(၇၆) ရက်အတွင်း နော်ဝေမှကနေဒါအထိ မိုင်ပေါင်း (၂၇၀၀) အား လမ်းလျှောက်သွားခဲ့သော အာတိတ်မြေခွေးလေး

WA7AZ7CMZZDNHL34WL3YFJPIPI.jpg

ပထမတုန်းကတော့ သိပ္ပံပညာရှင်များက ဒါဟာ မဖြစ်နိုင်ဘူး၊ အချက်အလက်တစ်ခုခုမှားနေတာပဲလို့ တွေးထင်ကြပါတယ်။

နော်ဝေက ကျွန်းတစ်ကျွန်းဖြစ်တဲ့ Spitsbergen မှ စွန့်ခွာပြီး (၂၁) ရက်အကြာမှာတင် အာတိတ်မြေခွေးလေးဟာ Greenland ကို ရောက်ရှိခဲ့ပါတယ်။ ပြီးတော့ (၃) လအတွင်းမှာတင် ကနေဒါနိုင်ငံအထိရောက်ရှိခဲ့ပါတယ်။ ဒါဟာ တစ်ရက်ကို ပျမ်းမျှအားဖြင့် မိုင် (၃၀) ခန့် သွားလာခဲ့ခြင်းဖြစ်ပြီး အချို့ရက်တွေမှာဆိုရင် သူဟာ မိုင် (၁၀၀) ခန့်အထိ လမ်းလျှောက်သွားလာခဲ့ခြင်းဖြစ်ပါတယ်။

သူသွားနေတာကို ကွန်ပြူတာမော်နီတာကတစ်ဆင့်ကြည့်ရှုနေစဉ်မှာ ဒါဟာဖြစ်ကောဖြစ်နိုင်ပါ့မလားလို့ သိပ္ပံပညာရှင်များက သံသယဝင်ခဲ့ကြပါတယ်။ အချက်အလက်များမှာ တစ်ခုခုများလွဲနေပြီလို့ ထင်ခဲ့ကြပါတယ်။ ဒါပေမယ့် ဒီမြေခွေးမလေး ဆက်လက်သွားလာနေတာကိုတွေ့မြင်ခဲ့ရပြီး ဒီအချက်အလက်များဟာအမှန်ပဲလို့ သိခဲ့ရပါတယ်။ အာတိတ်မြေခွေးများဟာ ဒီလို ညောင်းညာခြင်းမရှိ၊ ပြင်းထန်ခက်ခဲလှတဲ့ရာသီဥတုကို အံတု သွားလာတတ်ကြောင်း ပြီးခဲ့တဲ့နှစ်အတွင်းကပြုလုပ်ခဲ့တဲ့ စာတမ်းတစ်ခုအတွင်းမှာဖော်ပြပြီးဖြစ်ပါတယ်။

အခုလို ရှည်လျားတဲ့ ခရီးများသွားလာခြင်းဟာ အာတိတ်မြေခွေးများရဲ့အကျင့်တစ်ခုဖြစ်နိုင်

၁၈၀၀ ခုနှစ်များက အာတိတ်ဒေသတစ်လျှောက်စွန့်စားသွားလာသူတို့ဟာ တစ်ခါတစ်ရံ တိုက်ရဲ့ အခြားတစ်ဘက်မှာတွေ့မြင်ခဲ့ရတဲ့ မြေခွေးများကို သူတို့အခြားတိုက်ကြီးဆီရောက်တဲ့အခါမှာ ထပ်မံတွေ့မြင်ရတယ်ဆိုပြီးတော့ သံသယဝင်ခဲ့ဖူးပါတယ်။ ဒါဟာ သာမန်ဆင်တူတဲ့မြေခွေးများသာဖြစ်ပြီး တူညီတဲ့ မြေခွေးများ အခုလို တိုက်ကူးလာတာတော့မဖြစ်နိုင်ဘူးလို့ သုံးသပ်ခဲ့ကြဖူးပါတယ်။ ဒါပေမဲ့ အခု မြေခွေးတစ်ကောင်ကို ခေတ်ပေါ်နည်းပညာများနဲ့ လက်တွေ့ trace လိုက်တဲ့အချိန်မှာတော့ အဆိုပါ မြေခွေးမလေးဟာ မိုင်ပေါင်း (၂၇၀၀) ခန့်ကို (၃) လအတွင်းသွားခဲ့တာတွေ့မြင်ရတာကြောင့် အဆိုပါ ၁၈၀၀ ခုနှစ်များကစွန့်စားသွားလာသူတို့ တွေးထင်ခဲ့တဲ့မြေခွေးများဟာလည်း သူတို့ထင်သလို အတူတူပဲဖြစ်နေနိုင်ပါတယ်။

သုတေသီများဟာ ၂၀၁၈ ခုနှစ် ဂျူလိုင် (၁) ရက်နေ့တုန်းက အာတိတ်မြေခွေး အကောင် (၆၀) ခန့်ကို အခုလို ခြေရာခံတဲ့ကိရိယာလေးများတပ်ဆင်ကာ လေ့လာခဲ့ကြ

သုတေသီများဟာ ၂၀၁၈ ခုနှစ် ဂျူလိုင် (၁) ရက်နေ့တုန်းက အာတိတ်မြေခွေး အကောင် (၆၀) ခန့်ကို အခုလို ခြေရာခံတဲ့ကိရိယာလေးများတပ်ဆင်ကာ လေ့လာခဲ့ကြပါတယ်။ ဒီအထဲမှာမှ အခုမြေခွေးမလေးဟာ နော်ဝေကို စွန့်ခွာပြီးခရီးရှည်သွားတဲ့ တစ်ကောင်တည်းသောမြေခွေးလည်း ဖြစ်ပါတယ်။

ဒီမြေခွေးမလေးဟာ အစာရေစာရှားပါးလာတဲ့အတွက် နော်ဝေကိုစွန့်ခွာခဲ့ခြင်းဖြစ်နိုင်တယ်လို့ သုတေသီများက ယူဆထားကြပေမဲ့ အရမ်းကြီးတော့မသေချာပါဘူး။ နောက်ယောင်ခံတဲ့ကိရိယာလေးဟာ ပြီးခဲ့တဲ့ဖေဖော်ဝါရီတုန်းက အလုပ်လုပ်တာရပ်သွားတာကြောင့် အဆိုပါမြေခွေး ဘယ်ရောက်နေသလဲဆိုတာကို မသိရှိခဲ့ကြတော့ပါဘူး။ ဒါပေမဲ့ မကြာသေးခင်က ကနေဒါနိုင်ငံပိုင်ကျွန်းတစ်ကျွန်းဖြစ်တဲ့ Nunavut မှာ ပြန်လည်ထောက်လှမ်းရမိခဲ့ပါတယ်။

အခုလိုမျိုး ခရီးရှည်သွားလာတဲ့အခြားအာတိတ်မြေခွေးတစ်ကောင်ကိုလည်း ထောက်လှမ်းမိဖူးပါတယ်။ ဒါပေမဲ့ သူဟာ ဒီခရီးကို (၆) လခန့် ကြာအောင်သွားခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။ ဒါကြောင့် အခုလို ရှည်လျားတဲ့ ခရီးများသွားလာခြင်းဟာ အာတိတ်မြေခွေးများရဲ့ အကျင့်တစ်ခုဖြစ်နိုင်တယ်လို့ ယူဆနိုင်ပါတယ်။

ဒီအာတိတ်မြေခွေးများရဲ့ ခရီးရှည်သွားလာတတ်ခြင်းကို လူများ အံ့သြတကြီးစိတ်ဝင်စားနေတာ ကြာခဲ့ပြီဖြစ်ပါတယ်။ ၁၈၈၅ ခုနှစ်တုန်းက နော်ဝေလူမျိုး စွန့်စားသွားလာသူတစ်ဦးဖြစ်သူ Fridtjof Nansen က သူ့ရဲ့ မြောက်ဝင်ရိုးစွန်းစွန့်စားခရီးမှာ သူနော်ဝေနိုင်ငံမှာတွေ့မြင်လေ့ရှိတဲ့မြေခွေးတစ်ချို့ကို အာတိတ်ဒေသမှာ တွေ့မြင်ခဲ့ရပါတယ်။ ဒီမြေခွေးတွေဟာ ဒီလိုအရမ်းဝေးလံတဲ့နေရာမှာ ဘာလုပ်နေတာလဲ၊ လမ်းပျောက်ပြီးရောက်လာခြင်းလား၊ မကြာခင်မှာသေနိုင်လိမ့်မယ်လို့ သူကရေးသားခဲ့ဖူးပါတယ်။

ရေခဲပြင်များအတွင်း မိုင်ထောင်ချီတဲ့ခရီးသွားလာခြင်းဟာ အာတိတ်မြေခွေးများအတွက် ထူးဆန်းတဲ့အရာတစ်ခုတော့မဟုတ်ပါဘူး

ဒါပေမဲ့ အခုခေတ်သစ်လေ့လာမှုကတော့ Nansen ရဲ့ မေးခွန်းများကို အဖြေပေးလိုက်ပြီဖြစ်ပါတယ်။ အခုလို ရေခဲပြင်များအတွင်း မိုင်ထောင်ချီတဲ့ ခရီးသွားလာခြင်းဟာ အာတိတ်မြေခွေးများအတွက် ထူးဆန်းတဲ့ အရာတစ်ခုတော့မဟုတ်ပါဘူး။

အခုဆိုရင် ကမ္ဘာကြီးဟာ အတော်လေးပူနွေးလာပြီး ရေခဲပြင်များက တစ်နေ့တစ်ခြားဆတိုးပြီး အရည်ပျော်နေပြီဖြစ်ပါတယ်။ တစ်ချိန်မှာ အဆိုပါ ရေခဲပြင်များလုံးဝပျောက်ကွယ်သွားပြီဆိုရင် အဆိုပါ မြေခွေးများဟာလည်း သူတို့ရဲ့ အကျင့်ဖြစ်တဲ့ ဥရောပ – မြောက်အမေရိကခရီးစဉ်ကို သွားလာ နိုင်တော့မှာမဟုတ်ဘူးလို့တွေးမြင်ရခြင်းကတော့ ဝမ်းနည်းစရာတစ်ခုပဲဖြစ်ပါတယ်။

ဒီသတင်းကို ရိုးရာလေးရဲ့မိတ်ဖက် သိပ္ပံစာပေဝက်ဘ်ဆိုက် Curiosity မှာ ဖော်ပြထားတာဖြစ်ပါတယ်။

Ref: Curiosity
Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top