လူတွေအတွက် အူအတက်ဟာ အပိုအင်္ဂါအစိတ်အပိုင်းလား

51927965_403161927107220_8570254051122348032_o.jpg

လူသားတွေဟာ နှစ်သန်းနဲ့ချီပြီး ဆင့်ကဲပြောင်းလဲတိုးတက်လာခဲ့ကြတဲ့သတ္တဝါတွေဖြစ်ပါတယ်။ သစ်ပင်ပေါ်မှာနေထိုင်ခဲ့တဲ့ ရှေးခေတ်လူမျိုးနွယ်ရဲ့ အဆက်ကအနွှယ်အဖြစ် ကျွန်တော်တို့မှာ မြီးညှောင့်ရိုး ကြွင်းကျန်ရစ်ခဲ့သလို ပါးဟက်ပါတဲ့ ရှေးမျိုးရိုးတွေရဲ့လက်ဆင့်ကမ်းမှုအဖြစ် တချို့လူတွေရဲ့ နားရွက်အရှေ့ပိုင်းမှာ အပေါက်ငယ်တစ်ပေါက်ပါနေတတ်ပါတယ်။

တကယ်တော့ သက်ရှိဇီဝရုပ်တစ်ခုအတွက် အချိန်နဲ့အမျှ ရွေ့လျားဆင့်ကဲပြောင်းလဲမှုဟာ အစိတ်အပိုင်းများစွာဆက်စပ်ပါဝင်နေပြီး ခက်ခဲရှုပ်ထွေးလွန်းလှပါတယ်။ သက်ရှိသတ္တဝါတွေဟာ ဆင့်ကဲဖြစ်စဉ် (Evolution) အဆင့်ဆင့်ကို ဖြတ်သန်းလာခဲ့ကြရာမှာ ကိုယ်အင်္ဂါင်အစိတ်အပိုင်းတွေ ပြောင်းလဲတိုးတက်လာတာတွေရှိတာနဲ့အမျှ ဆုတ်ယုတ်လျော့ပါးသွားတာတွေလည်း ရှိခဲ့ကြပါတယ်။

သာဓကတစ်ခုအနေနဲ့ ရှေးအကျဆုံး ဝေလငါးတွေမှာ ခြေထောက်အစိတ်အပိုင်းတွေပါဝင်ခဲ့ပေမယ့် ဆင့်ကဲဖြစ်စဉ်အဆက်ဆက်မှာ ခြေထောက်တွေပျောက်ကွယ်သွားခဲ့ပြီး မျက်လုံးနဲ့ ပါးဟက်တွေကတော့ ဒီနေ့ခေတ်အထိ ထပ်တလဲလဲ ဆက်လက်ပါရှိမြဲဖြစ်ပါတယ်။ ဆိုလိုတာကတော့ ကျွန်တော်တို့ကိုယ်ခန္ဓာအစိတ်အပိုင်းတွေထဲမှာ ရှင်သန်နေထိုင်မှုအတွက်အသုံးမဝင်ဘူးဆိုတဲ့အရာတွေက ဆင့်ကဲဖြစ်စဉ်အရ အလိုလိုကွယ်ပျောက်သွားမှာဖြစ်သလို အကျိုးကျေးဇူးရှိစတဲ့အရာတွေဟာလည်း ပိုမိုတိုးတက်လာတဲ့သဘောပါပဲ။

ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ အူအတက်ရောင်၊ အူအတက်ပေါက်လို့ ဆေးရုံတက်ပြီး အူအတက်ဖြတ်ထုတ်လိုက်ရတဲ့ လူရင်းမိတ်ဆွေတွေကို တွေ့ဖူးကြမှာပါ။ ဒါဆို ကျွန်တော်တို့အတွက် အမြဲမေးခွန်းထုတ်စရာဖြစ်လေ့ရှိတဲ့ အူအတက်ဟာ လူ့ခန္ဓာကိုယ်အတွက် တကယ်ရောအသုံးဝင်ရဲ့လား။ အသုံးမဝင်တော့တဲ့ အပိုဒုက္ခတစ်ခုသာပဲ ဖြစ်နေသလား။ လူအတွက် ဘယ်လိုအကျိုးရှိနေလို့ ခန္ဓာကိုယ်အစိတ်ပိုင်းတစ်ခုအနေနဲ့ ပိုင်ဆိုင်ထားရသလဲဆိုတာ စူးစမ်းစရာဖြစ်လာပါတယ်။

Midwestern တက္ကသိုလ်ကနေ ထွက်ပေါ်လာတဲ့ သုတေသီတွေရဲ့ လေ့လာမှုရလဒ်က အူအတက်နဲ့ ပတ်သက်ပြီး လူတွေရဲ့အမြင်ကို ပြောင်းပြန်လှန်ပစ်ခဲ့ပါပြီ။ အူအတက်နဲ့ ဆက်နွှယ်ပြီး နို့တိုက်သတ္တဝါမျိုးစိတ်ပေါင်း ၅၃၃ မျိုးရဲ့ နှစ်သန်းပေါင်း ၁၁ သန်းအကြာ ဆင့်ကဲဖြစ်ပွားမှုအဆက်ဆက်ကို ပညာရှင်တွေက လေ့လာဆန်းစစ်ခဲ့ကြပါတယ်။

ဒီအခါမှာ အူအတက်တွေဟာ ဆင့်ကဲဖြစ်စဉ်မှာ ၂၉ ကြိမ်ကနေ ၄၁ ကြိမ်အထိ ကိုယ်အင်္ဂါအစိတ်အပိုင်းအနေနဲ့ ပြန်လည်ပါဝင်လာခဲ့သလို ပျောက်ကွယ်သွားဖူးတာက ၁၂ ကြိမ်သာ ရှိခဲ့ဖူးတယ်လို့ အဖြေထုတ်နိုင်ခဲ့ကြပါတယ်။ တကယ်တော့ အူအတက်ဟာ လူ့ခန္ဓာကိုယ်အတွက် ကိုယ်ခံအားစနစ်ကိုအထောက်အကူပြုပေးနေတဲ့ ကိုယ်အင်္ဂါအစိတ်အပိုင်းအနေနဲ့ တည်ရှိလာခဲ့တာပါ။ သူက အူလမ်းကြောင်းတွင်းက အကျိုးပြုဘက်တီးရီးယားပိုးတွေကို အားပေးကူညီထောက်ပံ့နေတာဖြစ်တယ်လို့ဆိုပါတယ်။ အူအတက်မရှိသူတွေဟာ ပကတိအတိုင်းအူအတက်ရှိတဲ့သူတွေထက် ဘက်တီးရီးယားပိုးကူးစက်ခံရနိုင်ခြေပိုများတယ်လို့ တခြားလေ့လာမှုတွေအရလည်း ကောက်ချက်ချထားကြပါတယ်။

နှစ်စဉ်တိုင်းမှာ အူအတက်ရောင်လို့ ဒုက္ခရောက်ရတဲ့လူနာတွေက လူတစ်သန်းမှာ လေးပုံတစ်ပုံလောက်အထိရှိနေတာကြောင့် အူအတက်ကိုဖြတ်ထုတ်ကုသနေကြရတာလည်း မျက်မြင်ပါပဲ။ အူအတက်မရှိတော့တဲ့အခါမှာ တခြားသောအစိတ်အပိုင်းတွေက ကိုယ်ခံအားစနစ်ကိုထောက်ပံ့ပေးဖို့ အလုပ်ပိုလုပ်ပေးလာရတယ်လို့ သိရပါတယ်။

Ref: Curiosity ” Your Appendix Actually Serves a Purpose ”
AI (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top