မြန်မာနိုင်ငံမှ ဘိန်းရာဇာ စစ်ဘုရင်မ သို့မဟုတ် Olive Yang

oliv.png

အာရှတိုက်ရဲ့ အကြီးဆုံးဘိန်းစိုက်ပျိုးထုတ်လုပ်ရာဒေသ( ၂) ခုထဲက ဒုတိယတစ်ခုဖြစ်တဲ့ နာမည်ကျော် ရွှေတြိဂံနယ်မြေကိုတော့ လူတိုင်းသိကြမှာပါ။ အာရှတိုက်မှာသာမက ကမ္ဘာ့အကြီးဆုံးဘိန်းဖြူထုတ်လုပ်ရာဒေသက အာဖဂန်နစ္စတန်နိုင်ငံက ရွှေလခြမ်းဒေသ (Golden Crescent) ဖြစ်ပြီး မြန်မာ၊ ထိုင်းနဲ့ လာအိုတို့ နယ်နမိတ်ချင်းထိစပ်နေတဲ့ ရွှေတြိဂံဒေသကတော့ ဒုတိယနေရာလိုက်ပါတယ်။

အခုဖော်ပြပေးသွားမှာကတော့ ရွှေတြိဂံဒေသတစ်လျှောက် လွှမ်းမိုးချုပ်ကိုင်နိုင်ခဲ့တဲ့ ဘိန်းဘုရင်မ အိုလစ်ဖ်ယန်း (Olive Yang) အကြောင်းဖြစ်ပြီး အိုလစ်ဖ်ယန်းဟာ CIA (Central Intelligence Agency) ရဲ့ ကူညီထောက်ပံ့မှုတွေနဲ့ လက်နက်ကိုင်တပ်ဖွဲ့ ထူထောင်ကာ ရွှေတြိဂံဒေသကို စိုးမိုးနိုင်ခဲ့သူ အမျိုးသမီးတစ်ဦးလည်း ဖြစ်ပါတယ်။

အိုလစ်ဖ်ယန်းဟာ မြန်မာနိုင်ငံ၊ ရှမ်းပြည်နယ်မြောက်ပိုင်းက ကိုးကန့်ဒေသအုပ်ချုပ်သူ တရုတ်မျိုးနွယ်စော်ဘွား Sao Yang Wen Pin ရဲ့ သားသမီး (၁၁) ဦး ထဲက တစ်ဦးဖြစ်ပါတယ်။ အိုလစ်ဖ်ယန်းကို ၁၉၂၇ ဇွန်လ (၂၄) ရက်နေ့မှာမွေးဖွားခဲ့ပြီး အသက် (၁၉) နှစ်မှာ ကိုးကန့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ကို စုစည်း တည်ထောင်ခဲ့ပါတယ်။

ဆွေမျိုးသားချင်းများရဲ့ ပြောဆိုချက်တွေအရ အိုလစ်ဖ်ယန်းဟာ လိင်တူလိင်ကွဲနှစ်မျိုးလုံးစိတ်ဝင်စားသူဖြစ်ကာ ငယ်စဉ်ကတည်းက ယောင်္ကျားလေးဝတ်စုံ တွေကိုပဲ ဝတ်လေ့ရှိပြီး သူ့အစ်ကိုရဲ့ ရည်းစားတွေနဲ့လည်း တွဲခုတ်တတ်သူတစ်ယောက် ဖြစ်ပါတယ်။

သမာရိုးကျမဟုတ်တဲ့သမီးဖြစ်သူကို စိတ်ပူလာကြတဲ့ ကိုးကန့်စော်ဘွားနဲ့ ဇနီးဖြစ်သူဟာ အိုလစ်ဖ်ယန်းကို သူ့ရဲ့ မောင်ဝမ်းကွဲဖြစ်သူနဲ့ လက်ထပ် ပေးခဲ့ပါတယ်။ ၁၉၅ဝ ခုနှစ်မှာ အိုလစ်ဖ်ယန်းဟာ Duan Jipu လို့ခေါ်တဲ့ သားတစ်ဦးကို မွေးဖွားခဲ့ပါတယ်။ ကလေးမွေးပြီးမကြာခင်မှာပဲ အိမ်ထောင်ရှင်မ အလုပ်ကို မပျော်ပိုက်တဲ့ အိုလစ်ဖ်ယန်းဟာ ခင်ပွန်းဖြစ်သူနဲ့ သားဖြစ်သူကိုစွန့်ပစ်ခဲ့ပြီး ဘိန်းကုန်ကူးတဲ့အလုပ်ကို စတင်လုပ်ကိုင်ပါတော့တယ်။ သားဖြစ်သူကို ဆွေမျိုးများကပဲ ကျွေးမွေးစောင့်ရှောက်ခဲ့ရပြီး လက်ရှိတော့ Duan Jipu က ထိုင်းနိုင်ငံ၊ ချင်းမိုင်မှာ ကျောင်းဆရာအဖြစ် လုပ်ကိုင်နေပါတယ်။

တိုင်းရင်းသားရိုးရာ လိင်ပိုင်းဆိုင်ရာ ကန့်သတ်ချက်တွေကို တွန်းလှန်ခဲ့တဲ့ အိုလစ်ဖ်ယန်းဟာ ဘိန်းကုန်ကူးရင်းကနေ ထင်ရှားတဲ့ စစ်ဘုရင်မတစ်ဦး ဖြစ်လာခဲ့တဲ့အပြင် အိုလစ်ဖ်ယန်းဟာ အသက် (၂၅) နှစ်အရွယ်နဲ့ မှောင်ခိုဘိန်းလမ်းကြောင်းကို ကာကွယ်ပေးတဲ့ စစ်သား ရာကျော်ရဲ့ ခေါင်းဆောင် ဖြစ်လာပါတယ်။ ဘိန်းတွေကို ထိုင်းနိုင်ငံကနေတစ်ဆင့် အမေရိကန်နဲ့ ဥရောပနိုင်ငံတွေကိုတင်ပို့ခဲ့ပြီး မြန်မာနိုင်ငံကို အာဖဂန်နစ္စတန်ကို ကျော်တက်စေကာ ဘိန်းကုန်ကူးမှု အများဆုံးနိုင်ငံအဖြစ် ရပ်တည်လာစေပါတော့တယ်။

ဒါ့အပြင် အိုလစ်ဖ်ယန်းဟာဟာ ချန်ကေရှိတ် (Chiang Kai-shek) ရဲ့ တရုတ်အမျိုးသားတပ်ဖွဲ့ ကူမင်တန် အကြွင်းအကျန်တွေနဲ့ ရင်းနှီးဆက်နွှယ်မှုရှိပြီး ဒီလို ကူမင်တန် တရုတ်ဖြူတပ်ဖွဲ့တွေနဲ့ ပူးပေါင်းတဲ့အတွက် မြန်မာအစိုးရက အိုလစ်ဖ်ယန်းကို အန္တရာယ်ရှိတဲ့ ရာဇဝတ်ကောင်အဖြစ် ရှုမြင်လာခဲ့ပါတော့တယ်။ အချိန်ကာလကလည်း စစ်အေးတိုက်ပွဲကာလဖြစ်တဲ့အတွက် မော်စီတုန်းရဲ့ ကွန်မြူနစ်တပ်ဖွဲ့တွေကို ဆန့်ကျင်တိုက်ခိုက်နေတဲ့ တရုတ်ဖြူ ကူမင်တန်တွေကို CIA က လက်နက်အင်အား လူသူအင်အား ထောက်ပံ့ပေးခဲ့ပါတယ်။

Operation Paper လို့ခေါ်တဲ့ လျှို့ဝှက်စစ်ဆင်ရေးအရ CIA က တရုတ်ဖြူတပ်ဖွဲ့တွေကို လက်နက်အင်အား ထောက်ပံ့ခဲ့ပြီး အိုလစ်ဖ်ယန်းနဲ့ တရုတ်ဖြူ တပ်ဖွဲ့တွေဟာ ဘိန်းရောင်းချရာကရတဲ့ငွေတွေကို ရန်ပုံငွေထားပြီး နိုင်ငံရေးပါ လုပ်လာကြတဲ့အတွက် “The Politics of Heroin” လို့ပါ အမည်တွင်ခဲ့ပါတယ်။တရုတ်ဖြူတွေ မြန်မာပိုင်နက်ထဲ ဝင်ရောက်ကျူးကျော်နေမှုနဲ့ ဘိန်းရာဇာ အိုလစ်ဖ်ယန်းကို CIA က ၁၉၅၂ မှာ လက်နက်ထောက်ပံ့နေတာကို မြန်မာအစိုးရက အထောက်အထားနဲ့တကွ ကုလသမဂ္ဂ အထွေထွေညီလာခံမှာ တိုင်ကြားခဲ့ပါသေးတယ်။ အိုလစ်ဖ်ယန်းဟာ ၁၉၅၃ မှာ ထိုင်းနိုင်ငံက လေယာဉ်ကွင်း တစ်ကွင်းကိုသွားပြီး ထိုင်ဝမ်ကလာတဲ့ C-47 လေယာဉ်နဲ့ပို့လိုက်တဲ့လက်နက်တွေကိုလည်း သွားယူခဲ့ပါသေးတယ်။ ထိုင်းနိုင်ငံက အပြန်မှာတော့ သူ့ကိုမျက်စိစပါးမွှေးစူးနေပြီဖြစ်တဲ့ မြန်မာအစိုးရဟာ အိုလစ်ဖ်ယန်းနဲ့ သူ့ရဲ့လက်ထောက် လော်စစ်ဟန် (Lo Hsing Han) တို့ကို ဖမ်းဆီးခဲ့ပါတယ်။ (လော်စစ်ဟန်ဟာ အနာဂတ်မှာ ဘိန်းဘုရင်ဖြစ်လာမဲ့သူဖြစ်ပြီး စီးပွားရေးသမားတစ်ဦးလည် းဖြစ်ပါတယ်)

မြန်မာအစိုးရက အိုလစ်ဖ်ယန်း နဲ့ လော်စစ်ဟန်တို့ကို တရုတ်ဖြူတွေ မြန်မာနယ်စပ်ဖြတ်ကျော်ရေးမှာ ကူညီခဲ့တဲ့အမှုနဲ့ မန္တလေးထောင်မှာ ထောင်ဒဏ် (၅) နှစ်စီ ချမှတ်ခဲ့ပြီး အဲဒီအကြိမ်ဟာ အိုလစ်ဖ်ယန်းနဲ့ လော်စစ်ဟန်တို့ ရဲ့ပထမဆုံ းထောင်ကျခြင်းလည်း ဖြစ်ပါတယ်။

ဒါပေမဲ့ လော်စစ်ဟန်ဟာ မြန်မာအစိုးရနဲ့ သဘောတူညီထားမှုတစ်ခုအရ အရှေ့တောင်အာရှတစ်ခွင်မှာ နာမည်ကျော် ဘိန်းရာဇာတစ်ဦး ဖြစ်လာခဲ့ပြီး မြန်မာအစိုးရက သူ့ကို ဘိန်းရောင်းဝယ်ခွင့်ပြုပေးခဲ့ပြီး အပြန်အလှန်အနေနဲ့ လော်စစ်ဟန်က သူပုန်တပ်ဖွဲ့တွေနဲ့ တိုက်ခိုက်နေတဲ့အစိုးရတပ်တွေကို ကူညီပေးရပါတယ်။

၁၉၅၉ ခုနှစ်မှာ အိုလစ်ဖ်ယန်း ရဲ့အစ်ကို ကိုးကန့်စော်ဘွား Edward Yang Kyein Sai နန်းစွန့်သွားချိန်မှာတော့ အိုလစ်ဖ်ယန်းဟာ ကိုးကန့်ဒေသ တစ်လျှောက် အာဏာပိုင်စိုးသူ ဖြစ်လာပါတော့တယ်။

လိင်တူလိင်ကွဲနှစ်မျိုးလုံးစိတ်ဝင်စားသူတစ်ယောက်ဖြစ်တဲ့ အိုလစ်ဖ်ယန်းဟာ မြန်မာသရုပ်ဆောင်မင်းသမီးတစ်ဦးဖြစ်သူ ဝါဝါဝင်းရွှေနဲ့လည်း ဆက်ဆံရေးတစ်ရပ်ရှိခဲ့တယ်လို့ ကျယ်ကျယ်ပြန့်ပြန့် သတင်းထွက်ခဲ့ဖူးပြီး ရန်ကုန်မှာရှိတဲ့ အိုလစ်ဖ်ယန်းရဲ့တိုက်ကို ဝါဝါဝင်းရွှေရဲ့ အမည်နဲ့ လွှဲပေးခဲ့ပါသေးတယ်။ ဒါပေမဲ့ ၂၀၁၅ ခုနှစ်က အင်တာဗျူးတစ်ခုမှာတော့ ဝါဝါဝင်းရွှေက အိုလစ်ဖ်ယန်းနဲ့ ဘာဆက်နွှယ်မှုမှ မရှိခဲ့ဖူးကြောင်း ငြင်းဆိုခဲ့ပါတယ်။

ဝါဝါဝင်းရွှေ

ဗိုလ်ချုပ်နေဝင်း အာဏာသိမ်းပြီး နောက်တစ်နှစ်ဖြစ်တဲ့ ၁၉၆၃ ခုနှစ်မှာ အိုလစ်ဖ်ယန်းကို မြန်မာအစိုးရက ထပ်မံဖမ်းဆီးခဲ့ပြီး ရန်ကုန်အင်းစိန်ထောင်မှာ ထောင်ဒဏ် (၆) နှစ် ချခဲ့ပါတယ်။ ထောင်ထဲမှာလည်း အာဏာပိုင်တွေက အိုလစ်ဖ်ယန်းကို ညှင်းပန်းနှိပ်စက်ခဲ့ကြောင်း သတင်းထွက်ပေါ်ခဲ့ပါတယ်။ ၁၉၈၉ ခုနှစ်၊ အိုလစ်ဖ်ယန်းအသက် (၆၀) ပြည့်တဲ့အချိန်မှာ သူ့ရဲ့ဘဝ အပြောင်းအလဲဖြစ်ခဲ့ပြီး အိုလစ်ဖ်ယန်းဟာ ရှမ်းပြည်နယ်မှာ လေးစားခြင်းခံရတဲ့ စစ်ဘုရင်ဖြစ်တာကြောင့် မြန်မာအစိုးရရဲ့ ထောက်လှမ်းရေးတပ်ဖွဲ့ အကြီးအကဲဖြစ်သူ ဦးခင်ညွန့်က အစိုးရနဲ့ သူပုန်တပ်ဖွဲ့တွေအကြား စေ့စပ်ပေးဖို့ ကမ်းလှမ်းခဲ့ပါတယ်။ ဒီလုပ်ဆောင်ချက်ဟာ အရာရောက်ခဲ့ပြီး ကိုးကန့်သူပုန်တပ်ဖွဲ့ဖြစ်တဲ့ Myanmar National Democratic Alliance Army နဲ့သာမက အိုလစ်ဖ်ယန်းရဲ့ ဆွေမျိုးတစ်ဦးဖြစ်သူ ဖုန်းကြားရှင် (Peng Jiasheng ) နဲ့ အစိုးရကြား ၂၀၀၉ ခုနှစ် တိုက်ပွဲမဖြစ်ခင်အထိ ငြိမ်းချမ်းရေး ခိုင်မြဲခဲ့တယ်လို့ ဆိုရမှာပါ။

မြန်မာနိုင်ငံက ရှမ်းပြည်နယ်တစ်ခွင်ကိုကိုင်လှုပ်နိုင်ခဲ့တဲ့ စစ်ဘုရင်မတစ်ဦးဖြစ်သူ အိုလစ်ဖ်ယန်းဟာ သူ့ဘဝနေဝင်ချိန်တွေကို ရှမ်းပြည်နယ် မြောက်ဘက်ပိုင်း၊ မူဆယ်မြို့က အိမ်တစ်အိမ်မှာ သူ့ရဲ့လင်ပါသားတစ်ယောက်၊ သစ္စာခံတပ်သားတွေနဲ့ပဲ မထင်မရှား နေထိုင်ဖြတ်သန်းသွားခဲ့ပါတယ်။ အိုလစ်ဖ်ယန်းဟာ ၂၀၁၅ ခုနှစ်မှာ လေဖြတ်သွားခဲ့ပြီး တပ်သားတွေနဲ့နေရတာ ပျော်တယ်လို့ ပြောဆိုခဲ့ဖူးပါတယ်။ ဝါဝါဝင်းရွှေ သူလွှဲပေးထားတဲ့အိမ်မှာ နေထိုင်နေတဲ့ဓာတ်ပုံကို အိုလစ်ဖ်ယန်းရှေ့ပြကြည့်တဲ့အခါမှာ အိုလစ်ဖ်ယန်းက ဟက်ဟက်ပက်ပက်ရယ်မောပြီး “That whole property was mine” (အကုန်လုံး ငါ့ဟာတွေချည်းပဲ) လို့ တရုတ်စီးကရက်တစ်လိပ်လက်ကြားညှပ်ရင်းပြောခဲ့ပါတယ်။

အိုလစ်ဖ်ယန်းဟာ ဇူလိုင်လ (၁၃) ရက်နေ့ ၂၀၁၇ ခုနှစ် အသက် (၉ဝ)အရွယ်မှာ မူဆယ်မှာပဲကွယ်လွန်သွားခဲ့ပြီး ကွယ်လွန်ချိန်မှာတော့ ညီမ (၂) ဦးနဲ့ သားဖြစ်သူတို့ ကျန်ခဲ့ပါတယ်။ အိုလစ်ဖ်ယန်းရဲ့ အုတ်ဂူက ကိုးကန့်အပြင်ဘက် မူဆယ်မြို့အနီးမှ ာရှိနေပါတယ်။ သူရဲ့ ကိုးကန့်တပ်ဖွဲ့တပ်သားတွေကတော့ အိုလစ်ဖ်ယန်း သေဆုံးမှုဟာ ကိုးကန့်နယ်သားတွေအတွက် ဝမ်းနည်းစရာဖြစ်တယ်လို့ ပြောဆိုခဲ့ကြပါတယ်။

Ref: Washington Post “Olive Yang, cross-dressing warlord and Burmese opium trafficker by Alice Dawkins”
Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top