျိုးခဲ့ကြပါတယ်။ ပီတာ ပေးချင်တဲ့ မက်ဆေ့ဟာ ကျောင်းသား၊ ကျောင်းသူတွေထံကနေတစ်ဆင့် သူတို့ရဲ့မိသားစုအထိ ရောက်ရှိသွားပြီး ကျောင်းသားမိဘတွေကပါ သစ်ပင်တွေ စိုက်ခဲ့ကြပါတယ်။

သိပ္ပံတန်းခွဲမှာ ကျောင်းသား၊ ကျောင်းသူတွေ တက်တက်ကြွကြွ လှုပ်ရှားနေတာမြင်တော့ ပီတာလည်း ကြည်နူးပီတိဖြစ်ရတာပေါ့။ တဖြည်းဖြည်းနဲ့ သူ့ ကြိုးပမ်းမှုရဲ့ အသီးအပွင့်တွေကို မြင်လာရတယ်။ ၂၀၁၇ ခုနှစ် ဇွန်လက ကျင်းပခဲ့တဲ့ ကင်ညာနိုင်ငံ သိပ္ပံနဲ့ အင်ဂျင်နီယာ ပြပွဲရဲ့ ဓာတုဗေဒပြိုင်ပွဲမှာ ကီရီကိုကျောင်းက WAKA CELL ကို ဖန်တီးပြီး ပထမဆု ဆွတ်ခူးခဲ့တယ်။ ပြိုင်ပွဲဝင် ၂ ယောက်ရဲ့ နာမည် (WAmbui and KAnini)ကို အစွဲပြုပြီး WAKA လို့ အမည်ပေးခဲ့တာပါ။ နာနတ်လျှော်ပင်ရဲ့ အစေးကို လျှပ်လိုက်ပျော်ရည်၊ ဇင့်အိုးနဲ့ ဂရက်ဖိုက် ချောင်းကို လျှပ်စစ်အဖို(electrode)၊ potassium dichromate ကို ဓာတ်တိုးပစ္စည်းအဖြစ် အသုံးပြုပြီး ဖန်တီးထားတဲ့ ဘက်ထရီ အိုးနဲ့ ဆုခဲ့ရတာပါ။

၂၀၁၈ ခုနှစ် မတ်လမှာ ကျင်းပခဲ့တဲ့ ၅၆ ကြိမ်မြောက် ကင်ညာသိပ္ပံနဲ့ အင်ဂျင်နီယာပြပွဲမှာလည်း ကီရီကိုကျောင်းက သချင်္ာပြိုင်ပွဲမှာ အကောင်းဆုံးဆုရခဲ့ပါတယ်။ အမြင်အာရုံ၊ အကြားအာရုံ ချို့တဲ့သူတွေအတွက် အရာဝတ္တုတွေကို တိုင်းတာနိုင်မယ့် ကိရိယာတီထွင်ပြီး ဆုရခဲ့တာပါ။ ကီရီကိုကျောင်းက သချင်္ာသိပ္ပံအဖွဲ့ဟာ အမေရိကန်နိုင်ငံ၊ အရီဇိုးနားပြည်နယ်မှာ ကျင်းပခဲ့တဲ့ INTEL International Science and Engineering Fair 2019 ပြိုင်ပွဲမှာလည်း ပါဝင်ယှဉ်ပြိုင်ခွင့် ရရှိခဲ့ပါတယ်။

စေတနာ၊ ဝါသနာ၊ အနစ်နာ နာ(၃)နာနဲ့ ပြည့်စုံပြီး တစ်ကမ္ဘာလုံးအတွက် စံပြဆရာဖြစ်နေတဲ့ ပီတာကို ယူအေအီးနိုင်ငံအခြေစိုက် Varkey Foundation ကနေ ၂၀၁၉ ခုနှစ်အတွက် ကမ္ဘာ့အကောင်းဆုံးကျောင်းဆရာဆု ချီးမြှင့်ခဲ့ပါတယ်။ ပီတာဟာ ဆုကြေးငွေအဖြစ် ရရှိခဲ့တဲ့ အမေရိကန်ဒေါ်လာ တစ်သန်းကို အသုံးပြုပြီး လူ့အဖွဲ့အစည်းအတွက် ပြန်ပေးဆပ်ဖို့၊ သိပ္ပံနည်းပညာဆိုင်ရာ အင်ဂျင်နီယာဘာသာရပ်နဲ့ သင်္ချာဘာသာရပ်ကို အားပေးအားမြှောက်လုပ်ဖို့ လှုပ်ရှားနေပါပြီ။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top